Thursday, June 26, 2014

ကမ္ဘာ့ဖလား အုပ်စု(G)နှင့် အုပ်စု(H) အပိတ်ပွဲစဉ်များ


ကမ္ဘာ့ဖလား အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်များကို ဇွန်လ(၂၆)ရက်နေ့ ညပိုင်းနှင့် ဇွန်လ(၂၇)ရက်နေ့ နံနက်အစောပိုင်းတို့က ယှဉ်ပြိုင်ခဲ့ပြီး အုပ်စု(G)မှ ဂျာမနီနှင့် အမေရိကန်၊ အုပ်စု(H)မှ ဘယ်လ်ဂျီယံနှင့် အယ်လ်ဂျီးရီးယားတို့ အသီးသီး ရှုံးထွက်အဆင့်သို့ တက်လှမ်းခဲ့ကြသည်။အမေရိကန် ၀ - ၁ ဂျာမနီ
အုပ်စု(G)ကို ဦးဆောင်နေသော အသင်းနှစ်သင်း ရင်ဆိုင်ခဲ့ရာတွင် သရေရလဒ် ထွက်ပေါ်ရုံဖြင့် နှစ်သင်းလုံး နောက်တစ်ဆင့်သို့ လွတ်လွတ်ကျွတ်ကျွတ် တက်လှမ်းနိုင်မည် ဖြစ်သောကြောင့် အမှားမခံဘဲ ထိန်းကစားရင်း အတန်ငယ် ပွဲအေးနေခဲ့သည်။ သို့သော်လည်း ပွဲရလဒ်ကို ပြတ်သားစေမည့် တစ်လုံးတည်းသော ဂိုးကို (၅၄)မိနစ်တွင် မူလာက သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဂျာမနီအသင်း ထောင့်ကန်ဘောမှတစ်ဆင့် စတင် တိုက်စစ်ဆင်လာသည်ကို အမေရိကန် ဂိုးသမား ဟောင်းဝပ် ပုတ်ထုတ်သော်လည်း မူလာက ဂိုးဧရိယာအစပ်မှ အပြင်းကန်သွင်းသွားခြင်း ဖြစ်သည်။ အဆိုပါ သွင်းဂိုးကြောင့် မူလာသည် ကမ္ဘာ့ဖလား ဂိုးသွင်းဘုရင် စာရင်းတွင် မက်ဆီ၊ နေမာတို့နှင့်အတူ (၄)ဂိုးစီဖြင့် ရပ်တည်နေပြီး ဂျာမနီကလည်း အုပ်စုတွင်း (၇)မှတ်ရပြီး အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ကာ အယ်လ်ဂျီးရီးယားနှင့် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ အမေရိကန်ကလည်း ရှုံးနိမ့်သည့်တိုင် ပေါ်တူဂီထက် ဂိုးကွာခြားချက် အသာရပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။


ပေါ်တူဂီ ၂ - ၁

ဂါနာ အုပ်စုတက်ရေး လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့အတွက် နှစ်သင်းလုံး အမှတ်ရော၊ သွင်းဂိုးပါ လိုအပ်နေသောကြောင့် ဂျာမနီ-အမေရိကန် ပွဲစဉ်နှင့် မတူဘဲ ပွဲစကတည်းက တိုက်စစ်ကို အပြိုင်ဖွင့်ကစားကြသဖြင့် ကြည့်ကောင်းခဲ့သည့် ပွဲစဉ်ဖြစ်သည်။ ပေါ်တူဂီတွင် ရော်နယ်လ်ဒို ဦးဆောင်သည့် တိုက်စစ်ပိုင်း၌ အချိတ်အဆက် လိုအပ်ချက်များ ရှိခဲ့သလို ဂါနာဂိုးသမား အေဖူလ် လက်စွမ်းပြနေသဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် မိနစ်(၃၀)တွင် ပေါ်တူဂီ ဘယ်ခြမ်းမှ မီဂွယ်ဗီလော့ဆို ဖြတ်တင်သော ဘောလုံးကို တားဆီးရင်း ဂါနာနောက်ခံလူ ဘိုယေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သည်။ (၅၇)မိနစ်တွင်မူ အဆာမိုအာ ဘယ်ခြမ်းမှ လှလှပပ ဝေ့ဝိုက်ကန်ပို့သော ဘောလုံးကို ဂါနာတိုက်စစ်မှူး ဂိုင်ယန်က အပိုင်ခေါင်းတိုက်က ချေပဂိုး ပြန်သွင်းသည်။ မိနစ်(၈၀)တွင် ဂါနာနောက်တန်း၏ ရှင်းထုတ်ပုံ အမှားမှတစ်ဆင့် ဧရိယာထဲ ပြန်ကျလာသည့် ဘောလုံးကို ရော်နယ်လ်ဒိုက အပြင်းကန်သွင်းပြီး ပေါ်တူဂီတို့ အနိုင်ဂိုး ရခဲ့သည်။ ယခုပွဲ အနိုင်ကြောင့် ပေါ်တူဂီသည် အမေရိကန်နှင့် ရမှတ်တူခဲ့သော်လည်း ဂိုးကွာခြားချက်တွင် အနုတ်လက္ခဏာ ပြသနေသဖြင့် အုပ်စုအဆင့်မှပင် ကျေနပ်ပြီး ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသည်။


အယ်လ်ဂျီးရီးယား ၁ - ၁ ရုရှား

ရုရှားကို သရေကစားလိုက်နိုင်ခြင်းကြောင့် အယ်လ်ဂျီးရီးယားသည် (၄)မှတ် ရရှိခဲ့ပြီး အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့် တက်ရောက်ခဲ့သည်။ ယခုပွဲတွင် အနိုင်ရရှိပါက အုပ်စုမှ လွတ်မြောက်မည်ဖြစ်သော ရုရှားအသင်းသည် တိုက်စစ်ကို အားပြု ကစားခဲ့သလို ပွဲအစ (၆)မိနစ်ကတည်းက ဘယ်ခြမ်းဖြတ်တင်ဘောကို ကိုကိုရင်က Marking လွတ်လွတ်ကျွတ်ကျွတ် အနေအထားမှ ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။ သို့သော်လည်း မိနစ်(၆၀)တွင် ဘရာဟီမီ ကန်တင်ပေးသော ပြစ်ဒဏ်ဘောကို ဆလီမာနီက ခေါင်းတိုက်ပြီး ချေပဂိုး ပြန်လည် ရရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် နှစ်သင်းလုံး ဂိုးထပ်မရတော့ဘဲ အယ်လ်ဂျီးရီးယားအသင်း နောက်တစ်ဆင့် တက်ရောက်ပြီး ဂျာမနီနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။


တောင်ကိုရီးယား ၀ - ၁ ဘယ်လ်ဂျီယံ

ယခုနှစ် ကမ္ဘာ့ဖလားတွင် အာရှကိုယ်စားပြု အသင်းအားလုံး နိုင်ပွဲမရထားသည့် စံချိန်ဆိုးကို တောင်ကိုရီးယားလည်း မပယ်ဖျက်နိုင်ခဲ့ချေ။ ပွဲချိန်(၄၄)မိနစ်တွင် တောင်ကိုရီးယား ကစားသမား တစ်ဦးကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့သဖြင့် ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဖောကို ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ တစ်ယောက်လျော့နေသော်လည်း ဘယ်လ်ဂျီယံ အသင်းသည် (၇၈)မိနစ်တွင် အနိုင်ဂိုးကို အရသွင်းယူခဲ့သည်။ လူစားဝင် တိုက်စစ်မှူး အိုရီဂီ ကန်သွင်းသော ဘောလုံးကို တောင်ကိုရီးယား ဂိုးသမား ကင်မ်က ပုတ်ထုတ်သော်လည်း အလိုက်သင့် ပြေးဝင်လာသည့် ဗာတွန်ဂန်က အလိုက်သင့် ပိတ်သွင်းသွားခြင်း ဖြစ်သည်။ ယခုပွဲ အနိုင်ရလဒ်ကြောင့် ဘယ်လ်ဂျီယံသည် အုပ်စုတွင်း ပွဲစဉ်အားလုံး ရာနှုန်းပြည့် အနိုင်ရလဒ်ဖြင့် ရှုံးထွက်အဆင့် တက်ရောက်ကာ အမေရိကန်နှင့် ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။


7Day Daily

0 comments:

Post a Comment