● ရလဒ်(၄)ခု ●
▬▬▬▬▬▬
လေသံမိုးသံအကြားက မြန်မာ့နွေဦးသည် ပထမဦးစွာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒုတိယအချက်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တတိယ အချက်အနေဖြင့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ၊ စတုတ္ထအချက်အနေဖြင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲ ဟူသော မိုင်တိုင်များကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ မယိုင့်တယိုင် ညီညွတ်ရေးဖြင့် ဒီမိုး ဒီလေများကို ကျော်လွှားနိုင်ပါမည်လား စိုးရိမ်ပူပန်မှုများလည်း ရှိနေကြသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုင်ရာလေ့လာချက်များအရ အဆင့်(၃)ဆင့် ရှိရာ ယင်းအဆင့် များမှာ အခွါ-အကူး-အခိုင်(ဖြေလျှော့ခြင်း Libreralization-ကူးပြောင်းခြင်းTransition-ခိုင်မာခြင်း Cons-odilidation) ဟူု၍ ဖြစ်သည်။ ဒီမိုကရေစီအပြောင်းအလဲကို လျှောက်လှမ်းခဲ့ကြသော နိုင်ငံများအနေဖြင့် တင်ပြပါ အဆင့်(၃)ဆင့်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ချီတက်ကြသည် ဟူ၍ ပုံသေသဘော ပုံအပ်၍ မရ နိုင်သည်ကိုလည်း တွေ့ရှိရသည်။ ဒီမိုကရေစီကူးပြောင်းရေး၏ ရလဒ်(၄)ကို အောက်ပါအတိုင်း တွေ့ရှိရ သည်-
(၁) ထွက်ရပ်ပေါက် ။ အသွင်ကူးပြောင်းသည့် နိုင်ငံပေါင်း (၈၆)နိုင်ငံကို လေ့လာရာတွင် ဒီမိုကရေစီ ခိုင်မာသည့် စံပြုဒီမိုကရေစီနိုင်ငံအဖြစ် အဆင့်(၃)ဆင့်နှင့်အညီ ထွက်ရပ်ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့သည်မှာ နိုင်ငံပေါင်း ၁၅ နိုင်ငံသာ ရှိသည်။ ရာခိုင်နှုန်းအားဖြင့် (၁၇%)သာ ကူးပြောင်း ရေးကို ဂိတ်ဆုံးအထိ လျှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
(၂) နောက်ပြန်လှိုင်းရိုက် ။ နိုင်ငံပေါင်း (၃၂)နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဒီမိုကရေစီအပြောင်းအလဲ (၄၄)ကြိမ်မှာ နောက်ပြန်လှိုင်းအရိုက်ခံရပြီး အာဏာရှင်စနစ်သို့ ဂငယ်ကွေ့ ပြန်ကွေ့သွားခဲ့ကြသည်။ နောက်ပြန်လှိုင်း (၄၄)ကြိမ်တွင် အကြိမ်ရေ(၃၀)မှာ စစ်တပ်အုပ်စိုးခဲ့သည့် နိုင်ငံများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
(၃) ဆူပူအုံကြွ ။ ဒီမိုကရက်တစ်အပြောင်းအလဲကို ဖော်ဆောင်ခဲ့သော နိုင်ငံစုစုပေါင်း၏ ထက် ၀က်နီးပါးမှာ ဆူပူအုံကြွမှု၊ မတည်မငြိမ်ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံပေါင်း (၄၀)ခန့်တွင် ဤရလဒ်ကို ရင်ဆိုင်တွေ့ကြုံခဲ့ရသည်။ မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ဖြစ်ပေါ်လာလျှင် ထုံးစံအတိုင်း နောက်ပြန်လှိုင်း အရိုက်ခံရသည်ချည်း ဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံများ၊ ကွန်မြူနစ်နိုင်ငံများ ထက်စာလျှင် စစ်တပ်အုပ်ချုပ်သောနိုင်ငံများတွင် နောက်ပြန်လှိုင်း ရိုတ်ခတ်မည့် ရာခိုင်နှုန်းပိုမိုမြင့်မားနေ သည်။
(၄) ဝေ့လည်ဝေ့လည် ။ ဤအမျိုးအစားမှာ ဒီမိုကရေစီအပြောင်းအလဲများ ဖြစ်ပေါ်ပြီး နောက်ပြန် လှိုင်း အရိုက်မခံရစေရန် ရှောင်ကြဉ်နိုင်သည်။ သို့သော် ဆယ်စုနှစ်နှင့်ချီ၍ အချိန်ကြာမြင့်ခဲ့သည့်တိုင် ရင့် ကျက်ခိုင်မာသည့် ဒီမိုကရေဟူသော ထွက်ရပ်လမ်းသို့ မြန်းနိုင်ခြင်း မရှိဘဲ အဆင့်(၃)ဆင့်အကြား ဝေ့လည်ဝေ့လည် ဖြစ်နေခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံပေါင်း (၈၆)နိုင်ငံတွင် ဤသို့ ဟိုမရောက် ဒီမရောက် ကြားပေါက်ဖြစ်ရသော နိုင်ငံအရေအတွက်မှာ (၂၄)နိုင်ငံအထိ ရှိကြောင်း တွေ့ရှိရသည်။
●လမ်းကြောင်း(၂)ရပ်●
▬▬▬▬▬▬▬▬▬
ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် နိုင်ငံရေးဖြစ်စဉ်များတွင် အနာဂတ်၌ မည်သို့ ဖြစ်လာနိုင်သည် ဟု ဧကန်မုချ တွက်ချက်၍ မရနိုင်၊ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ရှုပ်ထွေးနက်နဲ ကျယ်ပြန့်လှသည့် အသွင်ကူးပြောင်းမှုတွင် မည်သည်ကိုမျှ ကြိုတင်ခန့်မှန်း တွက်ဆ၍ မရနိုင်ဟု ဘရိုင်ယန် ဂျိုးဇက်က ဆို သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရှင်အတော်များများက စိတ်ဝင်တစား ရှိခဲ့ကြသလို အလေးထား ၍လည်း လေ့လာမှုများ ပြုခဲ့ကြသည်။ အလားတူ မြန်မာ့နွေဦး ဘယ်လမ်းလျှောက်၍ ဘယ်အထိပေါက် နိုင်သည်ကိုလည်း ခန့်မှန်းချက်များ ထုတ်ခဲ့ကြသည်။
● ဖူကူယားမား မော်ဒယ် ။ နိုင်ငံတည်ဆောက်ရေးကျမ်းရှင် ဖူကူယားမားက မြန်မာနိုင်ငံကို တောင် ကိုရီးယား ကူးပြောင်းမှုနှင့် ယှဉ်ကာ သုံးသပ်ပြသည်။ ဖူကူယားမား၏ အဆိုအရ စီးပွားရေးတိုးတက်မှုနှင့် ဒီမိုကရေစီထွန်းကားရေးကို အခြေခံသော နိုင်ငံတည်ဆောက်ရေးကို တရားဥပဒေစိုးမိုးရေးနှင့် လူမှု နိုးကြားမှုတို့ဖြင့် ချီတက်ရန် ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၏ ဖြေလျှော့ရေး(အခွါ)အဆင့် တွင် အမျိုးသားရေးနိုးကြားမှု အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတတ်သည်ကို လမ်းမလွဲစေရန် သတိပေးခဲ့ သော်လည်း ကုသိုလ်ကြမ္မာမမီပါခဲ့ ဖြစ်ခဲ့ရသည်။ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေးတွင် တက်ကြွလှုပ်ရှား သူများ မလိုတော့ဘဲ “ကိုလံဘီယာမားဖီးယားများ” (ကိုလံဘီယာ စီးပွားရေးတက္ကသိုလ်မှ ပညာရှင်များ) သာ လိုအပ်သည် ဟု ဆိုသည်။ ဖူကူယားမား၏ အဆိုအရ ရွေးကောက်ပွဲဒီမိုကရေစီဖြင့် ဖွင့်လှစ်လိုက် သော မြန်မာ့နွေဦးကို စီးပွားရေးတိုးတက်မှုကို ဗဟိုပြု၍ ရင့်ကျက်သောဒီမိုကရေစီသို့ ဆောင်ကြဉ်းပေး ရန် ဖြစ်သည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို အလေးကဲသော မော်ဒယ် ဟု ဆိုနိုင်သည်။ (တောင်ကိုရီးယားမော်ဒယ်)
