Wednesday, June 18, 2014

မြန်မာနိုင်ငံအရေး နိုင်ငံတကာပြသနာဖြစ်နေပြီလား (စည်သူအောင်မြင့်)


ပြီးခဲ့တဲ့ရက်ပိုင်းက အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံကို အလည်အပတ်သွားပါတယ်။ ဇွန်လ ၁၄ ရက် နီပေါလွှတ်တော်မှာ မိန့်ခွန်းပြောကြားစဉ်အတွင်း အရင်စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပြင်ဆင်ရေး သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။ ဒါတင်မက လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှုရှိစေဖို့ ကူညီကြပါလို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲမှာ ဘယ်လိုနိုင်ငံရေး အကျပ်အတည်းပေါ်နေလို့ နိုင်ငံတကာကို တိုင်တည်ရတဲ့ အဆင့်အထိ ရောက်လာသလဲ၊ ရှေ့အလားအလာဘယ်လို ရှိသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။နီပေါလွှတ်တော်မှာ ပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ “တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ တန်းတူညီမျှမှုရှိတဲ့ အခြေခံပေါ်မှာ ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” ဆိုပြီး ပြောခဲ့ပါတယ်။ ဆိုလိုရင်းကတော့ အရင်စစ်အာဏာရှင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၉(စ)ကို ထည်သွင်းထားပြီး၊ သူ့ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့အချက်ကို ရည်ညွှန်းတာပါ။ နောက်ပြီး “မြန်မာစစ်တပ်အနေနဲ့ နီပေါစစ်တပ်က ပြသခဲ့တဲ့ လမ်းစဉ်ကို လိုက်သင့်ပါတယ်”လို့လည်း ပြောခဲ့ပါတယ်။ လက်ရှိသူ လှုပ်ရှားနေတဲ့ ဖွဲ့စည်းပုံပြင်ရေး၊ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျားပြန်ရေး ကြိုးစားအားထုတ်မှုကို ရည်ညွှန်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ကြည့်ရင် အကျပ်အတည်းကာလ တစ်ခုကို ရောက်နေပြီလို့ မပြောနိုင်ပေမယ့် သက်ဆိုင်သူတွေရဲ့ ပြောဆိုလှုပ်ရှားမှုကို ကြည့်ရင် အကျပ်အတည်းကြီးတစ်ခုဆီ ဦးတည်သွားနေပြီလို့တော့ ကောက်ချက်ချနိုင်ပါတယ်။ အရင်စစ်အစိုးရကို ဆက်ခံတဲ့ သမ္မတဦးသိန်းစိန်အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ပထမအဆင့် ဖြေလျော့မှုတွေ လုပ်ပေးခဲ့ပါတယ်။ အတိုက်အခံတွေကို အကျဉ်းထောင်နဲ့ နေအိမ်အကျယ်ချုပ် တစ်လှည့်စီ ထားရာကနေ နိုင်ငံရေးလုပ်ခွင့်ပေးခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို လျှော့ချပြီး နိုင်ငံတကာမိသားစုရင်ခွင်ထဲဝင်ဖို့ ခြေလှမ်းခဲ့ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာလို့ရနိုင်လောက်တဲ့ စီးပွားရေးဆိုင်ရာ အခင်းအကျင်း ဖန်တီးပေးခဲ့ပါတယ်။ ဒါတွေလုပ်ခဲ့လို့လည်း ကမ္ဘာကြီးရဲ့ အားပေး လက်ခုပ်သံတွေရခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုဖြေလျော့မှုတွေ လုပ်ပေးရုံနဲ့ ဒီမိုကရေစီနိုင်ငံဆီ အရောက်သွားနိုင်တဲ့ တံခါးဝဆီကိုတော့ ရောက်မသွားခဲ့ပါဘူး။

အရင် စစ်အာဏာရှင်တွေကို လက်ခံတဲ့ လက်ရှိအာဏာပိုင်တွေရဲ့ အကြီးဆုံး အမှားကြီးတစ်ခုကတော့ ပြည်သူတွေက လက်မခံ၊ တရားမျှတမှု မရှိတဲ့ ဖွဲ့စည်းပုံ ၂၀၀၈ ပြင်ဆင်ဖို့အခွင့်အရေးကို အာဏာရ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ကပဲ လက်ဝါးကြီးအုပ် ရယူထားလိုက်တာ ဖြစ်ပါတယ်။ ဒါတင်မက ဖွဲ့စည်းပုံပြင်ရေး လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းပြီး အချိန်ဆွဲတာ၊ လျှို့ဝှက်ရေးဆိုပြီး ဖွဲ့စည်းပုံပြင်ရေးလုပ်ငန်းစဉ်ထဲ ဘယ်သူမှ ပါဝင်လို့မရအောင် ကန့်သတ်တာတွေ လုပ်ထားပါတယ်။ သုံးနှစ်တာ ကာလအတွင်း နိုင်ငံမှာ ဘာသာရေးကို အခြေခံတဲ့ ပဋိပက္ခတွေ မကြီးထွား ကြီးထွားလာအောင် သွယ်ဝိုက်ပြီး ဖန်တီးတာမျိုး လုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း အမှား မကင်းပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အာဏာကို ရာစုနှစ် တစ်ဝက်ကျော် ဆုပ်ကိုင်ထားတဲ့၊ လက်ရှိမှာလည်း နိုင်ငံ့အာဏာကို အဘက်ဘက်ကနေ မြဲမြဲမြံမြံ ဆုတ်ကိုင်ထားနိုင်သေးတဲ့ တပ်မတော်နဲ့ ပြည်သူအတူတကွ ယှဉ်တွဲတည်ရှိနေနိုင်တဲ့ အနေအထားမျိုးရောက်အောင် ပြင်ဆင်လိုတာမျိုး မဟုတ်ဘဲ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေးအထိ လှုံ့ဆော်မှုတွေ လုပ်ကိုင်လာတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရင် တပ်မတော်ကို စစ်တန်းလျား ပြန်ပို့နိုင်လိမ့်မယ်လို့ ထင်မှတ်ယူနေပုံလည်း ရပါတယ်။ နောက်ထပ် အမှားတစ်ခုက လက်ရှိ နိုင်ငံ့အရေးပြဿနာတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီ အကူးအပြောင်း တံခါးဝဆီ သွားရာမှာ နိုင်ငံရဲ့ အရေးအကြီးဆုံးနဲ့ အင်အားအကြီးဆုံး တပ်မတော်ကို စည်းရုံးတဲ့နည်းကို အဓိကကျင့်သုံးရမယ့်အစား နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့ ဖိအားကို ပိုပြီး မျှော်လင့်နေတာ တွေ့မြင်ရလို့ပါပဲ။ ခုကိုပဲ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၅၉(စ)နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ၀င်ရောက်ပြောဆိုတာတွေ ရှိလာနေပါပြီ။

တကယ်တော့ မြန်မာနိုင်ငံကို ဒီမိုကရေစီတံခါးဝဆီ ရောက်အောင်၊ ဖွံ့ဖြိုး တိုးတက်မှုလမ်း စဆီရောက်အောင် လုပ်နိုင်တဲ့ နည်းကတော့ တပ်မတော်၊ ပြည်သူ့ကိုယ်စားလှယ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်၊ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်တဲ့ နည်းပဲ ဖြစ်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ စစ်ဗိုလ်လူထွက် ပြည်ခိုင်ဖြိုးပါတီရဲ့လုပ်ရပ်ဟာ ပြည်သူ့ကိုယ်စားလှယ်လို့ ဆိုနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကို နိုင်ငံရေးကနေ ဖယ်ထုတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတာ မြင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်ကလည်း တပ်မတော်ကို နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာကနေ ဖယ်ရှားပြီး စစ်တန်းလျားပြန်ပို့ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ဆက်သွားနေကြရင် တိုင်းပြည်အတွက် အလားအလာ မကောင်းသလို အဓိကနစ်နာကြရမှာက ပြည်သူတွေပဲ ဖြစ်ပါတယ်။

တိုင်းပြည်ကို တကယ်ပဲ ဒီမိုကရေစီနိုင်ငံအဖြစ် အပြောင်းအလဲ လုပ်ချင်ရင် တပ်မတော်ဟာ လက်ရှိ ဖြေလျော့မှုလို့ခေါ်တဲ့ အခင်းအကျင်းကို သတ္တိရှိရှိ အကောင်အထည်ဖော်ခဲ့သလို ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ရေး လမ်းဖွင့်ပေးဖို့ လိုပါတယ်။ အတိုက်အခံနဲ့ဆွေးနွေးပွဲတွေ သတ္တိရှိရှိ ကျင်းပဖို့လိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ဘာအထူးအခွင့်အရေးမှ မပေးဘဲ အင်န်အယ်လ်ဒီနဲ့ တခြားနိုင်ငံရေး အင်အားစုအားလုံးနဲ့ တန်းတူယှဉ်ပြိုင်တဲ့ ကွင်းထဲ ပို့လိုက်ဖို့ လိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဘက်ကလည်း အချိန်မဆိုင်းဘဲ တပ်မတော်ကို စစ်တန်းလျားပြန်ပို့ဖို့ လုပ်နေမယ့်အစား ၂၀၁၅ ရွေးကောက်ပွဲကို အဓိက အာရုံစိုက်ဖို့လိုပါတယ်။ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကော်မရှင် တစ်ရပ် ပေါ်ပေါက်လာဖို့၊ ဖွဲ့စည်းပုံထဲမှာ ပြည်သူတွေက ရွေးကောက်တဲ့ အမတ်တွေက ရွေးချယ်သူ တစ်ယောက်ယောက် သမ္မတဖြစ်၊ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေဖြစ်လာအောင် ပြင်ဆင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိတယ်ဆိုတဲ့ အာမခံချက်ရလာဖို့ စတာတွေ ကြိုးစားသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် တိုင်းပြည်ရှေ့ရေး ရင်လေးစရာပဲ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment