Wednesday, September 25, 2013

ဂျပန်ဗီဇာ လျှောက်ထားမှုဆိုင်ရာ သတ်မှတ်ချက်များကို မြန်မာနိုင်ငံ အတွက် လျှော့ချပေးမည်

မြန်မာနိုင်ငံမှ ဗီဇှာျောက်ထားမှုများနှင့် သက်ဆိုင်သည့် သတ်မှတ်ချက်များကို ယခုနှစ် မကုန်မီ လျှော့ချပေးမည် ဖြစ်ကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဂျပန်အစိုးရ အနေဖြင့် နိုင်ငံ၏ စီးပွားရေး မြှင့်တင်ရေး မဟာဗျူဟာ အစီအစဉ်တွင် ခရီးသွား လုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ရန် ပါဝင်ပြီး အရှေ့တောင်အာရှမှ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ လျှောက်ထားမည့် ဗီဇာများနှင့် ပတ်သက်၍လည်း သတ်မှတ်ချက်များကို လျှော့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် အာဘေးစီးပွားရေး ပုံစံ၏ အစီအစဉ်သုံးကို ဇွန်လအတွင်း ချမှတ်ခဲ့ရာတွင် နိုင်ငံအတွင်းသို့ ကမ္ဘာလှည့် ခရီးသည်များ ပိုမိုလာရောက် နိုင်ရေးလည်း ပါဝင်ခဲ့ရာ ရှင်ဇိုအာဘေး အစိုးရက ဗီဇာစည်းမျည်းများ လျော့ချရေးကို ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ ဧည့်သည်များက တစ်ကြိမ် လျှောက်ထားရုံဖြင့် အကြိမ်များစွာ ၀င်ရောက်ခွင့် ရနိုင်မည့် (Multiple-entry Visa) အစီအစဉ်ကိုလည်း ဂျပန်အစိုးရက စဉ်းစားလျက် ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ နွေရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပမည်ဖြစ်ရာ အဆိုပါကာလ မတိုင်မီ အာရှတိုက်နိုင်ငံများမှ ခရီးသွားများ ပိုမိုလာရောက်စေရန် ဂျပန်အစိုးရက ရည်ရွယ်ထားသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသည် လာရောက်မှုတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး တရုတ်နှင့် ဂျပန်ခရီးသည်များက ဒုတိယနှင့် တတိယ အများဆုံး ဖြစ်သည်။

Eleven Media Group

0 comments:

Post a Comment