● လာရီဒိုင်းမွန်းမော်ဒယ် ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး သီအိုရီကျွမ်းကျင်သူ လာရီဒိုင်းမွန်းက မြန်မာ့နွေဦး၏ အနာဂတ်အတွက် အဓိက အကြံပြုချက် (၂)ရပ် ဖော်ထုတ်ခဲ့သည်။ ဒိုင်းမွန်း၏ အမြင်အရ မြန်မာ့နွေဦးသည် ထိပ်တိုက်ရင်ဆိုင် ထွက်ပေါက်ပိတ်ပြီး နောက်ပြန်လှိုင်းအရိုက်ခံရနိုင်သည့် စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်။ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် အစိုးရနှင့်အတိုက်အခံ နှစ်ဘက် စလုံးက အမြင်ကျယ်ကျယ် အမြော်အမြင်ရှိရှိဖြင့် နောင်လာမည့် နှစ်ပေါင်းများစွာအထိ ကြိုတင်မျှော်တွေး ကာ အသွင်ကူးပြောင်းရေးကို ဖြတ်သန်းသွားရန် ဖြစ်သည်။ အဓိကအကြံပြုချက်(၂)ရပ်မှာ အစိုးရနှင့် အတိုက်အခံ အသွင်ကူးပြောင်းရေးပဋိဥာဉ်တစ်ရပ် ပေါ်ထွက်လာစေရန် အပေး-အယူသဘော ညှိနှိုင်းရန်၊ ရွေးကောက်ပွဲစနစ်ကို အချိုးကျစနစ်သို့ ကူးပြောင်းရန် ဖြစ်သည်။ (တောင်အာဖရိကမော်ဒယ်)
● ၂၀၁၅ မတိုင်မီ ဖြစ်နိုင်ခြေ(၄)ခု ●
▬▬▬▬▬▬▬▬▬▬▬▬▬▬
မြန်မာ့နွေဦးသည် ကြီးကျယ်ပြီး ကျယ်ပြန့်သည့် အသွင်ကူးပြောင်းရေးရေပြင်တွင် ရောက်ရှိနေပြီး မည်သည့်သောင်ကမ်း၊ မည်သည့်ဘက်သို့ ဦးတည်မည် ဆိုသည်ကိုလည်း တိတိကျကျ မသိနိုင်သေး သည့် အနေအထားမျိုး ဖြစ်နေသည် ဟု ဘရိုင်ယန်ဂျိုးဇက်က ဆိုသည်။ မြန်မာ့နွေဦးသည် အသွင်ကူး ပြောင်းရေး၏ အစောပိုင်းကာလ (အကူးရှေ့ပိုင်း) တွင်သာ ရောက်ရှိနေသေးသော်လည်း ရင်ဆိုင် ကျော်လွှားရမည့် ပြဿနာများ၊ စိန်ခေါ်မှုများမှာ ကြီးမားလှသည်။ ထိုသို့ ဧကန်မဲ့မှုများနှင့် ပြည့်လွှမ်း နေသော မြန်မာ့နွေဦးကို ကြိုတင်ခန့်မှန်းချက်များနှင့် လျှောက်လှမ်းခဲ့ပါက မဖြစ်နိုင်သော လမ်း ကို လျှောက်လှမ်းခြင်းသာ ဖြစ်မည် ဟု ဘရိုင်ယန်ဂျိုးဇက်က ကောက်ချက်ချသည်။ ကမ္ဘာတစ်ဝှမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်များနှင့် နှိုင်းယှဉ်၍ ၂၀၁၅ မတိုင်မီ မြန်မာ့နွေဦး၏ဖြစ်နိုင်ခြေ(၄)ခုကို ဘရိုင်ယန် ဂျိုးဆက် က ဖော်ထုတ်ထားသည်။
● ဖြစ်နိုင်ခြေ(၁)၊ ဒိုင်ယာလော့အခြေပြု အသွင်ကူးပြောင်းမှု ။ အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတို အလွန် နိုင်ငံရေးအစီအစဉ်အသစ် ဖော်ဆောင်မှုမျိုး ဖြစ်သည်။ “တပ်မတော်က နောက်ပိုင်းတွင် နိုင်ငံရေး မှ အပြီးအပိုင်ထွက်ခွါပေးမည် ဟု သဘောတူညီပြီး အတိုက် အခံများက အပြန်အလှန် လိုက်လျောသည့် အနေဖြင့် နိုင်ငံရေးတွင် အတိုင်းအတာတစ်ခုအထိ စစ်တပ် ပါဝင်မှုကို သဘောတူ လက်ခံခြင်း ဖြစ် သည်။” ဤဖြစ်စဉ်တွင် ၂၀၁၅ ရွေးကောက်ပွဲသည် ဒိုင်ယာလော့ အခြေပြုအသွင်ကူးပြောင်းမှု၏ အရေး ကြီးသည့် အဆင့်တစ်ဆင့် ဖြစ်ပြီး ၂၀၁၅ အလွန်ကာလတွင် ပိုမို ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှု များကို နှစ်ဖက်သဘောညီ ဆက်လက် ဖော်ဆောင်သွားရန် ဖြစ်သည်။ ကျယ်ပြန့်သော ပြုပြင်ပြောင်း လဲမှုများ ဆိုသည်မှာ အသွင်ကူးပြောင်းရေးကာလ တရားစီရင်မှု၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ရပ်တည်ခွင့်အာမခံချက်၊ အမျိုးသားလုံခြုံရေးတွင် စစ်တပ်၏အခန်းကဏ္ဍ စသည်တို့ ပါဝင်မည် ဖြစ်သည်။ တပ်မတော်၏ စိုးရိမ်ပူပန်မှုများကို အာမခံချက်နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို အချိန်ဇယားဖြင့် ဖြည်းဖြည်းချင်းတည်ဆောက်ယူရေးကို တပ်မတော်နှင့် အတိုက်အခံများ ညှိနှိုင်းအဖြေရှာနိုင်လျှင် ဖြစ်နိုင်ခြေ ရှိသည်။ အဓိကအချက်မှာ ရှော့ခ်ရိုက်ကူးပြောင်းရေးမဟုတ်ဘဲ ဖြည်း ဖြည်းချင်း ပြောင်းလဲရေး ဖြင့်သာ စေ့စပ်ညှိနှိုင်းမှု အောင်မြင်နိုင်ခြင်း ဖြစ်သည်။ (အင်ဒိုနီးရှားလမ်းကြောင်း)
● ဖြစ်နိုင်ခြေ(၂)၊ နောက်ကြောင်းပြန်လှည့်ခြင်း ။ လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများသည် တပ်မတော်၏အစိုးရိမ်ရဆုံး အခြေအနေများသို့ ဦးတည်လာသည့် အချိန်အခါတွင် ဒီမိုကရေစီ နောက်ပြန် လှိုင်းအရိုက်ခံရမည် ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရသူ ဟု အစဉ် အဆက် ခံယူကျင့်သုံးခဲ့သော တပ်မတော်အနေဖြင့် “နိုင်ငံအတွက် အန္တရာယ်ကျရောက်လာချိန်၊ အန္တရာယ် ကျရောက်တော့မည် ဟု ယူဆလာချိန်တို့တွင် အဆိုပါ ဖြစ်နိုင်ခြေ လက်တွေ့ဖြစ်ပေါ်လာမည်” ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးခေါင်းဆောင်များ၏ ကျန်းမာရေး၊ အစိုးရနှင့် လွှတ်တော်အကြား ထိန်း မရနိုင်အောင် ဆက်ဆံရေးပြိုလဲခြင်း၊ ရခိုင်ပြည်နယ်ကဲ့သို့ ပြည်သူများအကြား ပဋိပက္ခများ မြင့်မား ပြင်းထန်လာခြင်း၊ ပြည်သူလူထု လမ်းပေါ်ထွက်လာကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာခြင်း စသည့်အခြေ အနေမျိုးတွင် တပ်မတော်၏ အခန်းကဏ္ဍ ပြန်လည် ပေါ် ပေါက်လာနိုင်သည်။ (ထိုင်းလမ်းကြောင်း)
● ဖြစ်နိုင်ခြေ(၃)၊ စီးပွားရေးဖွံ့ဖြိုးရေး ဦးစားပေးလမ်းကြောင်း ။ မြန်မာ့အရေးလေ့လာသူများ၊ ကျွမ်းကျင်သူများနှင့် မြန်မာပြည်သူများ ကြိုက်နှစ်သက်သော ပုံစံ မှာ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ခိုင်ခိုင်မာမာ ဖော်ဆောင်နိုင်သော အရှေ့တောင်အာရှဒေသတွင်းမှ စင်္ကာပူ၊ တောင်ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီးရှား စသည့် လမ်းကြောင်းမျိုး ဖြစ်သည်။ စီးပွားရေးတိုး