Monday, June 23, 2014

ဂရိတ်ပါဝါတို့၏ အန္တရာယ်ဇုန်လား - အပိုင်း-၁ (မှူးဇော်)


● အိန္ဒိယသမုဒ္ဒရာ ဟောကိန်း ●

လွန်ခဲ့သော ငါးနှစ်က ပထ၀ီနိုင်ငံရေးပညာရှင် ရောဘတ်ကက်ပလန်းက ကမ္ဘာကြီး၌ အိန္ဒိယ သမုဒ္ဒရာသည် အချက်အခြာဖြစ်လာမည် ဟူ၍ ဟောကိန်းထုတ်ခဲ့သည်။ ယခုအခါ အဆိုပါအိန္ဒိယသမုဒ္ဒ ရာသည် ၂၁ ရာစု၏ တင်းမာမှုဇစ်မြစ် (သို့မဟုတ်) ယုံကြည်မှုဇစ်မြစ် ဖြစ်လာနေပြီလား ဟူသည်ကို အကျိုးအမြတ်မယူသည့် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော CAN Corporation ၏ မဟာဗျူဟာ လေ့လာသူ Nilanthi Samaranayake က လေ့လာသုံးသပ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ကက်ပလန်း ၏ ၂၀၀၉ ခုနှစ် ဟောကိန်းအရ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ယဉ်ကျေးမှုနှင့်နိုင်ငံရေး ကွင်းဆက်သည် အိန္ဒိယ သမုဒ္ဒရာ ဟု ဆိုသည်။ စွမ်းအင်လုံခြုံရေးနှင့် ပထ၀ီနိုင်ငံရေးတို့သည် အိန္ဒိယ သမုဒ္ဒရာတွင် ဆုံချက်ဖြစ်နေပြီး အမေရိကန်ပြည်ထောင်စုမှ အာရုံစိုက်ရမည့် (၂)နိုင်ငံမှာ အိန္ဒိယနှင့် တရုတ် ဟု ဆိုခဲ့သည်။ နိုင်ငံအရွယ်အစားကြီးမားမှု၊ စီးပွားရေးတိုးတက်မှု၊ ပင်လယ်ပြင်လမ်းကြောင်းများ အပေါ် မှီခိုအားထား ပြုနေရမှု စသည်တို့အရ အိန္ဒိယ-တရုတ်နှစ်နိုင်ငံအကြား ပြင်းထန်သော အားပြိုင်မှု နှင့်အတူ ဂရိတ်ဂိမ်း ဖြစ်ပေါ်လာမည် ဟု ၄င်းက ဆိုသည်။အိန္ဒိယသမုဒ္ဒရာ ဂရိတ်ဂိမ်းအတွက် အဖြေမှာ အမေရိကန်နိုင်ငံအနေဖြင့် အကျိုးဆောင်အခန်းကဏ္ဍရယူ၍ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင် ရေး ပင်ဖြစ်သည် ဟု ကက်ပလန်းက ဆိုသည်။ ယခုအခါ ကက်ပလန်း၏ ဟောကိန်း(၅)နှစ်ပြည့်မြောက် လာချိန်တွင် မည်မျှ မှန်၍ မည်မျှ လက်တွေ့ဖြစ်ပေါ်လာသည်ကို ပြန်လည်ဆန်းစစ်ရမည် ဟု စာတမ်းရှင် က ဆိုသည်။ အိန္ဒိသမုဒ္ဒရာ ကမ်းခြေမှ မြန်မာနိုင်ငံအနေဖြင့် ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံရေး မဟာဗျူဟာ အရွေ့ကို သိရှိနိုင်စေရန်အတွက် ယင်းစာတမ်းရှင်၏ လေ့လာချက်ကို ကောက်နှုတ်ဖော်ပြလိုက်ရပေသည်။

● စွမ်းအင်နှင့် အိန္ဒိယသမုဒ္ဒရာ ●

လွန်ခဲ့သော(၅)နှစ်က ကက်ပ်လန်းက အိန္ဒိယသမုဒ္ဒရာသည် ပင်လယ်ရေကြောင်းတွင် အရေးကြီး လှသော စွမ်းအင်နှင့် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည် ဟု ဆိုခဲ့သည်။ ယင်းအချက်သည် (၅)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် ဆက်လက်မှန်ကန်နေဆဲ ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် မှုအားလုံး၏ (၃၀%)ကို အိန္ဒိယသမုဒ္ဒရာကမ်းခြေရှိ ဆိပ်ကမ်းများတွင် ကိုင်တွယ်နေခြင်းသည် ကမ္ဘာလုံး ဆိုင်ရာ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ဤဒေသ၏ အရေးပါမှုကို ဖော်ပြနေခြင်း ဖြစ်သည်။ ကက်ပ် လန်း တင်ပြခဲ့သည့်အတိုင်း အိန္ဒိယသမုဒ္ဒရာ ရေနံတင်ပို့မှုလမ်းကြောင်းသည် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများသို့ သွားလာမှုများ ပိုမိုများပြားလာခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ အများဆုံးရေနံတင်ပို့သည့်နိုင်ငံအဖြစ် ရယူထားသော အမေရိကန်နိုင်ငံ၏နေရာကို ၂၀၁၃ ခုနှစ်အတွင်း က ကျော်ဖြတ်သွားခဲ့ပြီး ဖြစ်သည်။ ကက်ပ်လန်း၏ လေ့လာချက်ထွက်ရှိလာပြီးနောက်ပိုင်း အမေရိကန် နိုင်ငံတွင် စွမ်းအင်အတွက် အခြားအရင်းအမြစ်များ အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လာခဲ့ကြောင်း တွေ့ရှိရသော်လည်း အာရှနိုင်ငံများမှာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းသယ်ယူရသည့် ရေနံနှင့် ရေနံထွက် ပစ္စည်းများ၊ ယင်းလမ်းကြောင်းအပေါ် ထိန်းချုပ်ထားနိုင်မှုများ စသည်တို့အပေါ် ပိုမို၍ မှီခိုအားထားလာခဲ့ ကြရသည်။

တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား ဂရိတ်ပါဝါအားပြိုင်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သည် ဟု ကက်ပ်လန်းက ခန်မှန်းခဲ့သော်လည်း ၂၀၁၃ ခုနှစ်အတွင်း နယ်စပ်ပြဿနာအကြောင့်ပြု၍ တင်းမားမှုများ ဖြစ်ပေါ်ခဲ့သည်မှအပ (၅)နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည့် လက်ရှိအချိန်တွင် ကြီးကြီးမားမား အားပြိုင်မှုများ ထွက်ပေါ်လာခဲ့ခြင်း မရှိခဲ့ပေ။ ၁၉၉၀ ပြည့်နှစ်များတွင် ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက် အိန္ဒိယ စီးပွားရေး တိုးတက်လာခြင်းကြောင့် ကာကွယ်ရေးဘတ်ဂျက် တိုးမြင့်လာခဲ့ပြီး အိန္ဒိယသမုဒ္ဒရာအတွင်း အိန္ဒိယရေတပ်အနေအထားကို ခိုင်မာတောင့်တင်းလာစေခဲ့သည်။ ၂၀၁၄ ခုနှစ် မေလ၌ လေယာဉ်တင် သင်္ဘော(၂)စီးကို စတင်အသုံးပြုခဲ့သော အိန္ဒိယနိုင်ငံသည် ဂျပန်အင်ပါယာနောက်ပိုင်း အင်အားကြီး ရေတပ်အဖြစ် ပထမဆုံးရောက်ရှိလာခဲ့သော အာရှနိုင်ငံ ဖြစ်လာခဲ့သည်။ လာမည့်နှစ်အတွင်း နျူကလီး ယား ရေငုတ်သင်္ဘောအုပ်များ ဖွဲ့စည်းနိုင်ရန် မျှော်လင့်ထားသည်။

