Thursday, June 26, 2014

ရခိုင်ပဋိပက္ခများ ဖြေရှင်းရန် တာဝန်ပေးအပ်ထားကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းပြော

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ပဋိပက္ခများကို လက်ရှိအစိုးရအဖွဲ့၏ ကျန်ရှိနေ သည့် သက်တမ်း တစ်နှစ်ကျော် ကာလအတွင်း ဖြေရှင်းနိုင်ရန် ၎င်းကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ရန် သမ္မတမှ အဆို ပြုထားသော နယ်စပ်ရေးရာ ဒုဝန် ကြီးဟောင်းက ဇွန်လ ၂၆ ရက် တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ရခိုင်အမျိုးသား အင်အားစုများ နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မီဒီ ယာများအား အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။‘‘အခု အနေအထားမှာ တစ် နှစ်ခွဲကာလအတွင်းမှာ လုံခြုံရေး ကိစ္စတွေ၊ တည်ငြိမ်ရေးတွေ အခု လုပ်နေတဲ့ Verification ကိစ္စ တွေ၊ Developing Plan တွေကို ထိန်းသိမ်းတဲ့အခါ နိုင်ငံတော် အနေနဲ့ ထဲထဲဝင်ဝင်နိုင်ငံတကာ နဲ့လည်း ပေါင်းစည်းလုပ်ဖို့သင့် လျော်တဲ့သူကို ရွေးချယ်တဲ့ သဘောလို့ပဲ ပြောချင်ပါတယ်’’ ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

ဗိုလ်ချုပ်မောင်မောင်အုန်း အား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခန့်အပ်ခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒထုတ် ဖော်မည်ဟု သတင်းအချို့ထွက် ပေါ်နေသော်လည်း ဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင် အမျိုးသား အင်အားစုများကမူ အပြုသဘောပြောဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ‘‘ရခိုင်ပြည် အနေအထားက ပဋိပက္ခကို အခြေခံပြီး စစ်ရေး အနေအထား တွေပါပတ်သက်လာတယ်။ ကျွန် တော်ကတော့ ကျွန်တော့အမြင် ပေါ့နော်။ ရခိုင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ capacity မြင့်ရမယ်။ နောက်တစ်ခုက ရခိုင် မဟုတ်လည်း ရခိုင်စိတ်ဓာတ်နဲ့၊ ပြည်ထောင်စုစိတ်ဓာတ်နဲ့လာပြီး အုပ်ချုပ်တဲ့သူ ဆိုလို့ရှိရင် အကောင်းဆုံးဖြစ်လာလိမ့်မယ် လို့ ယုံကြည်တယ်’’ ဟု မှတ်ချက်ပြုသည်။

ဗိုလ်ချုပ် မောင်မောင်အုန်း က ၎င်းအနေဖြင့် ဝန်ကြီးချုပ် တာဝန်စတင်ထမ်းဆောင်သည် နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ် များကို နိုင်ငံတော် အဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပဋိပက္ခဖြေရှင်းရေးကိုပါ ဟန်ချက်ညီအောင်ထိန်းသိမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

‘‘ကိုယ်ဒီကိုလာတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံ တော်အစိုးရရော လုံခြုံရေးအပိုင်း အနေနဲ့ဆိုရင်လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နောက် လွှတ်တော်နာယကကြီး သူရ ဦးရွှေမန်း သူတို့ကိုယ်တိုင် ကိုယ့် ကို လိုအပ်တာတွေမှာပါတယ်။ ရခိုင်ပြည်နယ်ကို တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ဖို့မှာပါတယ်’’ဟု ဆက်လက် ပြောသည်။

သက်သေ အထောက်အထားခိုင်လုံစွာဖြင့် ကန့်ကွက်နိုင်ခြင်းမရှိပါက ဗိုလ်ချုပ်မောင်မောင်အုန်းအား ဇွန်လ ၃၀ ရက်တွင် ပြုလုပ်မည်ဖြစ်သော ရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးချုပ်အဖြစ်ခန့်အပ်သွားမည်ဖြစ်သည်။

‘‘ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးဝန် ကြီးချုပ်ရှိနေတာကိုပဲ မြင်ချင်ပါ တယ်။ ဒါပေမဲ့ အခုဒီပုဂ္ဂိုလ်နဲ့ဆို ရင်တော့ ဆက်ဆံလို့ရမယ့် အနေ အထားရှိတယ်။ စစ်အုပ်ချုပ်ရေး အောက်ကိုတော့ တစ်ပိုင်းတစ်စ နဲ့ရောက်သွားတဲ့ ပုံစံရှိတာပေါ့။ ဒါပေမဲ့ ရုံးလုပ်ငန်းအပိုင်းလောက် ပဲဖြစ်မှာပါ။ လူထုနဲ့ဆက်ဆံရေး ကတော့ မဖြစ်လောက်ပါဘူး’’ဟု စစ်တွေမြို့မိမြို့ဖတစ်ဦးက သုံး သပ်သည်။


7Day Daily

0 comments:

Post a Comment