တက်မှုကို အလေးပေးပြီး နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို အကန့်အသတ်ဖြင့် ဖြေလျှော့ပေးခြင်းမျိုး ဖြစ်သည်။ ပြည်သူလူထုအနေဖြင့် စီးပွားရေး တိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုတို့ကိုသာ အလေးထားဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများကို အကန့်အသတ်ဖြင့် လမ်းဖွင့်ပေးခြင်းကို နှစ်သက်ဟန် ရှိသော်လည်း အတိုက်အခံများ၏ ခံယူချက်များနှင့် တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားအခွင့်အရေးများ ရရှိရေးတို့က အဓိကကျ နေသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို အတိုက်အခံများက ဆုပ်ကိုင်ဆန့်ကျင်နေမည် ဆိုလျှင်လည်းကောင်း၊ အင်စတီကျူးရှင်းအသစ်အဖြစ် ပေါ်ပေါက်လာသော ဥပဒေပြုရေးမဏ္ဍိုင်မှ စံပြု စံနှုန်းများကို ဆုပ်ကိုင်ထားလျှင်လည်းကောင်း စီးပွားရေးဖွံ့ဖြိုးမှု ဦးစား ပေး ဖြစ်နိုင်ခြေမှာ ဖြစ်ပေါ်လာရန် ခက်ခဲနေမည် ဖြစ်သည်။ ဤဖြစ်နိုင်ခြေ၌ “အတိုက်အခံနှင့် အင်စတီ ကျူးရှင်းအသစ်များက ပြည်သူများ စီးပွားရေးအမြန်ဆုံးတိုးတက်ရေး တစ်ခုတည်းကို ဦးတည်ချက်ထားရှိ မှသာ ဖြစ်ပေါ်လာနိုင်”သည်။ (အာရှ ကျားများ လမ်းကြောင်း)
● ဖြစ်နိုင်ခြေ(၄)၊ နိုင်ငံရေး စည်းလုံးညီညွတ်မှု ပြိုကွဲခြင်း ။ မြန်မာနိုင်ငံတွင် အင်အား အကောင်းဆုံးဖြစ်သော စစ်တပ် ပြိုကွဲသွားလျှင်သော်လည်းကောင်း၊ အတိုက်အခံတို့၏ စုစည်းမှုပြိုကွဲ သွားလျှင်သော်လည်းကောင်း အသွင်ကူးပြောင်းရေးအပေါ် သက်ရောက် နိုင်သည့်အလားအလာများကို ထည့်သွင်းတွက်ချက်ရန် လိုအပ်မည် ဖြစ်သည်။ “ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန် ပိုမိုကောင်းမွန်လာ ချိန်တွင် အတိုက်အခံအင်အားစုများအနေဖြင့် လိုက်လျောအလျှော့ပေး ရသည်များ မဖြစ်မနေ လုပ် ဆောင်ရတော့မည်” ဖြစ်ပြီး တိုင်းရင်းသားအင်အားစုတို့နှင့် ဝေးကွာသွားနိုင် သည့် အခြေအနေများလည်း ရှိနေသည်။ ဤကာလတွင် တိုင်းရင်းသားပြဿနာများအတွက် ဖြေရှင်း ချက် မရရှိနိုင်သေးလျှင် မတည် ငြိမ်သည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းရဦးမည့် အနေအထား ဖြစ်နေသည်။ “အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရပ်များကို အတိုက်အခံများက ဖိအားပေးဆောင်ရွက်လာလျှင် တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံသည့် အနေအထားအထိ ရောက်ရှိလာနိုင်သည်။” ဖြစ်ပေါ်လာမည့် ဆိုးကျိုးများမှာ အပြင်းထန်ဆုံးအနေအထားအထိ ရောက်ရှိနိုင်ပြီး ကြေကွဲဝမ်းနည်းဖွယ်ရာ ရလဒ်များ ထွက်ပေါ်လာ နိုင်သည်။ (အာရပ်နွေဦးမှ ဆီးရီးယားလမ်းကြောင်း)
● ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖျက်(၃)ဖျက် ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မကြာသေးမီကပင် လက်ဝဲသွေဖီရေး လမ်းကြောင်းအဖြစ် “ဗမာပြည်ကွန်မြူနစ်ပါတီ”က “၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်ပြင်ပလမ်းကြောင်းဖြင့် အပြီးတိုင် ဖျက်သိမ်းရေး” ဆောင်ရွက်ရန် ကြေညာ ချက်တစ်ရပ် ထုတ်ပြန်လာခဲ့ခြင်းကို နိုင်ငံရေးတိုက်ကွက်အသစ်အတွက် အချက်ပေးသံ တံပိုးခရာသဖွယ် တွေ့မြင်ခဲ့ကြရသည်။ (ဗကပ၏ ဖျက် ၃ ဖျက်တွင် ဤအချက်က အဓိက ဖြစ်နေသည်)
ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ပညာရှင်ဒီဘိတ်များက မြန်မာ့နွေဦးလားရာကို မည် သည့်မော်ဒယ် ဖြစ်လာနိုင်သည်၊ မည်သည့်လမ်းကြောင်း ရောက်လာနိုင်သည် စသည်အားဖြင့် တင်ကြို ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။ ယင်းပညာရှင်များ၏ မြန်မာ့နွေဦး အဖြူ-အမည်း မသဲကွဲခင်က မှန်းဆချက် များသည် ယခုလက်ရှိ ကာလတွင် မြန်မာ့နွေဦး မိုးလား တိမ်လား မြူနှင်းလား ဟု ကွဲလွဲနေစရာ မလိုတော့သည့် အနေအထားကို မျက်နှာမူနေပြီ ဖြစ်သည်။ နိုင်ငံ့အရေး ဟု ဆိုကြသော နိုင်ငံရေးသမား များ၏ နိုင်ငံရေးသည်လည်း ပေါလ်ကော်လီယာ၏ Greed and Grievance သီအိုရီနှင့် တိုက်ဆိုင်စစ် ဆေးခြင်းကို ခံနိုင်ရမည် ဖြစ်သည်။
၁၉၆၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်တွင်းစစ်နှင့် ပဋိပက္ခ များကို လေ့လာဆန်းစစ်ရာမှ ရရှိလာခဲ့သော ခါးသီးသည့်အမှန်တရားတစ်ခုရပ်မှာ “တရားမျှတမှုကင်းမဲ့ ခြင်းကြောင့် ဖြစ်ရသည် ဟု ယခင်က ယူဆခဲ့ကြသော ကိစ္စရပ်အတော်များများမှာ အကျိုးစီးပွားကြောင့် ဖြစ်သည်ကို တွေ့ရှိရပြီး အဓမ္မ (Grievance) ကြောင့် ဖြစ်ရသော တော်လှန်ရေးတို့မှာ အမှန်စင်စစ်တွင် နိုင်ငံရေးခေါင်းဆောင် အနည်းစု၏ လောဘ(Greed)ကြောင့် ဖြစ်ရခြင်း ဖြစ်သည်” ဟူ၍ ဖြစ်သည်။ မြန်မာ့နွေဦးသည်လည်း Grievance နှင့် Greed တို့အကြား မပိတ်မိစေရန် “နိုင်ငံရေးနှင့်တူသော နိုင်ငံရေး” ကို ကျင့်ကြံအားထုတ်ကြရန် လိုအပ်ပေမည်။
ဒီမိုကရေစီကူးပြောင်းမှုတွင် ပညာရှင်တို့ သုံးသပ်သည့်အတိုင်းလည်း ဖြစ်ချင်မှ ဖြစ်မည်၊ ထို့အတူ ဖြစ်ချင်လည်း ဖြစ်လာနိုင်သည်။ ဧကန်မဲ့မှုတို့ ပြည့်နှက်နေသော “အနေကန် ခရီး” ကို လျှောက်လှမ်းခဲ့ပြီး ဖြစ်သော မြန်မာ့နွေဦး၏ ကံကြမ္မာသည်ပင် တိုင်းပြည်ကံကြမ္မာ၊ ပြည်သူတို့၏ ကံကြမ္မာ ဖြစ်နေလေရာ ဧကန်မုချ လှပနေမည့် မြန်မာ့နွေဦးကို စိမ်းလန်းစွာ တွေ့မြင်နိုင်ရေးအတွက် ၂၀၁၅ နှင့် သန်း(၆၀)ကို မျက် မှောက်ပြုကြရန် ရှိတော့ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။
[The Voice Weekly, Monday, June 9-15, 2014]
Hmuu Zaw
0 comments:
Post a Comment