Sunday, September 29, 2013

မြို့ပတ်ရထားပြေးဆွဲမှု တစ်နေ့လျှင် ကျပ်၂၅ သိန်းခန့် အရှုံးခံနေရဟု ဆို

ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော မြို့ပတ်ရထားကို တစ်နေ့လျှင် ကျပ်၂၅ သိန်းခန့် အရှုံးခံပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက စက်တင်ဘာ၂၉ ရက်တွင် ပြောသည်။

ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်သည့် အထူး မြို့ပတ်ရထားသစ် ပြေးဆွဲသည့် ဖွင့်ပွဲ အခမ်းအနားတွင် ဖြစ်ပြီး ရန်ကုန်မြို့ သွားလာရေးအတွက် ပြေးဆွဲပေးနေသော မြို့ပတ်ရထား လိုင်းမှာ တစ်နေ့လျှင် ကျပ်၂၅ သိန်းခန့် အရှုံးရှိနေသည်ဟု ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် “မြို့ပတ်မီးရထား တစ်ခေါက်ပြေးဆွဲရင် ဒီဇယ် ၇၅ ဂါလံ သုံးစွဲ ရတယ်။
ငွေကြေးစရိတ် ၂၆၀,၀၀၀ ကျော် ကုန်ကျ စရိတ်ရှိတယ်။ ပြန်ရတဲ့ စရိတ်နဲ့ တွက်ရင် တစ်ခေါက် ပြေးဆွဲရင် ငွေကျပ် တစ်သိန်းကျော် ရှုံးနေတာ ရှိတယ်”ဟု ပြောသည်။

မြို့ပတ်ရထားပြေးဆွဲမှုသည် တစ်နေ့လျှင် ခေါက်ရေ ၂၀ ခန့် ပြေးဆွဲပေးနေပြီး တစ်ခေါက်လျှင် တစ်သိန်းကျော် အရှုံးခံ ပြေးဆွဲနေခြင်းဖြစ်သည်။

လက်ရှိ မြို့ပတ်ရထားများအပြင် အောက်တိုဘာ ၅ ရက်တွင် ဂျပန်နိုင်ငံမှ ၀ယ်ယူထားသော အထူး မြို့ပတ်ရထားသစ်ကို စတင်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အဆိုပါ မြို့ပတ်ရထားအသစ်ကို ၂၀၁၁ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ယမ်းငွေ ၈၆၇၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၉၀၀ ခန့်) ဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အထူး မြို့ပတ်ရထားသစ်တွင် အဲကွန်းစနစ်ပါဝင်ပြီး ထိုင်ခုံ ၃၃၂ ခုံရှိကာ လူစီးသီးသန့် ပြေးဆွဲသွားမည်ဖြစ်ရာ ပြည်တွင်းခရီသွားတစ်ဦးကို လက်မှတ်နှုန်းခ ကျပ် ၄၀၀၊ နိုင်ငံခြားသား ခရီးသွားတစ်ဦးကို နှစ်ဒေါ်လာဖြင့် သတ်မှတ်ကာ ပြေးဆွဲသွားမည်ဖြစ်သည်။ လက်ရှိပြေးဆွဲနေသော မြို့ပတ်ရထားများ၏ ခရီးစဉ်တစ်ခေါက် ဈေးနှုန်းမှာ ကျပ် ၂၀၀ ဖြစ်သည်။

လက်ရှိ ရန်ကုန်တွင် ပြေးဆွဲနေသည့် မြို့ပတ်ရထား အစီး ၂၀၀ ရှိပြီး တစ်နိုင်ငံလုံး ပြေးဆွဲနေသည့် မီးရထား အစီးရေ ၄၀၀ ရှိသည်။ ရန်ကုန်တွင် မြို့ပတ်ရထားစီးနင်းသည့် ခရီးသည်အရေအတွက်မှာ တစ်နေ့လျှင် ပြည်တွင်းခရီးသွား ၉၀,၀၀၀ နှင့် နိုင်ငံခြားသားခရီးသွား ၅၀ ခန့် ရှိသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို အဆင့်မြှင့်တင်ရန်အတွက် ကျပ် ၁ ဒသမ ၇ ဘီလီယံသုံးစွဲရန် လျာထားပြီး ရန်ကုန်-တောင်ငူ မီးရထားလမ်းတစ်လျှောက်ကို ကနဦး အဆင့်မြင့်တင်ရမည် ဖြစ်သည်ဟုလည်း ၀န်ကြီးဌာနမှ သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment