Sunday, September 29, 2013

ဆီးဂိမ်းအတွက် မန္တလေးတွင် အထူးလုံခြုံရေးအဖွဲ့ ဖွဲ့မည်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် မန္တလေးမြို့တွင် သီးသန့်လုံခြုံရေးပေးရန် “အထူးလုံခြုံရေး အဖွဲ့” ကို ဖွဲ့စည်းရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒု-ရဲမှူးက ပြောသည်။

ယင်းအထူးလုံခြုံရေးအဖွဲ့သည် လက်ရှိ မန္တလေးမြို့တွင် လုံခြုံရေး တာဝန်ယူမှုများနှင့် ကွဲပြားသွားစေရန် သီးခြား ဖွဲ့စည်းမည်ဖြစ်ကြောင်း ဒု-ရဲမှူးက ပြောသည်။

“အခုလို သီးသန့်ဖွဲ့စည်းလိုက်တော့ လုံခြုံရေးပိုပြီး လုပ်နိုင်တယ်။ နောက်တစ်ခုက လိုအပ်တဲ့အခါ အချိန်နဲ့ တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနိုင်မယ်။ ကျွန်တော်တို့တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာပဲ ဆီးဂိမ်းရဲတပ်ဖွဲ့ဆိုပြီး သီးသန့်ဖွဲ့စည်းသွားမှာပါ”ဟု အထက်ပါပုဂ်္ဂိုလ်က ပြောသည်။

ဆီးဂိမ်းလုံခြုံရေးယူသော ရဲတပ်ဖွဲ့များအား လက်ရှိ ၀န်ထမ်းကတ်များအပြင် ဆီးဂိမ်းအတွက် သီးသန့်ကတ်များပြုလုပ်ရန် သက်ဆိုင်ရာအရာရှိများက နေပြည်တော်သို့ သွားရောက်နေပြီဖြစ်သည်။ လက်ရှိ နယ်မြေခံရဲများကလည်း လုံခြုံရေးအတွက် ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

ဆီးဂိမ်းကာလ၌ ယာဉ်ကြောပိတ်ဆို့မှုများကို ရှင်းလင်းရန်အတွက်မူ ထိုသို့ သီးသန့်အစီအစဉ် မရှိသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ကိုင်နေသည်ဟု အမှတ်(၁၁) ယာဉ်ထိမ်းရဲတပ်ဖွဲ့မှ သိရသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တို့တွင် ကျင်းပမည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment