စိမ်းပြာရေညှိထုတ်လုပ်ရာ တွင်းတောင်အားတွေ့ရစဉ် (ဓာတ်ပုံ−မျိုးမင်းဦး)
မရောက်တာကြာပြီဖြစ်သည့် တွင်းတောင်သို့ ၂၀၁၃ တွင် ပြန်ရောက်လာသော တွင်းတောင်ရွာသား ဦးငွေမောင်သိန်းတစ်ယောက် တွင်းတောင်အတွင်းမှ ရေများကိုကြည့်ကာ အံ့သြသွားသည်။
သူတအံ့တသြဖြစ်စေသည့် မြင်ကွင်းက အခြားတော့မဟုတ်။ တစ်ချိန်က စိမ်းပြာရေညှိများ လှိုင်လှိုင်ထွက်ခဲ့ပြီး အစိမ်းပုပ်ရောင်သန်းနေသည့် ရေပြင်က ယခုတော့ အရောင်တွေလျော့ကျကာ အ၀ါရောင်ဖျော့ဖျော့ဘက်သို့ သန်းနေခြင်းဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်း ၃၀ ၀န်းကျင် ဦးငွေမောင်သိန်းတို့ တွင်းတောင်အင်းဘေးတွင် နေထိုင်ခဲ့စဉ်အချိန်က ကန်မျက်နှာပြင်ပေါ်၌ စိမ်းပြာရေညှိများ ထူထပ်များပြားစွာ ပေါက်ရောက်နေ၍ လှေလှော်၍ပင် မရခဲ့သော၊ ခဲတစ်လုံး လှမ်းပစ်လျှင်ပင် ရေအောက်သို့ ကျမသွားတတ်သော တွင်းတောင်အင်းရေပြင်မှာ အခုတော့ စိမ်းပြာရေညှိက ရေပြင်ပေါ်မှာ မတွေ့ရသလောက် ဖြစ်နေသည်။
ဘိုးစဉ်ဘောင်ဆက် တွင်းတောင်အင်းအတွင်းက တွင်းတောင်ရွာတွင် ဦးငွေမောင်သိန်းတို့မိသားစု နေထိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အသက်(၆၅)နှစ်အရွယ် ဦးငွေမောင်သိန်းသည် တွင်းတောင်ရွာတွင် (၅၉) နှစ်ကြာ နေထိုင်ခဲ့ပြီး ကွမ်းစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးခဲ့သည်။ ၁၉၉၈ ခုနှစ်၌ စပီရူလိုင်းနားဆေးဝါးထုတ်လုပ်ရေးအတွက် ရွာလုံးကျွတ် ပြောင်းရွေ့ခဲ့ရသဖြင့် တွင်းတောင်အင်းအနီးမှ အင်းပြင်ပ တောင်ပေါ်ကျေးရွာသစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က တွင်းတောင်အင်းရေမျက်နှာပြင် ပြီးခဲ့သည့်နှစ်ကဲ့သို့ မြင့်တက်ခဲ့ဖူးသော်လည်း အင်းမျက်နှာပြင်မှ ရေညှိများ ပျောက်ကွယ်သွားခြင်းမရှိခဲ့ပေ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ရှိ တွင်းတောင်က အသွင်အပြင်သဏ္ဌာန်တစ်ခုတည်းသာ ပြောင်းလဲသွားခြင်းမဟုတ်ပါ။ ယခင်က တစ်နှစ်လျှင် စိမ်းပြာရေညှိပေါင်း တန်ချိန်ထောင်ချီထွက်ရှိခဲ့သည့် တွင်းတောင်သည် လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ကာ စိမ်းပြာရေညှိ အထွက်သိသိသာသာ လျော့ကျလာခဲ့ပြီး ယခုနှစ်တွင်တော့ လုံးဝမထွက်တော့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက ပြောကြားခဲ့သည်။
‘‘ဒီနှစ်မှာတော့ လုံးဝမထွက်တော့ဘူး။ ရပ်သွားပြီ။ တွင်းတောင်မှာ စပီရူလိုင်းနားမရှိတော့ဘဲ တခြားအမျိုးမတူတဲ့ ရေညှိတွေ ၀င်လာတယ်။ အဲဒါက စပီရူလိုင်းနားမဟုတ်ဘူး’’ဟု တွင်းတောင်တွင် စိမ်းပြာရေညှိမှ ဆေးဝါးထုတ်လုပ်နေသည့် ဒေါက်တာမင်းသိမ်းကလည်းပြောသည်။
ထို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ၊ ရေညှိဆိုင်ရာပညာရှင်များ၊ ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာပညာရှင်များက ဇွန်လ ၅ ရက်က နေပြည်တော်တွင် ခေါင်းချင်းဆိုင်ကာ အဖြေထုတ်ခဲ့ကြသည်။
အဖြေထုတ်ရာတွင် ကဏ္ဍအသီးသီးမှ ပညာရှင်များဖြစ်၍ တစ်ဦးနှင့်တစ်ဦး အယူအဆမတူမှုများလည်း ရှိခဲ့သည်။ သို့သော် သေချာသည်ကတော့ နှစ်ပါင်းများစွာ ဆေးဖက်ဝင်စိမ်းပြာရေညှိထုတ် ပေးခဲ့သော ဒေသခံများ ၀င်ငွေတိုးရန် တွင်းပိုးထုတ်ပေးခဲ့သော တွင်းတောင်မှာ အခုတော့ အခက်ခဲဆုံးအချိန်များ ရင်ဆိုင်နေရပြီဖြစ်၏။
စိမ်းပြာရေညှိ မထွက်တော့ခြင်းကြောင့် ဒေသခံတို့အပေါ် ရိုက်ခတ်မှုလည်း ရှိလာပါသည်။ တွင်းတောင် စိမ်းပြာရေညှိလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဒေသခံဝန်ထမ်း ၆၀ ကျော်ခန့်မှာ ယခင်လို အိုးမကွာ၊ အိမ်မကွာ လုပ်ကိုင်ခွင့်မရတော့ဘဲ စက်ရုံ၏အစီအစဉ်ဖြင့် အလုပ်အကိုင်ရရှိစေရန် စစ်ကိုင်းရေခါးအင်းစက်ရုံသို့ အလှည့်ကျ ပြောင်းရွှေ့လုပ်ကိုင်စေခဲ့ကြောင်း တွင်းတောင်ဆေးဝါးထုတ်လုပ်ရေးစခန်းမှ တာဝန်ခံ ဦးစည်သူကပြောပါသည်။
‘‘အရင်တုန်းက လက်ရှိဝန်ထမ်းတွေအပြင် နေ့စားဝန်ထမ်းတွေပါခေါ်ပြီး အလုပ်ပေးနိုင်ခဲ့တယ်။ ခုတော့ ရှိတဲ့ဝန်ထမ်းတွေကိုတောင် စက်ရုံမှာ လိုသလောက်ပဲထားခဲ့ပြီး စစ်ကိုင်းက ပင်မစက်ရုံကို ပြောင်းပေးထားတယ်’’ဟု ဦးစည်သူကပြောသည်။
စိမ်းပြာရေညှိသည် ကမ္ဘာတွင် မြန်မာနိုင်ငံ၊ ချက်သမ္မတနိုင်ငံနှင့် ကွန်ဂိုနိုင်ငံတို့တွင်သာ သဘာဝနည်းလမ်းအတိုင်း ထွက်ရှိပြီး အခြားနိုင်ငံများမှာ မွေးမြူသည့်နည်းလမ်းအတိုင်းသာ ထွက်ရှိသည်။
ပြည်တွင်း၌ စိမ်းပြာရေညှိထွက်သောနေရာ ၁၀ နေရာခန့်ရှိပြီး တွင်းတောင်မှာ အများဆုံးထွက်သည်။ ရေခါးအင်းမှာလည်း အတန့်အသင့်ထွက်ရှိပြီး ကျန်နေရာများမှာ အနည်းငယ်သာထွက်သည်။ တွင်းတောင်မှ စိမ်းပြာရေညှိထုတ်လုပ်ရန် ၁၉၈၄ ခုနှစ်တွင် သုတေသနပြုပြီး ၁၉၈၈ ခုနှစ်မှ စတင်၍ ထုတ်လုပ်ခဲ့သည်။
