Shan State Army (SSA) တပ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Shan State Army (SSA)
အစိုးရ တပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)တို့ စစ်ရေး အခြေအနေ တင်းမာနေကြသော ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်ရှိ တာဖာဆောင်ဒေသမှ အစိုးရတပ်များ ထွက်သွားပေးရန် တောင်းဆိုထားကြသော ဒေသခံတို့၏ လက်မှတ်များကို နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချူပ်နှင့် သက်ဆိုင်ရာဌာနများထံ ယခုတစ်ပတ်အတွင်း ပေးပို့သွားမည်ဟု ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (ယာယီ) ပြန်ကြားရေးတာဝန်ခံ ဦးစိုင်းလိုင်ခမ်းက မဇ်္ဈိမကို ပြောသည်။တာဖာဆောင်ရွာနှင့် အနီးနားဝန်းကျင်မှ ဒေသခံတို့ထံမှ လက်မှတ်ပေါင်း ၃၀၀ ကျော် ရရှိထားပြီဖြစ်ကာ အစိုးရတပ်များ ရွာအတွင်းမှ ပြန်ထွက်သွားရန်၊ အစိုးရတပ်များကြောင့် (တိုက်ပွဲများကြောင့်) ပျက်စီးဆုံးရှုံးသွားသော မြေယာသီးနှံများအတွက် လျှော်ကြေးပေးရန်နှင့် နှစ်ဖက်တပ်များ ရှိနေခြင်းကြောင့် လယ်ယာစိုက်ပျိုးခွင့် မရသေးသော လယ်များကို ပြန်စိုက်ခွင့်ပြုရန် စသည့်အချက်များ တောင်းဆိုထားသည်။
“ခုဆို နှစ်ဖက်တပ်တွေက ထပ်တိုးလာတယ်။ ရွာသားတွေ စိုက်ပျိုးရေး လုပ်ဖို့ကြတော့ နှစ်တပ်ကြားကို ပေးမ၀င်ကျဘူး။ ခုထိကို ရွာသားတွေက ၀မ်ဝပ်ရွာမှာ ခိုလှုံနေကြတုန်းပါ”ဟု ဦးစိုင်းလိုင်ခမ်းက ပြောသည်။
အဆိုပါ လက်မှတ်ထိုး တောင်းဆိုချက်များကို ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ(ယာယီ)နှင့် ရှမ်းလူငယ်ကွန်ရက်တို့က ပူးပေါင်းကောက်ယူနေခြင်း ဖြစ်သည်။
တာဖာဆောင်ရွာ တံတားအနီး အခြေချသော SSPP/SSA တပ်စခန်းနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၂)မှ ခလရ(၂၄၇)တို့ ဇွန်လ ၂၆ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ သြဂုတ်လ ၁၈ရက်အထိ နှစ်လခန့် ကြာမြင့်သည့်တိုင်အောင် နှစ်ဖက်တပ်များက တာဖာဆောင်တွင် တပ်စွဲထားဆဲဖြစ်သည်။
တိုက်ပွဲများကြောင့် တာဖာဆောင်ဒေသခံများသည် ၂ မိုင်ခန့်ဝေးသော ၀မ်ဝပ်ရွာနှင့် နီးစပ်ရာ ကျေးရွာများတွင် ထွက်ပြေးခဲ့ကြကာ လက်ရှိအချိန်ထိ ၀မ့်ဝပ်ရွာ ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ၆၃ခုမှ ၂၉၄ဦး နေထိုင်နေကြဆဲဖြစ်သည်။
ဇူလိုင်လအတွင်းက အစိုးရစစ်တပ်က တာဖာဆောင်ရွာသို့ ၀င်ထွက်ခွင့်ကို ပိတ်ဆို့ထားခဲ့သော်လည်း သြဂုတ်လတွင်
ပြန်လည်ခွင့်ပြုပေးခဲ့သည်။ ဇွန်လ ၂၆ရက် တိုက်ပွဲပြီးနောက်တွင် ကျေးသီးမြို့နယ် ဟာ့ဝမ် ကျေးရွာတွင် ဇူလိုင် ၂၀၊ ၂၁ရက်များနှင့် ၀မ့်ပွီးရွာတွင် သြဂုတ်လ ၈ရက်တွင် တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သေးသည်။
နှစ်ဖက်တပ်များ တပ်စွဲထားဆဲဖြစ်သော တာဖာဆောင် ကိစ္စကို အစိုးရအဖွဲ့နှင့် SSPP/SSA တို့ ဇူလိုင်လ ၈ ရက်က
နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း အစိုးရဘက်က SSPP/SSA ၏ တပ်များကို ဆုတ်ခွာပေးရန်ကိုသာ တောင်းဆိုခဲ့ကြောင်း SSPP/SSA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်စိုင်းက ဆိုသည်။
သို့သော် SSPP/SSA အဖွဲ့သားများ၏ ဆန္ဒအပြင် SSPP/SSA အနေဖြင့် စခန်းအများအပြားကို အစိုးရ၏ တောင်းဆိုမှုကြောင့် ဆုတ်ခွာခဲ့မှုများ အကြိမ်ကြိမ် ပြုလုပ်ပေးပြီး ဖြစ်ခြင်းကြောင့် ယခုအကြိမ်တွင်မူ တာဖာဆောင်ဒေသမှ ဆုတ်ခွာပေးတော့မည်မဟုတ်ဟု ဗိုလ်မှူးကြီး ခွန်ဆိုင်းက ဇူလိုင်လကုန်ပိုင်းက ပြောခဲ့သည်။
ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရေးထိုးထားခဲ့သည်။
လက်မှတ်ထိုးပြီးနောက် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ပထမအပတ်အတွင်း၌ SSPP/SSA နယ်မြေဖြစ်ည့် ဟွေလွတ်၊ တောင်ဟီးရိုးနှင့် ၇မိုင် စခန်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် သုံးမိုင်အကွာထိ ဆုတ်ခွာခဲ့ပေးရကြောင်းနှင့် ၂၀၁၄ခုနှစ်တွင်လည်း မိုင်းရှူးမြို့နယ် မိုင်းစံနှင့် ဟိုင်းပါကြား တာဆမ်ပူးနှင့် လွယ်ဆောင်ထောက်သေတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် SSPP/SSA ဆုတ်ခွာပေးခဲ့ရသည်။
တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၁၈ရက်က ထုတ်ပြန်ခဲ့သော SSPP/SSA ၏ ကြေငြာချက်တွင် ဇွန်လ ၂၇ရက်မှ စတင်၍ တာဖာဆောင်ဒေသတွင် ခလရ (၂၄၇) ၊ခလရ (၂၄၈) ၊ ခလရ (၂၉၄)၊ ခမရ (၅၁၆)၊ ခလရ(၂၈၇)၊ ခလရ (၉)၊ ခလရ (၁၂) စသော အစိုးရတပ်ရင်း ၇ ခု လှုပ်ရှားလျက်ရှိနေသည်ဟု ဖော်ပြထားသည်။
Monday, August 18, 2014
အစိုးရစစ်တပ်များ တာဖာဆောင်ဒေသမှ ထွက်သွားပေးရန် လက်မှတ်ထိုးတောင်းဆို
mizzimaburmese
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment