Thursday, September 26, 2013

အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးသာ လက်တွေ့ကျဟု KNU ပြောကြား

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီ အချို့က တောင်းဆိုနေသော အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲမှုကို သဘောမတူဘဲ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းသည်သာ လက်တွေ့ကျသော နိုင်ငံရေး ဖြေရှင်းမှုဟု ယုံကြည်ကြောင်း KNU အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသစ် ပြန်လည် ရေးဆွဲခြင်း ထက် ပြင်ဆင်ရေးဆွဲခြင်းသည် အစိုးရက ဖွင့်ပေးထားသော လမ်းကြောင်းအတိုင်း သွားခြင်း ဖြစ်သောကြောင့် ပိုမိုထိရောက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲပါက အစိုးရနှင့်ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အများကြီး ရှိပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC နှင့် UNA တို့ ပူးပေါင်းပြီး အခြေခံဥပဒေအသစ်ကို သြဂုတ်လအတွင်းက စတင် ရေးဆွဲခဲ့ပြီး ၂၀၁၄ တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသား ညီလာခံတွင် အစိုးရထံ တင်သွင်းမည် ဖြစ်ကြောင်း UNFC မှ ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက တိုင်းပြည် နောက်ကြောင်းပြန်လှည့် သွားနိုင်သောကြောင့် ပြင်ဆင် ရေးဆွဲခြင်းကိုသာ ဦးစားပေးသင့်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စက်တင်ဘာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်သားပါတီများနှင့် တွေ့ဆုံကာ အခြေခံဥပဒေ ပြင်ဆင်ရေး အချက်များကို ယခုလအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန် ချက်များအရ သိရသည်။

တောင်ကြီးမြို့တွင် သုံးရက်တိုင် ကျင်းပသော ရှမ်း၊ ကယား၊ မွန်တိုင်းရင်းသား ညီလာခံမှ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး KNU ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

(ဟိန်းသွင်ထက်)

The Voice Weekly

0 comments:

Post a Comment