အိန္ဒိယသမုဒ္ဒရာဝင်နိုင်ငံများအား အိန္ဒိယရေတပ်မှ အရေးကြီးသော လေ့ကျင့်ရေးနှင့် လက်နက်ကိရိယာများ ထောက်ပံ့ကူညီပေးလျက် ရှိပြီး ၂၀၁၄ ဖေဖော်ဝါရီလအတွင်းက အိန္ဒိယဦးဆောင်ပြုလုပ်ခဲ့သော မီလန်ရေတပ်လေ့ကျင့်ခန်းတွင် အာရှနှင့် အာဖရိက ရေတပ်များနှင့် ကမ်းခြေစောင့်တပ်များ စုစုပေါင်း (၁၆)နိုင်ငံပါဝင်ခဲ့သည်။ အိန္ဒိယ နိုင်ငံ၏ ပြည်ပရေးရာဝန်ကြီးဌာနသည် အိန္ဒိယသမုဒ္ဒရာကို ပိုမိုအလေးထားလာရသည့်အားလျော်စွာ ပြန်လည်ဖွဲ့စည်းမှုများ ဆောင်ရွက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံသည် နိုင်ငံစုံပါဝင်သော အိန္ဒိယသမုဒ္ဒရာ အင်စတီကျူးရှင်းများ နှင့် မူဘောင်များကို တဖြည်းဖြည်းချင်း မြှင့်တင်ဖန်တီးလာခဲ့သည်။ အိန္ဒိယရေတပ်သည် ၂၀၀၈ ခုနှစ်တွင် ဒေသတွင်း ရေတပ်ဦးစီးချုပ်များတက်ရောက်စေသည့် အိန္ဒိယသမုဒ္ဒရာရေတပ်ဆွေးနွေးပွဲကို စတင်ကျင်း ပခဲ့သည်။ အိန္ဒိယသမုဒ္ဒရာအ၀န်းအ၀ိုင်းအဖွဲ့(IORA) ကို စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဦးတည်ချက် ဖြင့် ဖွဲ့စည်းထူထောင်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ ဥက္ကဌအဖြစ် ဆောင်ရွက်ချိန်တွင် ပိုမိုကျယ်ပြန့်သော လုံခြုံရေးကိစ္စရပ်များကို ချဲ့ထွင်လာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် သီရိလင်္ကာ၊ မော်လဒိုက် နိုင်ငံများနှင့် (၃)နိုင်ငံ ရေးကြောင်းလုံခြုံရေးသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မောရစ်သျှ နှင့် ဆက်ချေးလီးစ်တို့ကိုပါ ထပ်တိုး၍ (၅)နိုင်ငံ လုံခြုံရေးသဘောတူညီချက် ရရှိအောင် စီစဉ်ထားသည်။ သီရိလင်္ကာရေတပ်မှ နိုင်ငံပေါင်း(၃၅)နိုင်ငံကို ဖိတ်ခေါ်ကျင်းပခဲ့သည့် ရေကြောင်းညီလာခံသို့လည်း ၂၀၁၃ ခုနှစ်အတွင်းက အိန္ဒိယရေတပ်ဦးစီးချုပ်ကိုယ်တိုင် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

ကက်ပလန်း၏ ဆောင်းပါးထွက်ပေါ်ခဲ့ချိန်မတိုင်မီ ၂၀၀၈ ခုနှစ်ကပင် တရုတ်နိုင်ငံသည် အေဒင် ပင်လယ်ကွေ့၌ ပင်လယ်ဓါးပြနှိမ်နင်းသည့် စစ်ဆင်ရေးများကို စတင်ဆောင်ရွက်နေခဲ့ပြီ ဖြစ်သည်။ ထိုမှ (၅)နှစ် အကြာတွင် ပင်လယ်ဓါးပြနှိမ်နင်းရေးရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးရေတပ် သည် အိန္ဒိယသမုဒ္ဒရာအတွင်း အထူးတပ်ဖွဲ့ (၁၆)ဖွဲ့ တပ်ဖြန့်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်၍ တရုတ်ရေတပ်သည် အာရှ၊ အာဖရိကရှိ အိန္ဒိယသမုဒ္ဒရာနိုင်ငံအမျိုးမျိုးအတွက် ဆေးရုံသင်္ဘော များဖြင့် လူသာချင်းစာနာထောက်ထားရေးအကူအညီများ ဆောင်ရွက်ပေးလာခဲ့သည်။ တရုတ်အစိုးရ သည် ဒေသတွင်းနိုင်ငံများ၊ အများအားဖြင့် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လုံခြုံရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများ ပေးအပ်ခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ရောင်းချပေးခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လွှဲပြောင်းပေးရန် စီစဉ်ထားသည့် “မင်”အတန်းအစား ရေငုတ်သင်္ဘော (၂)စီး ရောင်းချမှုများ အပါအ၀င် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း ရေတပ်လှုပ်ရှားမှုများ တိုးမြှင့်ရန် ရည်မှန်းထား ခြင်းအပေါ် သံသယဖြစ်ဖွယ် မရှိပေ။

မဝေးတော့သည့် တစ်နေ့နေ့တွင် လက်ရှိပစိဖိတ်ရေပြင်တွင် လှုပ် ရှားနေသည့် လေယာဉ်တင်သင်္ဘောကို ရေတပ်ဒစ်ပလိုမေစီအရလည်းကောင်း၊ သဘာဝဘေး ကာကွယ်ရေးအရလည်းကောင်း အိန္ဒိယသမုဒ္ဒရာအတွင်း ပြောင်းရွှေ့အခြေစိုက်မည် ဟု မျှော်လင့်ထား သည်။ လောလောဆယ်တွင်မူ ယင်းလေယာဉ်တင်သင်္ဘောသည် ပစိဖိတ်ရေပြင်၌ပင် ဆက်လက်တည်ရှိ နေဦးမည် ဖြစ်သည်။
ဒေသတွင်း တရုတ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဆောင်ရွက်ချက်များမှာ ရေတပ်လှုပ်ရှားမှုများ ထက် များစွာ ပိုမို၍ ရှေ့တန်းရောက်ရှိနေပြီး ယင်းတို့တွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများမှ အိန္ဒိယသမုဒ္ဒရာ နိုင်ငံများအား ဆိပ်ကမ်းများ၊ လမ်းများတည်ဆောက်ရေး ကဲ့သို့သော အခြေခံအဆောက်အအုံတည် ဆောက်ရန် ချေးငွေ ဒေါ်လာဘီလီယံနှင့်ချီ၍ ထုတ်ချေးလျက် ရှိသည်။

ဥပမာအားဖြင့် ကက်ပလန်း ၂၀၀၉ ခုနှစ်က ထည့်သွင်းဆွေးနွေးသွားခဲ့သော ကျောက်ဖြူ-ကူမင်းဓါတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃ ခုနှစ် အတွင်းက သွယ်တန်းပြီးစီးသွားခဲ့သည်။ အပြိုင်သွယ်တန်းလျက်ရှိသော ရေနံပိုက်လိုင်းမှာ ပြီးစီးလုနီးပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် မဟာဗျူဟာပိုက်လိုင်းသွယ်တန်းပြီးနောက် တရုတ်နိုင်ငံ၏ မဟာဗျူဟာ မိတ်ဖက်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ယခင်က တရုတ်နိုင်ငံနှင့် အပြန်အလှန်ထိန်းညှိနိုင်သော အရင်း အမြစ် မည်မည်ရရ မရှိခဲ့သော မြန်မာနိုင်ငံသည် ပိုက်လိုင်းတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် မဟာဗျူဟာ အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ကက်ပလန်းဆွေးနွေးခဲ့သော သီရိလင်္ကာတောင်ပိုင်း လောင်စာဆီဖြည့်တည်းရေး နေရာမှာ ၄င်းခန့်မှန်းခဲ့သည်ထက် များစွာ သာလွန်ဖြစ်ထွန်းလာခဲ့သည်။ ဟန်ဘန်တိုတာတွင် ရေနက်ဆိပ်ကမ်းတစ်ခု၊ လေဆိပ်တစ်ခု၊ သိုလှောင်ရုံကြီးတစ်ခုတို့ကို ဒေါ်လာ ဘီလီယံနှင့်ချီ၍ တည်ဆောက်ခဲ့သည်။ သီရိလင်္ကာအစိုးရအနေဖြင့် အဆိုပါစီမံကိန်းတည်ဆောက်ရန် အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ကို ဦးစွာ အကူအညီတောင်းခံခဲ့သော်လည်း ယင်း(၂)နိုင်ငံက ဖြည့်ဆည်း ပေးခြင်း မရှိသည့်နောက် တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ စိတ်ဝင်စားဖွယ်ရာကောင်း သည်မှာ ယင်းဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံရှိ စက်ရုံများမှ ထုတ်လုပ်လိုက်သော မော်တော်ကားများကို အရှေ့အာဖရိကနိုင်ငံများသို့ တင်ပို့ရာတွင် အဓိကအသုံးပြုသည့် ဆိပ်ကမ်းဖြစ်နေသည်။

