Sunday, September 29, 2013

သံတွဲတွင် လူနှစ်စု အချင်းများ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့ နှစ်ရက်ဆက်တိုက် ဖြေရှင်းပေးရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရခိုင်နှင့် ကမန်လူမျိုးများကြား စကားအချေအတင်များရာမှ တုတ်၊ ခဲများ ကိုင်ဆောင်ပြီး လူစုလူဝေးဖြစ်ပွားခဲ့သဖြင့် သံတွဲမြို့ စည်းကမ်းထိန်းသိမ်းရေး ရဟန်းတော်များအဖွဲ့က နှစ်ရက်ဆက်တိုက် ဖြေရှင်းပေးခဲ့ရသည်ဟု ယင်းအဖွဲ့မှ ဆရာတော်ဦးစနိ္ဒမာက စက်တင်ဘာ၂၉ ရက်က မဇ္ဈိမသို့ မိန့်ကြားသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၂၈ ရက်က သံတွဲဈေးအနီးရှိ ကမန်တိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇံလှပိုင် ငပလီ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ရှေ့တွင် ၉၆၉ အမှတ်တံဆိပ်ပါ ဆိုင်ကယ်ကို ဒေသခံ တစ်ဦးရပ်နားထားရာက စတင် အချင်းများခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဦးကျော်ဇံလှကို ရဲစခန်းကခေတ္တ ခေါ်ယူမေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးရာမှ ထပ်မံ အချင်းများကြခြင်းဖြစ်သည်။

ဆရာတော်ဦးစနိ္ဒမာက “ရဲစခန်းက မနေ့ညနေက ဖမ်းထားတယ်။ ည ၈ နာရီလောက်မှာ အာမခံနဲ့ ပြန်လွှတ်တာကို မကျေနပ်လို့ဆိုပြီး ရခိုင်တွေက ခဲတွေဘာတွေနဲ့ ငပလီရောင်းဝယ်ရေးကို ပေါက်ကြတယ်။ ကမန်တွေဘက်ကလည်း ဗလီမှာ စုဝေးနေကြတယ်။ ဗလီနဲ့ ငပလီ ရောင်းဝယ်ရေးနဲ့က နီးတယ်။ ဘုန်းဘုန်းတို့က သွားပြီးဖြန်ဖြေတော့ ရခိုင်တွေ ကတော့ လူစုခွဲသွားကြပြီ။ ဗလီကလူတွေတော့ ကျန်နေသေးတယ်။ ရဲစခန်းကလည်း လာပြီးဖြန်ဖြေတယ်” ဟု မိန့်သည်။

စက်တင်ဘာ ၂၉ ရက် ညနေ လေးနာရီခန့်က ငပလီရောင်းဝယ်ရေးဆိုင်ရှိရာ နေအိမ်သို့ လူစုလူဝေးဖြင့် ထပ်မံဝိုင်းရံ ခဲ့ပြီး သံတွဲမြို့ စည်းကမ်းထန်းသိမ်းရေး ရဟန်းတော်များအဖွဲ့က အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်ဟုလည်း ဆရာတော်က ဆိုသည်။

သံတွဲမြို့မှ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုကျော်စိုးက “ဘာကြောင့်ဖြစ်တာတော့ မသိဘူး။ ငပလီ ရောင်းဝယ်ရေးကို ခဲတွေနဲ့ထုတာတော့ မြင်တယ်။ ကျွန်တော်တို့ကလည်း လူအုပ်ကြားထဲ ၀င်မကြည့်ရဲဘူး။ ဒါကြောင့် ဗလီက လှမ်းကြည့်ကြတာ။ အမြင်မှာတော့ အုပ်စုနှစ်စုဖြစ်နေတာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

သံတွဲမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လှိုင်က “မနေ့က ဖမ်းထားပြီး အာမခံနဲ့ ပြန်လွှတ်တာကို မကျေနပ်လို့ဖြစ်ကြတာ။ အခုပဲ လုံခြုံရေးတွေနဲ့ ထိန်းသိမ်းလိုက်ပါပြီ”ဟု စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့ရဲစခန်းသို့ ဆက်သွယ် မေးမြန်းသော်လည်း ရဲစခန်းမှ အတည်ပြုချက် မပေးခဲ့ပါ။

ပြီးခဲ့သည့်နှစ်ဇွန်လအတွင်းက တောင်ကုတ်မှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည့် အမှုနှင့်ပတ်သက်ပြီး ဆူပူ၊ မီးရှို့မှုများ ဖြစ်ပွားခဲ့၍ သံတွဲမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

နောက်ဆုံးရရှိသည့် သတင်းအရ သံတွဲမြို့တွင် စက်တင်ဘာ ၂၉ ရက် ညနေ ငါးနာရီခန့်က မငြိမ်မသက်မှုများဖြစ်ပွားနေသောကြောင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့များက အင်အားသုံး ဖြိုခွင်းမှုများ ရှိနေသည်ဟု သံတွဲဒေသခံတစ်ဦးက ညရှစ်နာရီကျော်တွင် မဇ္ဈိမသို့ ပြောသည်။

ညနေ ငါးနာရီခန့်တွင် သံတွဲမြို့တွင် အဆောက်အအုံတစ်လုံး မီးရှို့မှုဖြစ်ပေါ်ခဲ့ပြီး ဒေသခံတစ်ဦးက “သံတွဲ တံတားပေါ်မှာ ဓားနဲ့ ဂျင်ကလိတွေ ကိုင်ထားတဲ့သူတွေ ရှိနေလို့ စစ်တပ်နဲ့ ရဲတွေက လူစုခွဲဖို့ ပြောနေတယ်၊ အခုချိန်ထိ သံတွဲမှာ လူတွေ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်နေတယ်”ဟု ညရှစ်နာရီကျော်တွင် ပြောသည်။

Mizzima - News in Burmese

0 comments:

Post a Comment