Sunday, September 29, 2013

လက်ပံတောင်းတောင်အထိ လမ်းလျှောက်မည့်သူများ စစ်ကိုင်းတံတားကို ကျော်ဖြတ်

လယ်တီဆရာတော်ကြီးသီတင်းသုံးတော်မူခဲ့သော သိမ်တော်မပျောက်ပျက်စေရန်အတွက် လမ်းလျှောက် အဖွဲ့ များသည် မန္တလေးမြို့မှ နေ့လည်(၂)နာရီခွဲတွင်ထွက်ခွာသွားခဲ့ကြပြီး လက်ပန်တောင်းတောင်အထိ လျှောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင်(၇၀)ကျော်နှင့် သံဃာ(၃)ပါး ပါဝင်ပြီး ထိုအဖွဲ့ကို မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ရွှေရဲရင်းဘုရား၌အမရပူရမြို့နယ်ရဲမှူး ဦးရွှေပိုက တားဆီးခဲ့ကြောင်း သိရှိရသည်။ 

လမ်းလျှောက်ရန်အတွက် ခွင့်ပြုမိန့်မလျှောက်ထားသည့်အတွက် ဥပဒေနှင့်မညီ၍ တားဆီးခြင်းဖြစ်သည်ဟု အမရပူရမြို့နယ်ရဲမှူးဖြစ်သူ ဦးရွှေပိုက ပြောသည်။

“ ဥပဒေမှာ ကြိုတင်လျှောက်ထားရတယ် ၊ ကြိုတင်လျှောက်ထားပြီးခွင့်ပြုချက်ရမှသာလျှင် လမ်းလျှောက်လို့ ရမယ် ၊ ကြိုတင် မလျှောက်ထားပဲဒီလိုလူသုံးလေးဆယ်လျှောက်တယ်ဆိုတာ ဥပဒေကို ချိုးဖောက်တာပဲ ဖြစ်တယ် ” ဟုအမရပူရမြို့နယ်ရဲမှူး ဦးရွှေပိုက လမ်းလျှောက်မည့်အဖွဲ့များ အားတွေ့ဆုံပြောကြား ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြန်လည်စတင်တော့မည်ဖြစ်သည့်ကြေးနီတောင်စီမံကိန်းကြောင့် ပျောက်ကွယ်တော့မည်ဖြစ်သည့်လယ်တီဆရာတော်ကြီး၏ သိမ်တော် အတွက် လမ်းလျှောက်မည့် အစီအစဉ်ကို အရေးပေါ်ရေးဆွဲခဲ့ရခြင်းဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့တွင် လိုက်ပါလာသည့် ကိုစည်သူက ပြောသည်။

“ ကျွန်တော်တို့က ဒီနေရာမှာ ဥပဒေကို မလိုက်နာတာမဟုတ်ဘူး ၊ စက်တင်ဘာလ(၃၀)ရက်နေ့ဆို ဒီကြေးနီစီမံကိန်း က ပြန်စတော့မယ် ၊ ပြန်စတဲ့အခါကြရင်လက်ပတောင်းတောင်ကြေးနီစီမံကိန်းမှာရှိတဲ့ လယ်တီသိမ်ကြီးရဲ့ မူလ အတိုင်းတည်ရှိနေရေးအတွက် ကျွန်တော်တို့ ဒီကိုရောက်ရှိလာခြင်းဖြစ်ပါတယ် ” ဟု

ကိုစည်သူက လမ်းလျှောက်အဖွဲ့၏ ရည်ရွယ်ချက်ကို မီဒီယာများသို့ပြောကြားခဲ့သည်။

ထိုကဲ့သို့ လမ်းလျှောက်အဖွဲ့များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တို့အကြားနာရီဝက်ကြာညှိနှိုင်းခဲ့ပြီးနောက် စစ်ကိုင်းတံတားထိပ်ထိကားဖြင့်ထွက်ခွာရန် သဘောတူခဲ့ပြီး လမ်းလျှောက်အဖွဲ့မှာ ဆက်လက်လမ်းလျှောက်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ညနေ ၄း၃၀ ၀န်းကျင် စစ်ကိုင်းတံတားအရောက်၌ရဲတပ်ဖွဲ့ ၀င်များနှင့် လမ်းလျှောက်သူများအကြား ထပ်မံ ၍အလျော့အတင်းပြုခဲ့ကြောင်းနှင့် လမ်းလျှောက်သူ အချို့ကို လက်ထိပ်ခတ်သည့်အဆင့်အထိ ဖြစ်ပြီးမှ ဆက်လက် ထွက်ခွာပြုခဲ့ခြင်းဖြစ်သည်ဟုလမ်းလျှောက်သူများ ထံမှ သိရှိရသည်။

Myit Ma Kha Media Group.

0 comments:

Post a Comment