Sunday, June 22, 2014

နိုင်ငံရေးနှင့် တော်လှန်ရေး


ဒီမိုကရေစီစံနစ်နှင့် အုပ်ချုပ်သော ဖွံ့ဖြိုးပြီး ယဉ်ကျေးသောနိုင်ငံတို့တွင် နိုင်ငံရေးသမားများသည် နိုင်ငံရေးလှုပ်ရှားမှုလုပ်ကြသည်။ နိုင်ငံရေးအတွက် နိုင်ငံရေး သိပ်္ပံပညာ၊ နိုင်ငံရေးတက္ကသိုလ်တို့မှလည်း နိုင်ငံရေးဘာသာရပ်ကို အကျယ်တ၀င့် သင်ကြားပေးကြသည်။ ဂရိပညာရှိ ပြောသလို လူဆိုသည်မှာ နိုင်ငံရေး သတ္တ၀ါပင် မဟုတ်ပါလော။ အစစ အရာရာ၊ လူတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု အားလုံးသည် နိုင်ငံရေးအပေါ်မှာ အခြေခံပါသည်။ နိုင်ငံရေးစံနစ် မကောင်းလျှင် ထိုနိုင်ငံမှာနေထိုင်သည့်လူများသည် ဖွတ်ကျောပြာစု ခရုဆံကျွတ် ဖြစ်ကြရသည်။ ထို့ကြောင့် ဒီမိုကရေစီစံနစ်မှာ နိုင်ငံရေးသည် အရေးကြီး ပါသည်။ နိုင်ငံရေးသည် သိပ္ပံပညာတရပ် ဖြစ်သည်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးဆိုလျှင် ဘီလူးသန်ဘက်လို လူတွေကြောက်လန့်အောင် အုပ်စိုးသူ လူတန်းစားက ခြောက်လှန့်ထားသည်။ ဖမ်းဆီးထောင်ချ ညှဉ်းဆဲသတ်ဖြတ်သည်။
တကယ်တော့ နိုင်ငံရေးထက် အာဏာရှင်စံနစ်ကသာ ဘီလူးသန်ဘက်တကောင် မဟုတ်ပါလား။

ဒီမိုကရေစီနိုင်ငံကြီးများမှာ လူထုက မနှစ်သက်သော ဥပဒေတရပ်။ လူထုသဘောမတူသည့်ကိစ္စရပ်များကို အုပ်ချုပ်သူ အစိုးရအဖွဲ့က ခိုးကြောင်ခိုးဝှက် သို့မဟုတ် အတင်းအဓမ္မပြုလုပ်လာလျှင် လူထုသည် ဆန္ဒပြကြသည်။ ဆန္ဒပြပိုင်ခွင့်လည်း ရှိသည်။ မြန်မာပြည်မှာလို ဆန္ဒပြပါမည်ဟု ကြိုတင်ခွင့်တောင်းနေစရာမလို။ လူဘယ်နှယောက်သာ ပြခွင့် ရှိသည်ဟု မကန့်သတ်၊ ဆန္ဒပြ၍ဟုဆိုကာ သေနတ်နှင့် ပစ်မသတ်၊ အမြောက်ကျည်ဆန် မီးလောင်ဗုံးများနှင့်လည်း ပစ်မသွင်း၊ ဆွေးနွေး အဖြေရှာပြီး လုပ်ဆောင်ပေးသည်။ ပြည်သူကို ရန်သူဟု မသတ်မှတ်၊ အစိုးရ ကိုယ်တိုင်က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားရသူများ မဟုတ်ပါလား။

ထို့ကြောင့် ဆန္ဒပြသည်ဆိုသည်မှာ ဒီမိုကရေစီစံနစ်တွင်သာ လုပ်ရမည့်အလုပ်ဖြစ်ပါသည်။ ဒီမိုကရေစီမဟုတ်ပါဘဲ ဒီလိုအနုနည်း လုပ်နည်း လုပ်ဟန်တို့မှာ ကျားရှေ့မှာ ပုတီးသွားစိပ်ပြနေတာနှင့်သာ တူပါသည်။
၈၈ လူထုလှုပ်ရှားမှုကြီးတုန်းကလည်း ကျောင်းသားများ အစာငတ် ခံ ဆန္ဒပြခဲ့ဖူးသည်။ ဘယ်သူကမျှ အသိအမှတ် မပြုသည့်အပြင် သေနတ်နှင့်ပစ်၍ ထွက်ပြေးသူထွက်ပြေး၊ သေသူသေခဲ့သည်။ ဆန္ဒပြသည်ဆိုသည်မှာ ဒီမိုကရေစီနိုင်ငံများ ယဉ်ကျေးပြီးသောနိုင်ငံများမှလုပ်ရပ်သာဖြစ်ပါသည်။

ယခုမြန်မာနိုင်ငံသည် ဘယ်သို့သောနိုင်ငံပါလဲ။ ယဉ်ကျေးသော ဒီမိုကရေစီနိုင်ငံလော၊ သို့မဟုတ် ဒီမိုကရေစီစံနစ်သို့ အမှန်အကန် ပြောင်းလဲဖို့ ကြိုးစားနေသော နိုင်ငံလော။ သို့မဟုတ် ဖက်ဆစ်စံနစ်၊ နာဇီစံနစ်၊ ကိုလိုနီကျွန်ပြုသည့်စံနစ်နှင့်သာ သွားနေသောနိုင်ငံလော။
အပေါ်ယံက ဒီမိုကရေစီမိတ်ကပ်လိမ်းကျံထားသော စစ်အာဏာရှင် စံနစ်လော။ တဖွဲ့တပါတီ လူတစုကောင်းစားရေးကိုသာ လုပ်ဆောင်နေ သော ကိုယ်ကျိုးရှာမသမာသောအဖွဲ့၏ အုပ်ချုပ်ရေးလော။ ရက်စက် ရိုင်းစိုင်းကြမ်းတမ်းသော ဖက်ဆစ်စံနစ်အောက်တွင် ဆန္ဒပြခြင်း၊ ဖယောင်း တိုင်ထွန်းညှိခြင်း ဆုတောင်းပွဲပြုလုပ်ခြင်း၊ ဂီတပွဲတော်လုပ်ခြင်းစသည်တို့ မှာ ဘယ်လို အရာထင်နိုင်မှာပါလဲ။

လျှပ်စစ်မီးကိစ္စကို ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတော့ ဖယောင်းတိုင်ကို ကိုယ့်အိမ်ကိုယ်ထွန်းရင် ပိုအကျိုးရှိမယ်ဟု စစ်အသွင်ကနေ ပုဆိုး ၀တ်ကာ လူယောင်ဆောင်ထားသော ပုဂ်္ဂိုလ်တဦးက ပြောလိုက်သည်။ လူထုဆန္ဒကို သရော်စော်ကားပြုလိုက်သည်။

အတိုက်အခံများကို ဖြေသိမ့်သည့်အနေနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုသည့်စကားပြောနေသည်မှာလည်း မကြာခဏ ကြားလာရသည်။
ဘယ်လိုအမျိုးသား ပြန်လည်သင့်မြတ်ရေးလဲ။

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ လက်ရှိ အုပ်ချုပ်နေ သော အစိုးရမကြိုက်တာ ဘာမှမလုပ်နဲ့၊ ဒါဆိုရင် အမျိုးသားပြန်လည် သင့်မြတ်မယ်ဟူ၍တည်း။ တကယ်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး သည် အတိုက်အခံများ၊ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး အချင်းချင်း ကြိုးပမ်းကြရမည့် အရေးသာဖြစ်သည်။ ယခုလက်ရှိ ငွေကြေးအကုန် အကျခံ၊ စရိတ်စက အကုန်အကျခံကာ အဆောင်အယောင် လုပ်ထားသော မြန်မာငြိမ်းချမ်းရေးစင်တာဆိုသည်မှာကော ပြည်သူလူထုအကျိုးအတွက် ဘယ်လောက်အထိ ထိရောက်စွာ ဆောင်ရွက်ဖူးပါသလဲ။ ပြည်သူလူထု စိတ်ဝင်တစား ပါဝင်ကြပါပြီလား။ ပါဝင်အောင်ကော ဘာတွေလုပ်ပေးပါ သလဲ။ ပြည်သူလူထုအားကိုးရသည့် ငြိမ်းချမ်းရေးစင်တာပါလား။ ဘယ်လောက် ငြိမ်းချမ်းသွားပါပြီလဲ။

တကယ်တော့ ဒီမိုကရေစီစံနစ်နှင့် အုပ်ချုပ်ခြင်းမဟုတ်လျှင် ဆန္ဒပြခြင်း၊ ဆုတောင်းခြင်း၊ ပွဲတော်လုပ်ခြင်းစသည်တို့မှာ ဘာတစ်ခုမျှ အရာ ထင်သည့်လုပ်ရပ်များ မဟုတ်ပါ။

