Thursday, September 26, 2013

ယခင်အစိုးရ လက်ထက်ကတည်းက လေလံဆွဲထားသည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ များအတွက် ပေးသွင်းရမည့် ကျပ်သန်းပေါင်း ၄၂၁၀၀ ကျော်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ မသွင်းသေးသူ များလည်းရှိနေ

နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အအုံ များအား ၂၀၁၁ ခုနှစ်ကတည်းက လေလံဆွဲ ၀ယ်ယူထားပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့် မြေကွက်နှင့် အဆောက်အအုံ တန်ဖိုးကျပ်သန်းပေါင်း ၄၂၁၀၀ ကျော်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ရောက်မှသာ ပေးသွင်းသည့် လုပ်ငန်းရှင်များ ရှိကြောင်းနှင့် ယခုအထိ မသွင်းရသေးသူအချို့ ကျန်ရှိနေသေးကြောင်း ထို့အတွက် နိုင်ငံ့ဘဏ္ဍာမှာ များစွာနစ်နာလျက် ရှိသည်ဟု သတင်းရရှိသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့မီးရထားပိုင် မြေကွက်နှင့် အဆောက်အအုံများကို နိုင်ငံပိုင် သိမ်းဆည်းထားသော ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင့် မြေယာကွက်များ စီမံခန့်ခွဲမှု ကော်မတီသို့ အပ်နှံကာ တင်ဒါခေါ်ယူ ရောင်းချရာ၌ မြေကွက်နှင့် အဆောက်အအုံ ငါးခုအတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့် တန်ဖိုးငွေထဲမှ ကျပ်သန်းပေါင်း ၄၂၁၀၀ ကျော်မှာ အကြွေးကျန် နေခဲ့ကြောင်း၊ အကျေမပေးသွင်းဘဲ အကြွေးထားသည့် ကျပ်သန်းပေါင်း ၄၂၁၀၀ မှ ကျပ်သန်းပေါင်း ၃၆၀၀၀ ၀န်းကျင်ကိုမူ ၂၀၁၃ ခုနှစ် စက်တင်ဘာလရောက်မှ ပေးသွင်းကြောင်း၊ ယခုအချိန်တွင် မြေကွက်နှင့် အဆောက်အအုံ တစ်ခုအတွက် အကြွေးကျန်သည့် ကျပ်သန်းပေါင်း ၆၁၀၀ ကျော်ကိုမူ စက်တင်ဘာ ၂၆ ရက်အထိ မသွင်းသေးကြောင်း သိရသည်။

နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များကို တင်ဒါခေါ်စဉ်က စည်းကမ်းချက်များ သတ်မှတ်ထားရာတွင် သတ်မှတ် ကာလအတွင်း ငွေအကျေ မပေးသွင်းပါက မြေနှင့်အဆောက်အဦ တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ပိုငွေကို ပြန်ပေးကာ ၀ယ်ယူခွင့်ကို ပယ်ဖျက်မည် ဟူသော စည်းကမ်းချက်ဖြင့် တင်ဒါခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လက်ရှိ မပေးသွင်းသူများမှာ တင်ဒါစည်းမျဉ်းအရ ပေးသွင်းရန် သတ်မှတ်ထားသည့် ကာလထက် တစ်နှစ်ကျော် နှစ်နှစ်အထိပင် ကျော်လွန်သည်အထိ ဖောက်ဖျက်ထားခြင်း ဖြစ်ကြောင်း၊ ထိုသို့တင်ဒါ စည်းမျဉ်း ဖောက်ဖျက်ထားသော်လည်း ချမှတ်ရမည့် ပြစ်ဒဏ်၊ ငွေကြေးစည်းကမ်း ချက်များဖြင့် အရေးယူခြင်း မပြုဘဲ ပေးသွင်းရန် နှိုးဆော်စာများဖြင့်သာ အကြိမ်ကြိမ် တောင်းခံခဲ့ရခြင်းဟုလည်း စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ လယ်ပိုင်းအထိ အလုံလမ်းရှိ ခြံအမှတ် ၂၁၅ အတွက် ပေးသွင်းရန် ကျန်သည့်ငွေမှာ ကျပ်သန်းပေါင်း ၆၅၅၀ ကျော်၊ အလုံလမ်း ခြံအမှတ် ၂၃၁ အတွက် ပေးသွင်းရန် ကျန်သည့်ငွေမှာ ကျပ်သန်းပေါင်း ၁၃၁၀၀ ကျော်၊ အလုံလမ်း ခြံအမှတ် ၂၂၁ အတွက် ပေးသွင်းရန် ကျန်ငွေမှာ ကျပ်သန်းပေါင်း ၉၀၀၀ ကျော်၊ ဗဟိုလမ်း ခြံအမှတ် ၈၃ အတွက် ပေးသွင်းရန် ကျန်ငွေမှာ ကျပ်သန်းပေါင်း ၆၁၀၀ ကျော်နှင့် အင်းစိန်လမ်း အမှတ် ၁၂၈ အတွက် ပေးသွင်းရန် ကျန်ငွေမှာ ကျပ်သန်းပေါင်း ၇၃၅၀ ကျော်ဖြစ်ပြီး စုစုပေါင်း ကျပ်သန်းပေါင်း ၄၂၁၀၀ ကျော် ကျန်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကျန်ရှိရာမှ ၂၀၁၃ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၂၅ ရက် မတိုင်မီ ကြားကာလအတွင်း အလုံလမ်းရှိ ခြံအမှတ် ၂၁၅၊ ၂၃၁၊ ၂၂၁ နှင့် အင်းစိန်လမ်းရှိ အမှတ် ၁၂၈ မြေကွက်၊ မြေကွက်နှင့် အဆောက်အအုံ လေးခုအတွက် အကြေပေးသွင်းမှု ပြုခဲ့ကြောင်း၊ စက်တင်ဘာ ၂၅ ရက်အထိ ဗဟိုလမ်းရှိ ခြံအမှတ် ၈၃ အတွက် ပေးသွင်းခြင်း မပြုကြသေးကြောင်း သိရသည်။