‘‘တစ်ချိန်တုန်းက စိမ်းပြာရေညှိကို တွင်းတောင်ရွာက တိရစ္ဆာန်အစာအဖြစ်ပဲ သုံးခဲ့တယ်။ သုတေသနလုပ်ငန်းတွေ အောင်မြင်လာတဲ့နောက်ပိုင်း ဆေးဝါးနဲ့ စားသောက်ကုန်တွေအထိ ထုတ်လုပ်နိုင်ခဲ့တယ်’’ဟု တွင်းတောင်စိမ်းပြာရေညှိထုတ်လုပ်ရေး စခန်းတာဝန်ခံ ဦးစည်သူက သုတေသနလုပ်ငန်းများအစကို ပြောပြသည်။
မြန်မာနိုင်ငံရှိ တွင်းတောင်စိမ်းပြာရေညှိမှာ အထွက်နှုန်းအကောင်းဆုံးအပြင် အရည်အသွေးမှာလည်း အကောင်းဆုံးဖြစ်ခဲ့ပြီး ဆေးဖက်ဝင်သည့်အတွက် ဆေးဝါးပစ္စည်း၊ အလှကုန်၊ စားသောက်ကုန်တို့တွင် အသုံးပြုခဲ့သည်။ ‘‘စိမ်းပြာရေညှိဆေးကို တစိုက်မတ်မတ် သုံးနေတဲ့သူတွေရှိတယ်။ ရေညှိမထွက်တော့ဘူးဆိုရင် အဲဒီလိုစားသုံးသူတွေအတွက် အခက်အခဲဖြစ်မယ်’’ဟု မုံရွာတက္ကသိုလ် ဘူမိဗေဒဌာနပါမောက္ခမှူး ဒေါက်တာဇော်မြင့်နီကပြောသည်။
တွင်းတောင်တွင် စိမ်းပြာရေညှိတစ်ခုတည်းတင် ပျောက်ကွယ်သွားခြင်းမဟုတ်ပါ။ တွင်းတောင်၏ အခြားလူသိများသည့် ၀ိသေသတစ်ခုဖြစ်သော တွင်းပိုးကောင်များလည်း မထွက်တော့ကြောင်း တွင်းတောင်အနီးရှိ တွင်းတော်ကျေးရွာ ဒေသခံများက ပြောသည်။ ရွာရှိလူဦးရေ၏ လေးပုံသုံးပုံခန့်က တွင်းပိုးဖမ်းသည့် လုပ်ငန်းအား ယခုလို မိုးရာသီကာလတွင် လုပ်ကိုင်ခဲ့ကြရာ ယခုနှစ်တွင်မူ တွင်းပိုးထွက်ရှိမှု မရှိတော့ခြင်းကြောင့် အခြားလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်နေရကြောင်း ဒေသခံများကပြောသည်။ တွင်းတော်ရွာတွင် လူဦးရေ ၁၂၀၀ ကျော်ရှိကာ တွင်းပိုးရောင်းရသော ရက်များက တစ်ရက်လျှင် တစ်အိမ်လျှင် ကျပ်တစ်သောင်းဝန်းကျင် ၀င်ငွေရလေ့ရှိသည်။ တွင်းတောင်အင်းပတ်လည်တွင် ကျောက်တန်းစီကာ ကွန်ကရစ်လောင်းလိုက်သည့်အတွက် တွင်းပိုးအောင်းရန် နေရာမရှိတော့ကြောင်း ဒေသခံများကပြောသည်။ ထို့အပြင် တွင်းတောင်အင်းအတွင်း ငါးများပေါများလာခြင်းက စိမ်းပြာရေညှိအပြင် တွင်းပိုးကိုပါ ပျောက်ကွယ်စေခဲ့သည်ဟု ထင်မြင်ကြောင်း ဒေသခံတို့က ထင်မြင်ယူဆနေသည်။
‘‘တွင်းထဲမှာ အရင်က ငါးမရှိဘူး။ အခုငါးတွေပေါလာတော့ ငါးတွေစားတာလည်း ဖြစ်နိုင်တယ်’’ဟု ဒေသခံ ဦးဉာဏ်လင်းက ပြောပါသည်။
တွင်းတောင်အင်းအတွင်း ယခင်က ငါးများ နေထိုင်ကျက်စားခြင်း မရှိခဲ့သော်လည်း တွင်းတောင်အတွင်း တွင်းတော်ရွာတည်ရှိခဲ့စဉ်အချိန်က ကွမ်းစိုက်ပျိုးရေးအတွက် ရေချိုတွင်းများရှိခဲ့ပြီး အဆိုပါ ရေချိုတွင်းများအတွင်း ငှက်ဖျားရောဂါကာကွယ်ရေးအတွက် ငါးများမွေးမြူခဲ့ရာမှ အင်းအတွင်း ၀င်ရောက်ပေါက်ဖွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ပညာရှင်များကပြောသည်။ တွင်းတောင်အင်းအတွင်း ပေါက်ဖွားနေသည့် ငါးအမျိုးအစားမှာ တီလားဗီးယားငါးမျိုးဖြစ်ပြီး အဆိုပါငါးများ ပေါက်ဖွားမှုလျော့ကျစေရန် ရေလုပ်သား ငါးဦးမှဆယ်ဦးအထိ အသုံးပြုကာ စတင်ဖမ်းဆီးနေပြီး အင်းအတွင်း ငါးများမရှိတော့စေရန် စီမံကိန်းရေးဆွဲ၍ ဆက်လက်ဆောင်ရွက်သွားမည်ဟု စခန်းတာဝန်ခံ ဦးစည်သူကပြောသည်။
တီလားဗီးယားငါးများမှာ စိမ်းပြာရေညှိများကို ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရပြီး အဆိုပါငါးများကို တွင်းတောင်အင်းအတွင်းမှ ပိုက်ကွက်အရွယ်စုံသုံး ရှင်းလင်းရန် လိုအပ်နေကြောင်း ပါမောက္ခ ဒေါက်တာဇော်မြင့်နီက အကြံပြုသည်။
စိမ်းပြာရေညှိမထွက်ရှိတော့ခြင်းမှာ ရေချိုနှင့် တီလားဗီးယားငါးများကြောင့်အပြင် ရာသီဥတုဖောက်ပြန်ခြင်း၊ ဂေဟစနစ် ပြောင်းလဲလာခြင်း၊ အလင်းရောင်နှင့် အပူချိန်ပြောင်းလဲခြင်း အစရှိသည့် အချက်များလည်း ပါဝင်ကြောင်း၊ စပီရူလိုင်းနားမျိုးဆက်များ မကုန်ဆုံးစေရေး၊ ဂေဟစနစ်ပြောင်းလဲပျက်စီးခြင်းမရှိစေရေး မူလသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း မုံရွာတက္ကသိုလ်ရုက္ခဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာအုန်းမောင်ကလည်း ပြောသည်။
စိမ်းပြာရေညှိ အထွက်လျော့စေသည့် ရေချိုဝင်ရောက်မှု လမ်းကြောင်းတစ်ခုအဖြစ် တွင်းတောင်အနီးရှိ မြစ်ရေတင်စီမံကိန်း ရေသွင်းမြောင်းကို လက်ညှိုးထိုးမှုများရှိနေ၍ အဆိုပါရေသွင်းမြောင်းမှ စိုက်ပျိုးရေမရရှိတော့မည်ကို ဒေသခံတောင်သူများက စိုးရိမ်လျက်ရှိသည်။
‘‘လက်ရှိစိမ့်ရေထွက်ရှိတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကတည်းက ရှိခဲ့တာ။ ဆည်မြောင်းပိတ်မယ်၊ ရေပိတ်မယ်ဆို အဆင်မပြေတော့ဘူး။ ဒီမြစ်ရေတင်စီမံကိန်းကြောင့် တစ်သီးစားကနေ သုံးသီးစားစိုက်နိုင်တာ’’ဟု ဒေသခံတောင်သူ ဦးဉာဏ်လင်းကပြောပါသည်။ အဆိုပါမြစ်ရေတင်စီမံကိန်းအား မှီခိုနေသူ ကျေးရွာပေါင်းသုံးဆယ်ဝန်းကျင်ခန့်ရှိပြီး ယင်းဒေသများမှာ မိုးခေါင်ရေရှားဒေသဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံး မှီခိုစိုက်ပျိုးနေရကြောင်း ဒေသခံတောင်သူများကပြောသည်။
