Monday, September 30, 2013

မစုစုနွေး ပို့စ်နဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေး ပြောဆိုချက်

NLD ပါတီ ငွေရတု အခမ်းအနားနေ့က ရုံးရှေ့ရောက် မစုစုနွေး၊ ဓာတ်ပုံ- Su Su Nway 

ပြီးခဲ့တဲ့ စင်တင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ NLD ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားကို လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး တက်ရောက်ခွင့်မရတာနဲ့ပတ်သက်ပြီး မစုစုနွေးက သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်  ပို့စ်တခု တင်ခဲ့တာအပေါ် NLD ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်တဲ့ ဦးကြည်တိုး က သူ့ဖေ့စ်ဘုတ်ကတဆင့် အခုလို ရေးသား တင်ပြထားပါတယ်။  

မစုစုနွေးတင်ထားတဲ့ "၀င်ခွင့်မရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ငွေရတု အခမ်းအနား" ဆိုတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ပေးကြတဲ့မှတ်ချက်များစွာကို ဖတ်ကြည့်ပြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ 

အဖွဲ့ချုပ်ရုံးချုပ်အဆောက်အဦးအကျယ်အ၀န်းကိုတော့ အားလုံးသိပြီးသားပါ။ အဖွဲ့ချုပ်အနေနဲ့ ဒီငွေရတု အခမ်းအနားကို ကျယ်ဝန်းသော နေရာတစ်ခုခုမှာ ငှားရမ်းအသုံးပြုလို့ရနိုင်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပချင်ကြပါတယ်။ ဒါပေမဲ့ ကျတော်တို့ တမင်မလုပ်ခဲ့တာပါ။ 

အဲဒီအတွက်ကုန်ကျမဲ့ သိန်းရာချီငွေတွေကို အလှုရှင်ရှိခဲ့ရင်တောင် အဖွဲ့ချုပ်နဲ့ ဆက်စပ်နေတဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကွန်ယက်များမှတဆင့် တကယ်လိုအပ်နေတဲ့ပြည်သူတွေ အတွက်သုံးမှာဖြစ်တဲ့ အတွက် ကျတော်တို့ အဖွဲ့ချုပ်ရဲ့ ၂၅ နှစ်ပြည့်ငွေရတုပွဲလေးကို ခပ်ကျဉ်းကျဉ်းလေးပဲစီစဉ်ခဲ့ပါတယ်။ 

အဲဒီအခမ်းအနားကို အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်သံတမန်များကိုသာ ဖိတ်စာနှင့် တကွ ဖိတ်ကြားခဲ့ပါတယ်။ 

အတွင်းမှာရှိနေတဲ့ အဖွဲ့ဝင်များဟာ အဲဒီနေ့အတွက် တာဝန်ကျတဲ့သူများသာ ဖြစ်ပါတယ်။ ၂၆ ရက်နေ့က ရုံးချုပ်မှာ အစည်းအဝေးလာတက်နေတဲ့ ရပ်ဝေးက တိုင်းနှင့်ပြည်နယ် ဥက္ကဌနဲ့အတွင်းရေးမှုးတောင် နေရာ မပေးနိုင်ခဲ့ပါဘူး။ 

အပြင်မှာပဲ အဖွဲ့ဝင်တွေ ပြည်သူလူထုတွေနဲ့ တသားတည်း နေကြ အားပေးခဲ့ကြရပါတယ်။ ဟုတ်ပါတယ်။ အဖွဲ့ချုပ်ကိုအဖိနှိပ်အချုပ်ခြယ်ခံ ဘ၀တွေမှာ တစ်သားတည်း ကျောချင်းကပ်လို့ ကြံ့ကြံ့ခံခဲ့ကြတဲ့ ဘ၀တွေ
ပေးဆပ်ခဲ့ကြရတဲ့ အဖွဲ့ဝင်ဟောင်းတွေအားလုံး ခုလိုပွဲမှာ အားပေးချင်ကြ တာပေါ့။ 

အဖွဲ့ချုပ်ကိုအားပေးတဲ့ထောက်ခံတဲ့ ပြည်သူပြည်သား အယုတ်အလတ်အမြတ်မရွေး တက်ချင်ကြတာပေါ့။ ပါဝင်ဆင်နွဲချင်ကြတာပေါ့။ မပြည့်ဝလိုက်တဲ့ ဆန္ဒကြောင့် ခံစားချက်တွေကိုလည်း နားလည်စာနာမိပါတယ်။ 

