သတင်းအချက်အလက် အတည်ပြုရန် အခက်အခဲဆုံး နေရာအဖြစ် မီဒီယာသမားများ သတ်မှတ်ထားသည့် အစိုးရဌာနဆိုင်ရာ အသီးသီး၏ တာဝန်ရှိသူများ အနေနှင့် ဌာနဆိုင်ရာ သတင်းများကို ရဲရဲဝံ့ဝံ့ ထုတ်ပြန်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဆောင်းပါးတစ်ရပ် ရေးသားတိုက်တွန်းလိုက်သည်။
နိုင်ငံပိုင် သတင်းစာများတွင် စက်တင်ဘာလ ၁၉ ရက်နေ့က ပါရှိသည့် မင်းဗထူး ကလောင်အမည်ဖြင့် ရေးသားသည့် နိုင်ငံရေးနှင့် မီဒီယာ ဆောင်းပါးတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
“သတင်းအချက်အလက် မှန်မမှန် တာဝန်ရှိသူထံ ဆက်သွယ်တယ်။ ဖြစ်နေကျအတိုင်း မအားသေးဘူး။ ဒါတော့ ပြောခွင့်မရှိဘူး၊ ဖြစ်လာရင် သတင်းသမားက ရေးတဲ့အခါ သတင်းလွဲမှားနိုင်ခြေ တိုးလာတယ်” ဟု မင်းဗထူး ကလောင်ဖြင့် ရေးသားထားသော ဆောင်းပါးတွင် ပြန်ကြားရေးဝန်ကြီးက သုံးသပ်ပြောကြားသည်။
သို့ဖြစ်၍ ဌာနဆိုင်ရာများ၏ ဆောင်ရွက်ချက်၊ အခက်အခဲ ပြဿနာများကို ပြည်သူလူထု ထင်သာမြင်သာ ရှိစေရန် ကြိုးစားတင်ပြရန် လိုကြောင်း၊ ယင်းမှာ တရားဝင် ပေးအပ်ထားသည့် တာဝန်ဖြစ်ပြီး ရှောင်လွှဲ၍ရသည့် အလုပ်မဟုတ်ကြောင်း ဦးအောင်ကြည်က ဆိုသည်။
ဌာနဆိုင်ရာသတင်းများ အတည်ပြုချက်ယူရာ၌ ခက်ခဲပြီး ယင်းကြောင့် သတင်းလွဲမှားနိုင်ခြေ မြင့်မားခြင်းမှာ မှန်ကန်ပြီး အစိုးရအဖွဲ့ စီနီယာဝန်ကြီးများက လစဉ် နီးပါး သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းနေသည့် အခြေအနေမျိုးတွင် သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူများကိုလည်း ဌာနအလိုက် တိတိကျကျ ပြန်ကြားနိုင်သူများကို ခန့်ထားသင့်ကြောင်း The Messenger နေ့စဉ် သတင်းစာမှ သတင်းထောက်ချုပ် ဦးသန်းထိုက်အောင်က မှတ်ချက်ပြုသည်။
သတင်းပြန်ကြားရေး တာဝန်ရှိသူများနှင့် သတင်းမီဒီယာများအကြား ယခုအချိန်သည် ကောင်းမွန်သည့် ဆက်ဆံရေး မရှိသေးဘဲ အဆိုပါ ပြောရေးဆိုခွင့် ရှိသူများသည် မီဒီယာများ၏ သဘောသဘာဝကို နားလည်ထားရန် လိုကြောင်း ၎င်းကဆိုသည်။
“မီဒီယာတွေက ပြည်သူသိချင်တာ မေးတယ်။ သူတို့က သူတို့ဘာလုပ်တယ် ဆိုတာပဲ ပြောချင်တယ်။ အဲဒါ ကွဲလွဲနေတာ” ဟု ဦးသန်းထိုက်အောင်က ရှင်းပြသည်။
သတင်းမီဒီယာများ အနေနှင့် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကိုသာ အဓိကထားပြီး ဌာနဆိုင်ရာ သတင်းအများစုကို အတည်ပြုနေရသဖြင့် ဌာနအသီးသီးအလိုက် အသေးစိတ် သတင်းအချက်အလက်များကို စုံစမ်းသည့်အခါ အခက်တွေ့ရကြောင်း၊ ယင်းအတွက် သတင်းပြန်ကြားရေး အရာရှိများ ထားရှိဖို့လိုကြောင်း မဇ္ဈိမ နေ့စဉ်သတင်းစာ၏ တာဝန်ခံ စာတည်းမှူး ဦးဇော်ထိုက်က ဆိုသည်။
ပြည်ထောင်စုဝန်ကြီးဌာန အသီးသီး၌ သတင်းထုတ်ပြန်ရေး အဖွဲ့များ ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့များ စွမ်းဆောင်ရည် မြှင့်တင်ရေး ဌာနအသီးသီးမှာ အရာထမ်း ၃၇၀ ကို ပြည်တွင်းပြည်ပ နည်းပြဆရာများဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် သင်တန်းပေးထားကြောင်း ဦးအောင်ကြည်က ပြောဆိုသည်။
ဝန်ကြီးဌာန အသီးသီးတွင် ပြောရေးဆိုခွင့်ရှိသူ ဆိုသူများ ခန့်ထားပြီး တရားဝင် ထုတ်ပြန်ထားသော်လည်း သတင်းထောက် မေးမြန်းသည့်အခါ ဖုန်းမကိုင်ခြင်း၊ ဖုန်းပိတ်ထားခြင်း၊ မအားခြင်း၊ အစည်းအဝေး တက်ရောက်နေသည်ဟု ပြန်ဖြေခြင်း၊ အထက်က မညွန်ကြားသေးကြောင်း ပြောဆိုခြင်း၊ စာဖြင့် ရေးသားမေးမြန်းရန် ပြောဆိုခြင်း၊ ဌာနတစ်ခုနှင့်တစ်ခု အပြန်အလှန် လွှဲချခြင်း စသည်တို့ နေ့စဉ်ကြုံတွေ့ရလေ့ ရှိသည်။
The Voice Weekly
0 comments:
Post a Comment