ရေငန်တွင်ထွက်ရှိသည့် စိမ်းပြာရေညှိသည် PH အဆင့် ၁၀ တွင် သဘာဝအတိုင်းထွက်ရှိပြီး လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်က စတင်ခဲ့သော မြစ်ရေတင်စီမံကိန်းကြောင့် ရေချိုဝင်ရောက်ကာ PH အဆင့် ၈ ဒသမ ၆ သာရှိတော့သည့်အတွက် အထွက်နှုန်းလျော့သွားရာမှ လုံးဝမထွက်တော့ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးညိုမောင်ကပြောသည်။
ထိုသို့ အထွက်နှုန်းလျော့ကျလာသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသော ရေခါးအင်းမှ စိမ်းပြာရေညှိကို တွင်းတောင်ထဲသို့ထည့်၍ ပြန်လည်မွေးမြူသော်လည်း မရတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
‘‘PH Level မြင့်မှပဲ ရတော့မယ်။ လာလေ့လာသွားတဲ့ တရုတ်ပညာရှင်တွေကလည်း ရေချိုဝင်ရောက်တာကြောင့်လို့ ပြောသွားတယ်။ မနှစ်က နှစ်ဆယ်ရာခိုင်နှုန်း ထွက်တာကနေ ၆ လကြာ ဒီနှစ်မှာ လေ့လာကြည့်တော့ လုံးဝမပေါက်တော့ဘူး’’ဟု ဦးညိုမောင်ကဆိုသည်။
တွင်းတောင်စိမ်းပြာရေညှိမှ ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နေသော ဒေါက်တာမင်းသိမ်းက တွင်းတောင်တွင် ရေချိုဝင်ရောက်လာခြင်းကြောင့် PH Level ကျဆင်းလာပြီး စိမ်းပြာရေညှိများပွားများလာမှု မရှိတော့ခြင်း၊ ထို့အပြင် တွင်းအတွင်းရှိ ငါးများကလည်း စိမ်းပြာရေညှိများကို စားသုံးသည့်အတွက် လျော့နည်းရာမှ လုံးဝမထွက်ရှိတော့ခြင်းဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြောသည်။
ထို့အပြင် တွင်းတောင်တွင် စိမ်းပြာရေညှိမျိုးပွားတိုးတက်ရေးကို ရည်ရွယ်ကာ ယူရီးယားနှင့် ဓာတုပစ္စည်းများ ထည့်သွင်းရာတွင် ယခင်ကာလများထက် ငါးဆခန့်ပိုမိုသုံးစွဲခြင်းကို သုံးသပ်တွေ့ရှိခဲ့ရသည်ဟု ပညာရှင်များကပြောသည်။ ထို့ကြောင့် ဓာတုပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများကို အထူးဂရုပြုသင့်ပြီး ယင်းတို့အား ထည့်သွင်းမှုကို ထိန်းချုပ်သင့်ကြောင်း သတိပေးဆွေးနွေးခဲ့သည်။
ဒေါက်တာဇော်မြင့်နီကတော့ တွင်းတောင်မှရေညှိ ရုတ်တရက် ကျဆင်းသွားရခြင်းသည် ရေသွင်းမြောင်းမှတစ်ဆင့် ရေချိုဝင်ရောက်နိုင်သည့် အက်ကွဲကြောင်းကြောင့် ဖြစ်နိုင်ခြေနည်းပါးကြောင်း ပြောသည်။
စိမ်းပြာရေညှိကိုမူ မူလအတိုင်း အထွက်နှုန်းတိုးတက်စေရန် မြစ်ရေတင်စီမံကိန်းမှ စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းခြင်းနှင့် စပါးစိုက်ပျိုးရန် ဖောက်လုပ်ထားသည့်မြောင်းကို ကွန်ကရစ်မြောင်းအဖြစ် ပြန်လည်ပြောင်းလဲ လုပ်ဆောင်သင့်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက အကြံပြုထားသည်။
တွင်းတောင်အင်းတွင် စိမ်းပြာရေညှိ ပြန်လည်ရှင်သန်လာရန် ရေအောက်ရှိ မြေဆီလွှာကို ညစ်ညမ်းစေခြင်းမှ ကာကွယ်ပေးရန်၊ အင်းအတွင်း ပေါက်ပွားလာသော တီလားဗီးယားငါးများ ပျောက်ကွယ်သွားအောင် ဆောင်ရွက်ရန်၊ စပီရူလိုင်းနားပေါက်သော အင်းအတွင်း သဘာဝဂေဟစနစ်မပျက်စီးရန် အင်းပတ်ဝန်းကျင်၌ ဓာတုမြေသြဇာများ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ အလွန်အမင်း သုံးစွဲခြင်းမပြုရန်၊ စပီရူလိုင်းနားမျိုးဆက်များ မကုန်ဆုံးစေရန်အတွက် ဂေဟစနစ်ကို ပြောင်းလဲပျက်စီးခြင်းမရှိစေရန် မူလသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ တွင်းတောင်အင်းအတွင်း မိုးရေ၀င်ရောက်ပြီး ရေမြင့်တက်ခြင်းနှင့် PH ပြောင်းလဲခြင်းမှ ကာကွယ်ရန်၊ တွင်းတောင်အင်း၏ ဘေးပတ်လည် သဘာဝမြေဆီလွှာတွင် ရေစုပ်အားကောင်းမွန်ပြီး ပင်ငွေ့ပြန်နှုန်းများသည့် အပင်များ ချိန်ဆစိုက်ပျိုးပေးသင့်ကြောင်း မုံရွာတက္ကသိုလ် သတ္တဗေဒဘာသာရပ် လေ့လာတွေ့ရှိချက်အပေါ် အခြေခံ၍ အကြံပြုထားသည်။
တွင်းတောင်အင်းစိမ်းပြာရေညှိ(ရေချိုတွင်ပေါက်ပွားသော ရေညှိများ)နှင့် အင်းအတွင်း ပေါက်ဖွားနေသောငါးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများအား ကာလတို၊ ကာလရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် စီစဉ်နေကြောင်း ဦးစည်သူကပြောကြားခဲ့သည်။
တွင်းတောင်အင်းကြီးကြောင့် အံ့သြခဲ့ရသည့် ဦးငွေမောင်သိန်းတစ်ယောက် နောက်ထပ်အံ့သြစရာတွေ ဖြစ်လာမှာ စိုးရိမ်နေပုံရသည်။ သူက တွင်းတောင်အင်းဘက် တစ်ချက်လှမ်းကြည့်ရင်းပြောသည်။ ‘‘ဖြစ်ရပ်အမှန်ကို သေချာရှာစေချင်တယ်။ စပီရူလိုင်းနား ထုတ်လုပ်တာကိုလည်း မထိခိုက်စေချင်ဘူး။ နည်းလွဲသွားပြီး ဒေသခံတောင်သူတွေကိုလည်း မနစ်နာစေချင်ဘူး’’ဟု ဒေသခံ ဦးငွေမောင်သိန်းက ပြောလိုက်ပါတော့သည်။

7Day Daily
0 comments:
Post a Comment