သက်ဆိုင်ရာ ၀န်ကြီးဌာနမှ လေလံတင်ခြင်း မဟုတ်ဘဲ နိုင်ငံတော်ပိုင် အဆောက်အဦများ ရောင်းချရေး ကော်မတီသို့ အပ်နှံကာ လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ၀န်ကြီးဌာနမှ အရေးယူမှု အပိုင်းထက် နှိုးဆော်စာဖြင့်သာ အကြိမ်ကြိမ် ထုတ်ပြန်ရသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း၊ ထိုသို့ ကြွေးကျန်များကြောင့်လည်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှာ စာရင်းစစ် ကန့်ကွက်ချက် ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

လေလံဆွဲပြီးနောက် ငွေပေးသွင်းရန် ကြန့်ကြာမှုများထဲတွင် အချို့မှာ လေလံတင်စဉ်က မြေဧရိယာနှင့် ပြင်ပမြေဧရိယာ အပိုအလျော့ ဖြစ်သည့်အတွက် ပြန်လည်တိုင်းတာခြင်း၊ လေလံအောင်ငွေကို အတိုးအလျော့ ပြန်လည်ပြုလုပ် တွက်ချက်ခြင်းများကြောင့် ကြန့်ကြာခြင်းများလည်း ရှိကြောင်း၊ ဘဏ်ချေးငွေ မရသေးသည့်အတွက် ကြန့်ကြာမှုလည်း ရှိကြောင်း သိရသည်။

သို့သော် နိုင်ငံပိုင်များ လေလံတင်ရာတွင် ကုမ္ပဏီများမှ အမည်အမျိုးမျိုး၊ ဒါရိုက်တာ အဖွဲ့ဝင်အမည် အမျိုးမျိုးဖြင့် တစ်ဦးတည်းမှ မြေနှင့်အဆောက်အအုံငါးခု၊ ၁၀ ခုအထိ လေလံဝင်ဆွဲ ထားသူများရှိပြီး ကြွေးကျန်ရာတွင် ထိုသို့လက်ဦးမှု ရယူထားသူများ ပါဝင်ကြောင်း၊ ယခု ကျပ်သန်းပေါင်း ၄၂၁၀၀ ကျော် ဆိုသည်မှာလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် အများပြည်သူ အတွက် ပြန်သုံးရမည့် ငွေကြေးများမှာ လေလံအောင်သူများ စည်းမျဉ်းအတိုင်း မသွင်းသည့်အတွက် ပြည်သူ့ဘဏ္ဍာ အဖြစ်လည်း အချိန်မီ မရသည့်အပြင် မသွင်းသည့် အတွက် လုပ်ငန်းရှင်မှ အဆိုပါငွေကို အတိုးမဲ့ဖြင့် ကာလရှည် သုံးခွင့်ရသည့် သဘောဖြစ်နေသည်။

၂၀၁၁ ခုနှစ်တွင်ရှိသည့် မြေဈေးနှုန်းဖြင့် တိုင်းတာက လေလံဈေးကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဈေးနှုန်းဖြင့် တွက်ထားသည့် ပမာဏကို ၂၀၁၃ ခုနှစ်မှ သွင်းသည့်အတွက် လက်ရှိပေါက်ဈေးအတိုင်း ပြန်လည်သတ်မှတ်ကာ ပေးသွင်းစေ သင့်သည်ဟုလည်း ဈေးကြီးပေးကာ လေလံဆွဲခဲ့ရပြီး သတ်မှတ်ထားသည့် ကာလအတိုင်း ငွေပေးသွင်းခဲ့ရသူ လုပ်ငန်းရှင် တစ်ဦးက ထောက်ပြခဲ့သည်။

ယခု ၂၀၁၃ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း၌ အကျေပေးသွင်းသည် ဆိုသော်လည်း ၎င်းတို့မှာ တင်ဒါစည်းကမ်းကို နှစ်ကာလ ကြာရှည် ဖောက်ဖျက်ခဲ့ပြီးမှ ပေးသွင်းခြင်း ဖြစ်ကြောင်း၊ စည်းမျဉ်းအတိုင်း အရေးယူမှု မရှိကြောင်း၊ ထိုသို့ဆိုပါက နောင်တွင် ပုဂ္ဂလိကသို့ လေလံတင်ရာ၌ ယခုကဲ့သို့ စည်းကမ်းမဲ့မှုမျိုး ထပ်မံပေါ်လာနိုင်ကြောင်း၊ လေလံဆွဲ ၀ယ်ယူသည် ဆိုသော်လည်း လေလံအောင်သူများမှာ ၁၀ ရာခိုင်နှုန်းကိုသာ အိတ်ထဲမှ စိုက်ထုတ်ထားရပြီး ကျန်ငွေများကို ဘဏ်ချေးငွေဖြင့် ပေးဆပ်ကြရခြင်းသာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ လွယ်ကူသည့် နည်းလမ်းဖြင့် ရထားသော်လည်း နိုင်ငံဘဏ္ဍာငွေကို ကာလကြာရှည် မပေးသွင်းမှုများအပေါ် အနည်းဆုံး ရက်အလိုက် ရက်လွန်ဒဏ်ကြေး တပ်ခြင်းမျိုး ပြုသင့်ကြောင်း ကာလကြာကိုလည်း သုံးသပ် ပြောကြားမှုများ ရှိနေသည်။

Eleven Media Group

0 comments:

Post a Comment