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများသည် သီရိလင်္ကာနိုင်ငံတွင် အဝေးပြေးလမ်းမကြီးများကို ဖောက်လုပ်ပေးခဲ့ပြီး တောင်အာရှ တွင် အလုပ်အများဆုံးဆိပ်ကမ်းဟုဆိုနိုင်သော ကိုလံဘိုဆိပ်ကမ်းသို့ အဝေးပြေးလမ်းများ စုဆုံစေခဲ့ သည်။ တန်ဇန်နီးယားနိုင်ငံ ဘာဂါမိုယိုတွင် ဆောက်လုပ်မည်းဆိပ်ကမ်းမှာ ၂၀၁၅ ခုနှစ်တွင် စတင်နိုင် မည် ဟု မျှော်မှန်းထားပြီး ယင်းဆိပ်ကမ်းမှာ တွင်းထွက်များ ပြည်ပတင်ပို့နိုင်ရန် ဖြစ်သည်။
သို့သော်လည်း တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာ အတွင်း ပုလဲကုံးမဟာဗျူဟာ ဖော်ဆောင်နေ သည် ဟူသော ကက်ပလန်း၏ အယူအဆကြောင့် တရုတ်-အိန္ဒိယ အားပြိုင်မှု ဖြစ်ပေါ်လာခဲ့ခြင်း မရှိခဲ့ ပေ။ ကျွမ်းကျင်သူများက အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်ရေတပ်လှုပ်ရှားမှုများကို အခြိမ်းခြောက်နိုင် ဆုံးသော နေရာ ဟူ၍ သတ်မှတ်ထားခဲ့သော ပါကစ္စတန်ရှိ ဂွါဒါဆိပ်ကမ်းမှာ လမ်းများ ဆက်သွယ်ဖောက် လုပ်ထားခြင်း မရှိသေးဘဲ အပြည့်အ၀ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ တရုတ်ရေတပ်မှ မည်သည့်စစ်သင်္ဘော မှလည်း ဆိုက်ကပ်နိုင်ရန် တောင်းဆိုခဲ့ခြင်း မရှိခဲ့ပေ။ ဂွါဒါဆိပ်ကမ်း စီမံခန့်ခွဲရေးကို တရုတ်ကုမ္ပဏီတစ်ခု အား ၂၀၁၃ ခုနှစ်အတွင်းက လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သော်လည်း မည်သည့်တိုးတက်မှုမျှ မြင်တွေ့ခဲ့ရခြင်း မရှိခဲ့ပေ။

