Sunday, September 29, 2013

ကြားဖြတ်အစိုးရအုပ်ချုပ်မှုကို လာမည့်နွေးဦးတွင် အဆုံးသတ်မည်ဟု အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ပြော

အီဂျစ်တွင် ကြားဖြတ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှုကို လာမည့်နွေဦးကာလတွင် အဆုံးသတ်နိုင်ကြောင်းအီဂျစ် နိုင်ငံခြားရေးဝန်ကြီး Nabil ‪Fahmyu‬ စနေနေ့က ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်က အေအက် ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

အီဂျစ်တွင် ရွေးကောက်ခံသမ်္မတ မိုဟာမက်မော်စီကို ဇူလိုင်လအတွင်းက စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် ကြားဖြတ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အီဂျစ်တွင် မွတ်စလင်ညီအစ်ကိုများ အဖွဲ့ခေါင်းဆောင်မော်စီ၏ တစ်နှစ်ကြာအုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ပြီးနောက် မော်စီအစိုးရအဖွဲ့ကို ဗိုလ်ချုပ်အက်ဘ်ဒယ်လ်ဖက်တားအယ်လ်စစ်စီ (Abdel Fattah al-Sisi) ခေါင်းဆောင်သည့် အီဂျစ်စစ်တပ်က ဇူလိုင်လ ၃ ရက်တွင် ဖြုတ်ချခဲ့ သည်။
ထို့နောက်တွင် ကြားဖြတ်အစိုးရ တစ်ရပ်ဖွဲ့စည်းခန့်အပ်ခဲ့ကာ ရွေးကောက်ပွဲသစ် ကျင်းပရေးအတွက် အပြောင်းအလဲကာလ လမ်းပြမြေပုံတစ်ရပ်ကို ကြေညာခဲ့သည်။

“လမ်းကြောင်း တော်တော်များများမှာ လမ်းပြမြေပုံနဲ့အညီ လုပ်နေပါတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံတစ်ရပ်အဖြစ်၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ရေးဆွဲနေတဲ့နေရာမှာ အခုအချိန်ထိတော့ အောင်မြင်နေပါတယ်” ဟု ‪‎Fahmy‬ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည်။

“ပြီးရင် ပါလီမန်ရွေးကောက်ပွဲကို ကျင်းပပါမယ်။ အဲဒီ့နောက်မှာ သမ္မတရွေးကောက်ပွဲကို ကျင်းပပါမယ်။ ဒါဆိုရင် လာမယ့်နွေဦးမှာ အပြောင်းအလဲကာလ ပြီးဆုံးမှာဖြစ်ပါတယ်” ဟု သူကဆိုခဲ့သည်။

မော်စီ၏လက်ထက်က အစ္စလာမ်မစ် များလွှမ်းမိုးခဲ့သည့် လွှတ်တော်တွင် ရေးဆွဲခဲ့သည့် အခြေခံဥပဒေကို အီဂျစ် ကြားဖြတ်အစိုးရက ပြောင်းလဲပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိနေသည်။ မော်စီလက်ထက်က ရေး ဆွဲခဲ့သည့် အခြေခံဥပဒေသည် လူ့အခွင့်အရေးများနှင့် အီဂျစ်နိုင်ငံ၏ ထွေပြားသော လူ့အဖွဲ့အစည်းကို ကာကွယ်ပေးနိုင်စွမ်းမရှိဟု မော်စီ၏ ပြိုင်ဘက်အုပ်စုများက ရှုမြင်ကြသည်။

မော်စီအား ရာထူးအာဏာမှ ဖြုတ်ချပြီးနောက်ပိုင်းတွင် မော်စီထောက်ခံရေး သမားများ၏ ဆန္ဒပြပွဲများ၊ ရဲတပ်ဖွဲ့များက သွေးထွက်သံယို ဖြိုခွင်းမှုများ၊ ရဲစခန်းနှင့် ခရစ်ယာန် ဘုရားကျောင်းများကို ရန်လိုသူများက တိုက်ခိုက်မှုများ စသည်ဖြင့် ဖြစ်ပွားခဲ့ရာ အီဂျစ်နိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးသော အကြမ်းဖက်မှုများပင် ဖြစ်သည်။

ကိုင်ရိုမြို့တွင် သြဂုတ်လ ၁၄ ရက်က မော်စီထောက်ခံရေး သပိတ်စခန်းနှစ်ခုကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ များက ဖြိုခွင်းခဲ့သည့် အချိန်မှ စတင်ရေတွက်လျှင် ပဋိပက်္ခများကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

အီဂျစ် ကြားဖြတ်အစိုးရက တစ်လသက် တမ်းရှိသည့် အရေးပေါ်ဥပဒေနှင့် ညမထွက်ရအမိန့်တို့ကို ထုတ် ပြန်ခဲ့သည်။ စက်တင်ဘာလတွင် ထိုအရေးပေါ်ဥပဒေကို ထပ်မံသက်တမ်းတိုးခဲ့သည်။

မော်စီ၏ မွတ်စလင်ညီအစ်ကိုများ အဖွဲ့ကိုလည်း တားမြစ်ပိတ်ပင်လိုက်သည်။ ထိုအဖွဲ့သည် အကြမ်းဖက်မှုများနှင့် သွေးထိုးမှုများ ပြုလုပ်နေသည်ဟု ကြားဖြတ်အစိုးရက စွပ်စွဲကာ ပိတ်ပင်တားမြစ်လိုက်ခြင်း ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment