Monday, August 18, 2014

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှအပ ပြည်နယ်နှင့်တိုင်းများတွင် PR စနစ် ကျင့်သုံးရန် အမျိုးသားလွှတ်တော် ကော်မတီ ဆုံးဖြတ်

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး၌ အချိုးကျကိုယ်စားပြုစနစ် (PR) အသုံးပြုရန်အတွက် အမျိုးသားလွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီက ဆုံးဖြတ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

သြဂုတ်လ ၁၈ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှာကတော့ အခုလက်ရှိ သုံးနေတဲ့ FPTP (First Past The Post) စနစ် ပဲသုံးမယ်။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အားလုံးမှာ PR (Proportional Representation) စနစ်သုံးဖို့ ဆုံးဖြတ်တယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် PR စနစ် မကျင့်သုံးခြင်းမှာ အခြေခံဥပဒေခုံရုံးနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ကို ရှောင်ရှားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီဝင် ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကိုယ်စားလှယ် တစ်ဦးစီပဲ ရွေးချယ်ခွင့် ရှိတယ်လေ။ အခု အချိုးကျကိုယ်စားပြု စနစ်ဆိုရင် ကိုယ်စားလှယ် တစ်ဦးထက် ပိုရမယ်ဆိုတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ အခြေခံဥပဒေအရ FPTP ပဲ ဆက်သုံးရမယ့် သဘော ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်သော်လည်း ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းဆွေးနွေးခြင်းနှင့် အခြေခံဥပဒေခုံရုံးသို့ ပေးပို့ခြင်းများ ကျန်ရှိနေသောကြောင့် PR စနစ် ကျင့်သုံးရန်မှာ သေချာခြင်း မရှိသေးကြောင်း NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က ရှင်းပြသည်။

“ကျွန်တော်တို့က ကန့်ကွက်နေတာက PR စနစ်နဲ့ ပြိုင်ရမှာ ကြောက်လို့ မဟုတ်ဘူး။ တိုင်းရင်းသား ဒေသတွေ အများကြီးရှိတဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံညီညွတ်ရေးကို ထိခိုက်မှာ စိုးရိမ်တာပါ” ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄) အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း ပုဒ်မ ၁၄၁ (က) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက် တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပါရှိသည်။

အဆိုပါ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးရန်အတွက် အမျိုးသားလွှတ်တော်က အတည်ပြုထားပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသော PR စနစ်ကို အကောင်အထည်ဖော်ရန် ကိုယ်စားလှယ် ၃၆ ဦးပါ PR စနစ် အကောင်အထည်ဖော်ရေး ကော်မတီကို ဇွန်လ ဒုတိယပတ်အတွင်းက ဖွဲ့စည်းထားသည်။

The Voice Weekly

0 comments:

Post a Comment