ကက်ပလန်း၏ ဟောကိန်းတွင် ပါဝင်ခဲ့သော နောက်ထပ်ဆိပ်ကမ်းတစ်ခုမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ စစ်တကောင်းဆိပ်ကမ်းဖြစ်သည်။ ယင်းဆိပ်ကမ်းမှာလည်း တိုးတက်ဖြစ်ပေါ်လာခြင်း မရှိခဲ့ဘဲ ရေနက်ဆိပ်ကမ်းအဆင့်ပင် မမီသည့်အခြေအနေတွင်သာ ရှိနေဆဲ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အစိုရသည် ဆိုနာဒီးယားတွင် နောက်ထပ် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် အကျိုးတူဆောင်ရွက်လိုသူများကို ရှာ ဖွေလျက်ရှိပြီး ယူအေအီးနိုင်ငံက ပါဝင်ဆောင်ရွက်ဖွယ်ရာ ရှိနေသည်။ ကျောက်ဖြူတွင် တရုတ်နိုင်ငံ၏ စွမ်းအင်စီမံကိန်းများ တိုးတက်ဖြစ်ပေါ်လာခဲ့သော်လည်း မြန်မာနိုင်ငံ၏ ၂၀၁၁ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုများကြောင့် ကက်ပလန်း ထောက်ပြခဲ့သည့်အနေအထားမျိုး မဟုတ်တော့ဘဲ တရုတ်နိုင်ငံနှင့် နက်ရှိုင်းသောဆက်ဆံရေးကို ထိခိုက်လာစေခဲ့သည်။
တရုတ်နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း အရေးပါသော ကူးသန်းရောင်းဝယ်ရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ခဲ့သော်လည်း ယင်းစီမံကိန်းများမှာ အိန္ဒိယနိုင်ငံကိုသော်လည်း ကောင်း၊ အခြားနိုင်ငံများကိုသော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သည့် အနေအထားမျိုး မတွေ့ရှိရပေ။ ချက်ချင်းလက်ငင်း စစ်ရေးအခြေစိုက်စခန်းအဖြစ် တစ်မဟုတ်ချင်းပြောင်းလဲပစ်နိုင်သော တရုတ်အခြေခံအဆောက်အအုံမှန်သမျှတို့သည် အိန္ဒိယအပါအ၀င် အိန္ဒိယသမုဒ္ဒရာနိုင်ငံများ၏ လေကြောင်းစွမ်းအားနှင့် ရေငုတ်သင်္ဘောစွမ်းအားကို အားနည်းစေမည် ဖြစ်သည်။ ၄င်းအပြင် တရုတ် နိုင်ငံအနေဖြင့် ပိုမိုထိရောက်သော အခြေခံအဆောက်အအုံများ လိုအပ်နေပြီး ယင်းနေရာများတွင် ကွပ်ကဲမှုနှင့်ထိန်းချုပ်ရေးကိရိယာများ၊ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ တပ်ဆင်နိုင်ရန် ပံ့ပိုး ကူညီပေးရန် လိုအပ်မည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်မှာ ကုန်ကျစရိတ်ကြီးမားလှပြီး လူအများမှ အလွယ်တကူ သိရှိထောက်လှမ်းနိုင်မည် ဖြစ်ကြောင်း အမေရိကန်ရေတပ်စစ်ကောလိပ်မှ ဂျိမ်းဟုမ်းက ဆိုသည်။
အိန္ဒိယသမုဒ္ဒရာဒေသအတွင်း၌ အခြားသောနိုင်ငံများကလည်း တရုတ်နိုင်ငံနည်းတူ ရင်းနှီးမြုပ်နှံ မှုနှင့် တည်ဆောက်မှုများ ဆောင်ရွက်နေကြသည်ကိုလည်း သတိချပ်စေလိုသည်။ ဥပမာအားဖြင့် ဂျပန်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများကို မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက် ဆောင်ရွက်လျက်ရှိပြီး တောင်ကိုရီးယားနိုင်ငံသည်လည်း အိန္ဒိယကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းကာ မြန်မာနိုင်ငံ၏ ရွှေဓါတ်ငွေ့လုပ်ကွက်များတွင် ၀င်ရောက်လုပ်ကိုင်လျက် ရှိသည်။ အိန္ဒိယ နိုင်ငံသည် သီရိလင်္ကာမြောက်ပိုင်း ကန်ကီဆန်သူရိန်ဆိပ်ကမ်း ပြန်လည်ပြုပြင်ပေးလျက်ရှိပြီး အီရန်နိုင်ငံ ချာဘာဟာဆိပ်ကမ်းတည်ဆောက်ရေးကိုလည်း အရယူခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် မိုဇမ်းဘစ်နှင့် အိုမန်နိုင်ငံများသို့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ကြောင်း တွေ့ရှိရသည်။
တရုတ်နိုင်ငံနှင့် စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေးကူညီထောက်ပံ့မှုများ ရှိနေသော အိန္ဒိယ သမုဒ္ဒရာဝင် နိုင်ငံငယ်လေးများမှာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက် စသည်တို့ဖြစ်သော်လည်း ယင်းနိုင်ငံများမှာ သဘာဝဘေးကာကွယ်ရေးသော်လည်းကောင်း၊ စစ်ရေးရည်မှန်းချက်သော်လည်း ကောင်း ရှေးယခင်ကတည်းကပင် အိန္ဒိယနိုင်ငံမှ သြဇာလွှမ်းမိုးထားသောနိုင်ငံများ ဖြစ်ကြသည်။ လက်ရှိ အချိန်တွင် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်-အိန္ဒိယ အားပြိုင်မှု ဟူ၍ ကက်ပလန်းခန့်မှန်းခဲ့သည့်အတိုင်း ပေါ်ပေါက်လာခြင်း မရှိတော့ပေမယ့်လည်း တစ်နိုင်ငံ၏ လှုပ်ရှားမှု တစ်နိုင်ငံက စောင့်ကြည့်သည့်အနေ အထားတွင် ရှိနေသည်။

