Wednesday, September 25, 2013

နောင်အစိုးရလက်ထက် များတွင်လည်း လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဆက်လက် ရှိနေမည်ဟု လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပြောကြား

လွှတ်တော်များ သက်တမ်းကုန်သွားပြီး နောင်အစိုးရ လက်ထက်များတွင်လည်း လယ်ယာမြေ သိမ်းဆည်းခံရမှု ပြဿနာများ ဆက်လက် ရှိနေမည်ဟု ပြည်ထောင်စု လွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားသည်။

စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် (ယခင် COD ၀င်းအဖြစ် အသုံးပြုခဲ့သည့် မြေကွက်များ) နှင့် ပတ်သက်၍ ပြန်လည် ခံစားခွင့်ပေးရန် လျောက်ထားလာခြင်း ကိစ္စများကို သက်ဆိုင်ရာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ လွှတ်တော် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် နစ်နာသူများ တွေ့ဆုံဆွေးနွေးစဉ် ဦးခိုင်မောင်ရည်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ''ကျွန်တော်ထင်ပါတယ်။ အခုလွှတ်တော်က ငါးနှစ်သက်တမ်းရှိတယ်။ နောက်ထပ် နှစ်နှစ်ကျော်ကျော် ကျန်တယ်။ အဲဒါအပြင် အဲဒီလွှတ်တော် သက်တမ်းက ကုန်သွားမယ်။ လယ်ယာမြေ ကိစ္စတွေက ကုန်ဦးမှာ မဟုတ်ဘူး။ နောက်အစိုးရ လက်ထက်မှာလည်း ရှိနေဦးမှာပဲ။ ဒါပေမဲ့ အရင်ကိစ္စ၊ အရင်အစိုးရ လက်ထက်က ရှိခဲ့တဲ့ကိစ္စတွေ အခုအချိန်မှာ အားလုံး ကျွန်တော်တို့ ခေါင်းပေါ်ပုံကျတယ်။ ကျွန်တော်တို့က ပျော်ပျော်ကြီးလုပ်တယ်'' ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင် အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ လယ်ယာမြေ သိမ်းဆည်းခြင်း ပြဿနာများဆိုင်ရာ အစီရင်ခံစာ အပိုင်း ၃ ကို တင်သွင်းထားပြီး ဖြစ်သည်။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာပါ အကြောင်းအရာများကို အမြန်ဆုံး ဖြေရှင်းပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာန အသီးသီးက ဆောင်ရွက်လျက်ရှိပြီး တပ်မတော် သိမ်းဆည်းခဲ့သော လယ်မြေများအနက် အချို့ကို ပြန်လည်အပ်နှံပြီး ဖြစ်ကြောင်း သိရသည်။

တောင်သူ လယ်သမားများသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအပေါ် ယုံကြည်မှု လျော့နည်းကျဆင်း နေသဖြင့် မြေယာပြဿနာများကို အချိန်ဆွဲ ဖြေရှင်းခြင်း မပြုဘဲ ပြန်လည်ပေးကြ စေလိုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတထံ သြဂုတ် ၂၉ ရက်က သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

Eleven Media Group

0 comments:

Post a Comment