Wednesday, June 18, 2014

အနီကတ်ထိခဲ့သည့် ပေါ်တူဂီခံစစ်မှူး ပီပီကို မော်ရင်ဟိုဝေဖန်



ပီပီသည် ဂျာမနီကို (၄)ဂိုးပြတ် အရေးနိမ့်သည့် ပွဲစဉ်၌ ပြိုင်ဘက်တိုက်စစ်မှူး သောမတ်စ်မူလာ လဲကျနေချိန်၌ ခေါင်းဖြင့်တိုက်ရင်း ရန်လိုပြောဆိုခဲ့ခြင်းကြောင့် အနီကတ် ထိခဲ့ခြင်း ဖြစ်သည်။ ပီပီ၏ အနီကတ်သည် ယခုပြိုင်ပွဲတွင် တတိယမြောက်ဖြစ်လာပြီး ယင်းမတိုင်မီက ဥရုဂွေးမှ မက်စီမီလီယာနို ပီယဲရာနှင့် ဟွန်းဒူးရပ်စ်မှ ဝီလ်ဆင်ပလာစီယို့စ်တို့ ထုတ်ပယ်ခံထားရဖူးသည်။ရီးယဲလ်မက်ဒရစ် နည်းပြဘဝက ပီပီနှင့် အတူတွဲ အလုပ်လုပ်ခဲ့ဖူးသည့် ပေါ်တူဂီသား မန်နေဂျာက မိမိ၏ ဇာတိနိုင်ငံ ကိုယ်စားပြုအသင်း ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ခြင်းကို စိတ်ပျက်နေပြီး ထိုပွဲတွင် အထုတ်ပယ်မခံရမီ ကတည်းက ပီပီအနေဖြင့် အမှားများ ရှိနေကြောင်း ထောက်ပြပြောဆိုသွားသည်။

မော်ရင်ဟိုက “အနီကတ် ထိခဲ့တဲ့ အခြေအနေမှာ ပီပီဟာ ကိုယ့်ခြေထောက်ထဲက ဘောလုံးကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဒီအတွက် မူလာက ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ရန်လိုသင့်တဲ့ အခြေအနေ တစ်ခုမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ပီပီက တိုက်ရိုက်အနီကတ်နဲ့တော့ မထိုက်တန်တာမျိုး ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်အမူအယာကို မြင်လိုက်တဲ့အခါ ဒိုင်လူကြီးက ခုလိုဆုံးဖြတ်ချက်မျိုး ချမိဖို့ တွန်းအားအများကြီး ဖြစ်သွားစေမှာပဲ။ (၁၀)ယောက်ကျန် အနေအထားနဲ့ အချိန်အကြာကြီး ဆက်ကစားရတဲ့အခါ အသင်းအတွက် တော်တော်ကို အားလျော့သွားပြီလေ”ဟု ဆိုသည်။

မော်ရင်ဟိုက ပီပီအနေဖြင့် အနီကတ်ပြ ထုတ်ပယ်မခံရမီ ဂျာမနီအသင်းအတွက် ဒုတိယဂိုး သွင်းခဲ့သော မတ်စ်ဟမ်မဲလ်စ်ကိုလည်း တားဆီးနိုင်ခဲ့သင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒုတိယဂိုးလည်း သူ့အမှားပဲလို့ ကျွန်တော်ထင်တယ်။ သူက ခံစစ်မှာ ဇုန်နေရာတစ်ခု တာဝန်ယူထားတယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေကို လူကပ်ဖို့ မကြိုးစားဘူး။ မတ်စ်ဟမ်မဲလ်စ်ရော၊ ဆမ်မီခီဒီရာပါ လုံးဝ လွတ်နေတယ်။ သူနဲ့ တစ်ယောက်မှ ပူးပူးကပ်ကပ် ရှိမနေခဲ့ဘူး။ ဟမ်မဲလ်စ်က ဘာအဟန့်အတားမှ မရှိဘဲနဲ့ ဒုတိယဂိုးကို သွင်းသွားနိုင်ခဲ့တာပါ”ဟုလည်း မော်ရင်ဟိုက ပြောကြားသွားသည်။

_Ref; Dailymail

7Day Daily

0 comments:

Post a Comment