● တရုတ်-အိန္ဒိယ အားပြိုင်မှုအလွန် ●

ကက်ပလန်း၏ ၂၀၀၉ ခုနှစ် ဟောကိန်းတွင် တရုတ်-အိန္ဒိယအားပြိုင်မှုသည် အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးကို အဆုံးအဖြတ်ပေးသွားမည် ဟူ၍ ဖြစ်သည်။ သို့သော်လည်း ဒေသတွင်း စီးပွားရေးအခွင့် အလမ်း၊ သဘာဝအရင်းအမြစ်မက်လုံးများအရ အခြားနိုင်ငံများ ၀င်ရောက်လာခဲ့ခြင်းကြောင့် ယင်းရှုမြင် သုံးသပ်ချက် လွဲချော်ခဲ့ရသည်။ အိန္ဒိယသမုဒ္ဒရာ၏ အနာဂတ်သည် တရုတ်-အိန္ဒိယ ပင်လယ်ပြင် ဂရိတ်ဂိမ်း ဖြစ်လာနိုင်ဖွယ်ရာ မရှိနိုင်ပေ။ တရုတ်၊ အိန္ဒိယတို့နည်းတူပင် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများ သည်လည်း ရေနံနှင့်ဓါတ်ငွေ့တင်သွင်းရာတွင် အိန္ဒိယသမုဒ္ဒရာအတွင်း ရေလမ်းကြောင်းများအား အထူး အားထားနေရသည်။ ယင်းနိုင်ငံများရှိ ကုမ္ပဏီများသည် ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းတို့တွင် ရေနံနှင့် ဓါတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆောင်ရွက်လျက်ရှိပြီး ယင်းတို့၏ရေတပ်များ သည် အေဒင်ပင်လယ်ကွေ့တွင် အစောင့်အရှောက် အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက် ရှိသည်။ ဂျပန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် Djibouti တွင် ပင်လယ်ဓါးပြနှိမ်နင်းရေးအခြေစိုက်စခန်းတစ်ခု တည် ဆောက်ထားပြီး ဖြစ်သည်။

ဤကာလတွင် ဥရောပသည်လည်း အိန္ဒိယသမုဒ္ဒရာအတွင်း ခိုင်မာသော စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများ ရှိလာခဲ့သည်။ ဗြိတိန်နှင့် ပြင်သစ်တို့သည် အိန္ဒိယသမုဒ္ဒရာအတွင်း စစ်စခန်းများ ထားရှိ ကာ နေတိုးတပ်ဖွဲ့၊ အီးယူနှင့် ရေကြောင်းပူးပေါင်းတပ်ဖွဲ့များ၏ အကြမ်းဘက်နှိမ်နင်းရေး၊ ပင်လယ်ဓါးပြ နှိမ်နင်းရေးအတွက် အရေးပါသောကူညီထောက်ပံ့မှုများ ပြုလုပ်လျက် ရှိသည်။ ဥရောပနိုင်ငံများသည် အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်မှ အဖိုးတန်သတ္တုများ တူးဖော်ခွင့် ရရှိရေးကို အလေးပေးဆောင်ရွက်လျက် ရှိရာ လာမည့်နှစ်များအတွင်း ရေနက်တူးဖော်ရှာဖွေရေးလုပ်ငန်းများ အပြိုင်အဆိုင်း လုပ်ဆောင်လာကြ တော့မည် ဖြစ်သည်။ ၄င်းအပြင် ဥရောပနိုင်ငံများသည် ငါးဖမ်းလုပ်ငန်းများတွင် အထူးစိတ်ဝင်စားလျက် ရှိပြီး သီရိလင်္ကာနိုင်ငံ၏ ခန့်မှန်းချက်အရ အိန္ဒိယသမုဒ္ဒရာမှ ထွက်ရှိသော ငါးအသားစုစုပေါင်း၏ (၄၈%) ကို ဥရောပက ၀ယ်ယူလျက်ရှိကြောင်း သိရှိရသည်။

●အိုင်ဒီယာအသစ်မွေးဖွားရာ အိန္ဒိယသမုဒ္ဒရာ ●

၂၀၀၉ ခုနှစ်က ကက်ပလန်း၏ဟောကိန်းတစ်ခုမှာ “အိန္ဒိယသမုဒ္ဒရာ၏ ပထ၀ီထက် အိုင်ဒီယာက အဓိက ဖြစ်သည်” ဟူသော အချက်ဖြစ်သည်။ အနောက်တိုင်လုံခြုံရေးလေ့လာသုံးသပ်သူအတော်များ များက အိန္ဒိယသမုဒ္ဒရာကို အစပြုရာ၊ အဆုံးသတ်ရာနေရာ မဟုတ်ဘဲ ခရီးတစ်ခုဟူ၍ လက်ခံထားကြ သည်။ အိန္ဒိယသမုဒ္ဒရာသည် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေးတွင် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ် ၍လည်း ယင်းအယူအဆကို လက်ခံထားကြခြင်း ဖြစ်သည်။ သို့သော် ဟော်မုဇ်ရေလက်ကြားနှင့် မလက္ကာရေလက်ကြားတို့ကို ဗဟိုပြု၍ လေ့လာကြည့်သောအခါ ဒေသတစ်ခုထက် သာလွန်သော လုံခြုံ ရေး ရှုမြင်ချက်များ ထွက်ပေါ်လာစေခဲ့သည်။

ကက်ပလန်း၏ ဟောကိန်းကြောင့် ဤဒေသအကြောင်း ဆွေးနွေးငြင်းခုန်မှုများ ဖြစ်ပေါ်လာစေခဲ့ သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် အိန္ဒိယသမုဒ္ဒရာကို အလေးထား၍ ဒီဘိတ်များ ဖြစ်ပေါ်လာခဲ့ ကြသည်။ အိန္ဒိယသမုဒ္ဒရာသည် အင်ဒို-ပစိဖိတ်ဒေသ၏ အစိတ်အပိုင်းဖြစ်၍ ပစိဖိတ်တိုးချဲ့ရေး သဘော ထားများနှင့်လည်း လိုက်လျောညီထွေ ဖြစ်လာခဲ့သည်။ “အင်ဒို-ပစိစဖိတ်”ဒေသသည် အိန္ဒိယ၏တိုးတက် မှုကို အာရှပစိဖိတ်၏စီးပွားရေးအောင်မြင်မှုများနှင့် ပေါင်းကူးပေးနိုင်သော အာရှရေလမ်းကြောင်းများအား လုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေနိုင်သော အယူအဆတစ်ခု ဖြစ်လာသည်။ သြစတြေးလျနှင့် အင်ဒို နီးရှားနိုင်ငံများသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ နှစ်ခုအကြား စပ်ကြားရေပြင်တွင် တည်ရှိ နေပြီး အင်ဒို-ပစိဖိတ်အယူအဆသည် ၄င်းတို့ကို အခြေတည်၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အကျိုး ဆက်အားဖြင့် ၂၀၁၃ ခုနှစ်အတွင်းက အမေရိကန် ပစိဖိတ်ရေတပ်၏ တာဝန်များကို ထုတ်ဖော်ပြောကြား ရာတွင် “အင်ဒို-အာရှ-ပစိဖိတ်”ဒေသ ကာကွယ်ရေးဟူ၍ စတင်သုံးနှုံးလာခဲ့သည်။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနသည်လည်း တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကို ချိတ်ဆက်ပေါင်းကူးပေးရေးကို “အင်ဒို-ပစိဖိတ်စီးပွားရေးစင်္ကြန်” ဖြစ်လာနိုင်သည့်အလားအလာများကို ၂၀၁၂ ခုနှစ် ထုတ်ဖော်ပြောကြား ခဲ့သည်။

“အင်ဒို” ဟူသော အခေါ်အဝေါ်မှာ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ နိုင်ငံများအားလုံးကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း အမေရိကန်အစိုးရကမူ အိန္ဒိယအစိုးရအဖြစ် သဘောပိုက်၍ နှစ်နိုင်ငံအကြား နိုင်ငံရေး နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို တွန်းအားပေးခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေးမူးဝါဒကိုလည်း အရှေ့မျှော် “Look East” ထက် အရှေ့လိုပြု “Act East” ဟူ၍ ပြောင်းလဲကာ အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေးကိစ္စရပ်များတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ရန် တွန်းအားပေးခဲ့သည်။ အင်ဒို-ပစိဖိတ်သဘောတရားကို ဒေသတွင်း အဓိကအင်အားကြီးနိုင်ငံများ ဖြစ်ကြ သော တရုတ်၊ ဂျပန်၊ အိန္ဒိယနိုင်ငံများအကြား ဆွေးနွေးခြင်း မရှိခဲ့ပေ။ အာရှနိုင်ငံများ၏ သဘောထားမှာ အာရှကို ဗဟိုပြုရေးသာ ဖြစ်သည်။ အင်ဒို-ပစိဖိတ်သဘောတရားမှာ အိန္ဒိယသမုဒ္ဒရာကို ပစိဖိတ်သမုဒ္ဒရာ ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အဆင့်မြှင့်တင်ပေးခြင်း ဟု ယူဆနိုင်ပြီး အိန္ဒိယသမုဒ္ဒရာ၏ အရေးပါမှု အခန်းကဏ္ဍသည် ပစိဖိတ်နှင့်ဆက်စပ်ဖြစ်ပေါ်လာသည့် သဘော ဖြစ်နေသည်။

Hmuu Zaw
[အပိုင်း-၂ ဆက်ပါမည်]

0 comments:

Post a Comment