မစုစုနွေး ယခုလို ခံစားချက်တွေကို ထုတ်ဖေါ်လိုက်မိတာကိုလည်း နားလည်ပါတယ်။ စာနာမိပါတယ်။ 

မစုစုနွေးခင်ဗျာ၊ လုံခြုံရေးတာဝန်ယူထားရတဲ့ကလေးတွေကို လည်းနားလည်ပေးပါ၊စာနာပေးပါ၊ သူတို့ အဖွဲ့ဝင်အသစ်ဖြစ် ချင်ဖြစ်ပါလိမ့်မယ်။ အဖွဲ့ဝင်ဟောင်းတွေကို မသိတာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ 

သတိပြုစေချင်တာတစ်ချက်ကတော့ သူတို့တာဝန်ထမ်းဆောင်နေတာပါ။ အမူအယာ၊အပြောအဆို အားနည်းချက်ရှိရင်လည်း မစုစုနွေးက ကိုယ့်ဘ၀တစ်ခုလုံး အဖွဲ့ချုပ်အတွက် ဒေါ်အောင်ဆန်းစုကြည် အတွက် ဒီမိုကရေစီအရေးတော်ပုံအတွက် ပေးဆပ်အနစ်နာခံခဲ့သူပဲဗျာ။ နားလည်ပေးလိုက်ပါ။ 

စာနာမှုပေးလိုက်ပါ။ အဖွဲ့ချုပ်က သက်သာ ချောမွေ့ ဖြောင့်ဖြူးတဲ့လမ်းပေါ်မှာ အညိမ့်သားလျှောက်နေပြီလို့ မစုစုနွေးမြင်နေရင်တော့၊ ငါတို့က အနစ်နာခံခဲ့ရတာ သူတို့က အခွင့်သားယူလို့ဆိုတဲ့ အတွေးများ ၀င်နေ တယ်ဆိုရင်တော့ အဲဒါ လုံးဝမှားတယ်လို့ ကျတော်ရဲရဲကြီးပြောလိုက်ပါရစေ။ 

ဒီမိုကရေစီတိုက်ပွဲကြီးမပြီးသေးပါဘူး။ တိုက်ပွဲနည်းဗျူဟာနဲ့အသွင်သဏ္ဍန်သာပြောင်းလဲနေတာပါ။ ကျတော်တို့ မစုစုနွေးတို့လို အဖွဲ့ဝင်ဟောင်းတွေ၊ အဖွဲ့ဝင်သစ်တွေအားလုံး အတူတကွ ကျောခြင်းကပ်၊ ရင်ခြင်းအပ်လို့ ဆက်လက်တိုက်ပွဲဝင်ကြရအုန်းမယ်။ 

ဒီလိုအချိန်မျိုးမှာ မစုစုနွေး အမှတ်တမဲ့ ရည်ရွယ် ချက်မဲ့ တင်လိုက်မိတယ့် ပို့စ်ကို အမြတ်ထုတ်ပြီး နည်း အမျိုးမျိုးနဲ့ အဖွဲ့ချုပ်ကိုတိုက်ခိုက်လာကြတာကို မစုစုနွေး သဘောကျနေမယ်လို့ ကျတော်မထင်ပါဘူး။ 

ကျတော်တို့အနစ်နာခံခဲ့ကြရတယ်ဆိုရင်တောင်မှ အဲဒါဟာ ကျတော်တို့ ချစ်မြတ်နိုးစွာရွေးချယ်ခဲ့တဲ့ ခရောင်း လမ်းပါ။ 

အန်တီကိုယ်တိုင်တောင် မနေသာလွန်းလို့ ဒီစကားကိုပြောပြီးသားပါ။ ငွေရတုအခမ်းအနားသို့ တက်ရောက် ခွင့်မရကြတဲ့ အဖွဲ့ဝင်များ၊ ပြည်သူများအနေနဲ့ ရုံးအပြင်လမ်းမပေါ်ကနေ မိုးသဲသဲထဲမှာ တခဲနက်ထောက်ခံ အားပေးမှုပြသခဲ့တာကိုလည်း လေးစားစွာ မှတ်တမ်းတင်လိုက်ပါရစေ။ 

လေးစားမှုဖြင့် 

ကြည်တိုး 

ဗဟိုပြန်ကြားရေး 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 

ဧရာဝတီblog

0 comments:

Post a Comment