လူသားစားကျားကို စောင်းတီးပြခြင်းသာ ဖြစ်ပါသည်။
ဖက်ဆစ်ဂျပန်အောက်က လွတ်မြောက်ရန် ဗိုလ်ချုပ်အောင်ဆန်း နှင့်ရဲဘော်သုံးကျိပ်၏ ကြိုးပမ်းမှုကို သတိမူရပါလိမ့်မည်။ ထိုအချိန်မှာ တော်လှန်ရေးသာ မလုပ်ခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေးလည်း ရမည် မထင်။ ကိုလိုနီနယ်ချဲ့အောက်ကလည်း လွတ်မည်မထင်ပါ။ ကိုလိုနီနယ်ချဲ့က ဖက်ဆစ်ထက် ဉာဏ်နီဉာဏ်နက် သာပါသေးသည်။ ဖက်ဆစ်ဝါဒမှာမူ ဘာဉာဏ်မှ ကူစရာမလို၊ ရက်စက်ခြင်း၊ သတ်ဖြတ်ခြင်းဖြင့် အုပ်ချုပ်မည့် အစိုးရဖြစ်သည်။

ထိုဖက်ဆစ်အစိုးရကို လူထုဆန္ဒပြခြင်းဖြင့် တောင်းဆိုဖူးပါသလား။ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးသမားများ ဘယ်လိုလုပ်ဆောင်သွားပါ သလဲ။ ဖိနှိပ်ညှဉ်းဆဲမှုအောက်မှ လွတ်မြောက်ရန်မှာ ဒီမိုကရေစီနိုင်ငံကြီးများ၏ လမ်းစဉ်သို့လျှောက်၍ မရနိုင်။ အဖိနှိပ်ခံပြည်သူများ အချင်းချင်း သွေးစည်းညီညွတ်ရန် အရင်ဆုံး ကြိုးပမ်းရပါမည်။ အချင်းချင်း ညီညွတ် ပြီးမှသာ လွတ်မြောက်ရန်လမ်းစကို ရှာရပါလိမ့်မည်။
အချင်းချင်းကို သွေးခွဲခြင်း၊ အထိတ်တလန့် ဖြစ်စေခြင်း၊ လူမျိုးရေး ဘာသာရေး သွေးထိုးလှုံ့ဆော်ပေးခြင်း၊ ပြည်သူကြားထဲသို့ လာဘ်သပ်ပကာ ပေး၍ (အရိုးအရင်းလေးပေးပြီး) စည်းရုံးခြင်း၊ လူထုခေါင်းဆောင်ကို လိုလားသယောင်မြှောက်ပေးကာ ပူးသတ်ခြင်း၊ လူထုခေါင်းဆောင်နှင့် လူထုကို အထင်အမြင်လွဲမှားအောင် ကြံစည်ခြင်းစသည့် မသမာသောနည်း လမ်းပေါင်းစုံကို လူထုသည် အမြော်အမြင်ရှိရှိ ကြည့်ရှုဝေဖန်သုံးသပ်ချင့် ချိန်စဉ်းစားရမည် ဖြစ်သည်။ လူထုမှာ ခံစားမှုက သင်ကြားပေးသော (ခံရဖန်များ၍ သိနားလည်ပြီးသော) အသိပညာများ ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့သည်။ လွတ်လပ်ရေးရပြီးလျှင် ဒီမိုကရေစီစံနစ်နှင့် သွားမလား၊ ဆိုရှယ်လစ်စံနစ်နှင့် သွားမလား၊ ထိုအခါ ကျမှ ဘယ်လိုစံနစ်နှင့်သွားမလဲဟု လုပ်ကြရမည်။ ယခုအခါမှာ လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ ဖြစ်သည်။ အရေးအကြီးဆုံးဖြစ်သည်ဟု ပြောကြားသွားခဲ့ပါ သည်။ မလွတ်လပ်သေးသော ပြည်သူလူထုကို ပြောကြားသွားသော စကားများ ဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပါသည်။ မြန်မာပြည်၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟု ပြောခဲ့ပါသည်။
ထို့ကြောင့် နိုင်ငံရေးသည် လွတ်လပ်ပြီးသော ဖွံ့ဖြိုးပြီး ယဉ်ကျေးသောနိုင်ငံတို့၏ အလုပ်ဖြစ်သည်။ တော်လှန်ရေးကား မလွတ်လပ်သေးသော၊ မဖွံ့ဖြိုး မတိုးတက်သေးသော၊ မယဉ်ကျေးသော အဖိနှိပ်ခံပြည်သူ တို့၏ အရေးသာဖြစ်ပါကြောင်း . . .။

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment