Thursday, June 26, 2014

ရပ်ထဲရွာထဲက အသံများ သက်ဆိုင်သူများကြားပါစေ


မောင်သာစည် - ရေးသည်။

သတင်းထောက်တစ်ဦးဖြစ်နေတဲ့ ကျွန်တော့်ဆီကို တစ်ရက်သောနေ့က ရွာက ဖုန်းဆက်လာခဲ့ပါတယ်။ သတင်းအတိအကျပါတဲ့။ တစ်ရွာလုံးက သက်သေရှိတယ် တဲ့။ ပြီးခဲ့တဲ့ရက်သတ္တပတ်က သာစည်မြို့ပေါ်က မှတ်ပုံ တင်ထုတ်ပေးတဲ့သူတွေ သာဂရစံပြကျေးရွာကို လာသတဲ့။ သူတို့က မှတ်ပုံတင်လုပ်မယ့် ရွာသားတစ်ဦးကို မြန်မာကျပ် ငွေ ၂၅ဝဝ တောင်းတယ်လို့ ဖုန်းဆက်ပြောတဲ့ ရွာသား တစ်ဦးက ဆိုပါတယ်။
ဒါတင် မကပါဘူး။ အဆိုပါအဖွဲ့မှ လူတွေက အိမ် ထောင်စုဇယားတစ်ခုလုပ်ချင်ရင် ပိုက်ဆံ ၅ဝဝဝ တောင်း တယ်တဲ့။ ဖုန်းဆက်ပြောတဲ့ရွာသားကလည်း ကိုယ့်ရွာက သတင်းထောက်ဆိုတော့ အားကိုးတကြီးနဲ့ ဖုန်းဆက်ပြော ရှာပါတယ်။ ဒါပေမဲ့ ဒီရွာထဲကအသံကို အစိုးရအဖွဲ့က အသိအမှတ်ပြုပြီး ဖြေရှင်းပေးပါ့မလားကို စိုးရိမ်မိတာ တော့ အမှန်။သာဂရရွာရဲ့ တောင်ဘက်မှာရှိတဲ့ ထနောင်းကန်ရွာမှာ ဆိုရင်လည်း မှတ်ပုံတင်တစ်ခုကို ကျပ် ၄၅ဝဝ အထိပေးရ တယ်ဆိုပဲ။ ဒါကလည်း ရပ်ထဲရွာထဲက သတင်းစကားပါ။
ပြီးခဲ့တဲ့လကလည်း ရွာထဲကအသံမို့ ဂျာနယ်စာမျက် နှာမှာ ဖော်ပြပေးလိုက်ပါတယ်။ အစိုးရဝန်ထမ်းကျောင်း ဆရာတွေက အပြင်ဝိုင်းတွေမှာ ကျူရှင်သင်နေတဲ့အ ကြောင်း။ ရွာထဲက ကိုယ့်ဆရာတွေကတော့ သူတို့ကိုဒီလို ရေးရမလားဆိုပြီး စိတ်ခုသွားကြတယ်။ ဒါပေမဲ့လဲ မမှု ပါဘူး။ တစ်ရွာလုံးက လက်ခုပ်တီးအားပေးခဲ့တာကိုး။ ဒါ ပေမဲ့လဲ စာနယ်ဇင်းတို့ရဲ့ ကလောင်သွား ဘယ်လောက် ထက်သလဲတော့မသိဘူး။ အစိုးရဝန်ထမ်းကျောင်းဆရာ တွေကလည်း မမှုပါဘူး။ ဝိုင်းတွေမှာ ကျူရှင်ဆက်သင်နေ တုန်းပါတဲ့ဗျာ။

ဆိုတော့ ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့ ကျွန် တော်တို့ရဲ့ သာစည်မြို့နယ် သာဂရရွာလေးက တော်တော် အလှမ်းဝေးလို့နေပါတယ်။ သာစည်မြို့နယ်က ပညာရေး မှူးရုံးကိုပဲ အားကိုးရလိမ့်မယ်ခင်ဗျ။ ဒီကျူရှင်ကိစ္စကတော့ တစ်နိုင်ငံလုံး ဖြစ်နေတာပါ။ ဒါပေမဲ့လဲ ကိုယ့်သမိုင်းကို ကောင်းအောင် ရေးစေလိုတဲ့ဆန္ဒနဲ့ သာစည်မြို့နယ်က ပညာရေးတာဝန်ရှိသူတွေကို အကြောင်းဆိုချင်ပါတယ်။ ဒီကိစ္စကို ခပ်မြန်မြန် ဖြေရှင်းပေးပါလို့။

သာဂရရွာအုပ်ချုပ်ရေးမှူးနဲ့လည်း ဖုန်းစကားပြောဖြစ် ပါတယ်။ သူကလည်း ရွာထဲမှာ အစိုးရဝန်ထမ်းကျောင်း ဆရာ၊ ဆရာမတွေက ကျူရှင်သင်နေတာကိုတော့ အလိုမရှိ ကြောင်းပြောပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုသည်ကို စဉ်းစားဆင်ခြင်နေတုန်းလို့ သိ ရပါတယ်။ အပြင်ကျူရှင်တွေကြောင့် ကျောင်းသား၊ ကျောင်း သူလေးတွေကတောင် ကျောင်းက ဆရာ၊ ဆရာမတွေကို မလေးစားချင်တော့ဘူးတဲ့။ ကျောင်းက ကျူရှင်ဆရာ၊ ဆ ရာမတွေကလည်း အပြင်မှာ သူတို့ကျူရှင်မတက်ရင် ကျောင်းမှာ မျက်နှာလိုက်ပြီး မျက်နှာသာမပေးဘူးလို့ အုပ် ချုပ်ရေးမှူးက ပြောပါတယ်။

တစ်နေ့က သာဂရရွာရဲ့ အသစ်စက်စက်အထက်တန်း ကျောင်းဖွင့်ပွဲလုပ်ပါတယ်။ ဟံဇားမြို့အထက်တန်းကျောင်း ရဲ့ တွဲဖက်အထက်တန်းကျောင်းအဆင့်ကနေ အထက်တန်း ကျောင်းခွဲ၊ အထက်တန်းကျောင်းခွဲကနေ အခုလို အထက် တန်းကျောင်းကြီး တစ်ကျောင်းဖြစ်လာတဲ့အတွက် ဂုဏ်ယူ လို့မဆုံးပါဘူး။ ဒါ့အပြင် သာဂရကျောင်းကြီးက အထက် တန်းကျောင်းသားများကလည်း သာစည်မြို့နယ်မှာ အောင် ချက်အကောင်းဆုံးစာရင်းဝင်တဲ့အတွက် ထပ်ဆင့်ဂုဏ်ယူ မိတာတော့ အမှန်ပါ။

ဒီလိုမျိုးဂုဏ်ယူလို့မဆုံးနိုင်အောင် ရာဇဝင်တွေရှိနေ တဲ့ ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးမှာ အစောကလို လစာမလောက်လို့၊ ကလေးတွေကို ပိုတတ်စေချင်လို့ဆို ပြီး အကြောင်းပြချက်မျိုးစုံနဲ့ အစိုးရဝန်ထမ်းကျောင်း ဆရာ၊ ဆရာမတွေက ကျောင်းပြင်ပမှာ ကျူရှင်ပြနေတာ ကတော့ သရုပ်မမှန်ဘူးလို့ မြင်မိပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုရင် ကျောင်းဝင်းထဲကို ဆရာတွေရဲ့ ခွင့်ပြုချက်နဲ့ ဝင်ရောက်လေ့လာမိပါတယ်။ သူငယ်တန်း ကနေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအထိကို စာသင်ခုံမလောက်ငခဲ့ပါ။ အတန်းတစ်ခုချင်းဆီကို ဝင် လိုက်တာနဲ့ မြို့မှာနေတဲ့ သူတို့ကျောင်းထွက်ကို အမြင်စိမ်း နေတဲ့ ကျောင်းသား၊ ကျောင်းသူကလေးတွေက မင်္ဂလာပါ လို့ သံပြိုင်ကြိုဆိုကြပါတယ်။
ကလေးတို့ရေ... ဘာလိုသလဲမေးတော့ ခုံလိုတယ် လို့ပဲ ပြောကြတယ်။ ဒါက အတန်းတိုင်းပါ။ သူတို့ကိုကြည့် လိုက်တော့ ကျွန်တော်တို့ကျောင်းသားဘဝတုန်းက သုံး ယောက်ထိုင်ခဲ့တဲ့ စာသင်ခုံမှာ ငါးယောက်အထိ ပူးကပ် ထိုင်နေရပါပကော။ သာဂရကျောင်းကြီးရဲ့ အရှေ့မြောက် ထောင့်မှာရှိတဲ့ သူငယ်တန်းတွေထားတဲ့ ပျဉ်ထောင် သစ်သားကျောင်းဆောင်ဆိုရင်လည်း ဝါးထရံတွေနဲ့ မလုံမခြုံ ကာရံထား ရသည်အထိ ကျောင်းတော်ကြီးက ရောဂါရနေပါတယ်။

ဒါနဲ့ ကျွန်တော့်ရဲ့ ဆရာရင်းတစ်ဦးဖြစ်တဲ့ အလယ် တန်းပြကျောင်းဆရာတစ်ဦးကတောင် ကျွန်တော့်ကို စ နောက်ပြောဆိုပါသေးတယ်။ ''ကြည့်လဲ ရေးဦး လူလေး။ မင်းရေးလိုက်မှ တို့ကျောင်းက သူတောင်းစားသာသာဖြစ် သွားဦးမယ်''တဲ့။ အဲဒီတုန်းက ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်ခဲ့မိပါတယ်။ ဒီအကြောင်းကို တကယ် လည်း မီဒီယာစာမျက်နှာထက်မှာ မရေးဖြစ်ခဲ့ပါဘူး။ ကျွန် တော့်ရွာလေးရဲ့ရောဂါ၊ ဒဏ်ရာတွေကို ပြောဆိုရေးသား ရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသလိုပါပဲ။
ဒီတစ်ကြိမ်တော့ ရေးခဲ့မိပါတယ်။ သမိုင်းကြောင်း၊ ရာဇဝင်ကောင်းတွေရှိခဲ့တဲ့ သာဂရရွာသားတွေ၊ အနီးအ နားဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ရွာသူ၊ ရွာသားကျောင်း သားသူငယ်များရဲ့ ရှေ့ရေးကိုရှေးရှုပြီး ပြုပြင်သင့်တာပြင် လို့ရအောင်လို့ ရေးသင့်ရေးထိုက်တာကို ရေးလိုက်တာ ပါ။

အခြေအနေတစ်ခုကြောင့် ကိုယ့်ရပ်ကိုယ့်ရွာမှာ မနေ နိုင်သေးပေမယ့် ကိုယ်တတ်တဲ့ ကလောင်သွားနဲ့ တတ် စွမ်းသရွေ့ ကိုယ့်ရပ်ကိုယ့်ရွာကို ထိန်းကျောင်းပြုပြင်ပေး ချင်တဲ့ ဆန္ဒအရင်းခံနဲ့ ဒီစာကိုရေးလိုက်တာပါ။ သက်ဆိုင် ရာတာဝန်ရှိသူများကလည်း လျစ်လျူရှုမထားဘဲ နှာစေး မနေဘဲ ရပ်ထဲရွာထဲက ပွင့်အံထွက်လာတဲ့ အသံတွေကို ဖြေရှင်းပေးစေလိုပါတယ်။
နောက်ထပ်ရွာထဲကအသံကတော့ မွေးစာရင်းကိစ္စ ပါ။ ကလေးတစ်ဦးကို ကျောင်းထားချင်ရင် မွေးစာရင်းလို ပါတယ်။ အဲဒီမွေးစာရင်းကိုလိုချင်ရင် မြန်မာကျပ်ငွေ၅ဝဝဝ ပေးရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွေးစာရင်းခပေးဖို့ ပိုက်ဆံမတတ်နိုင်တဲ့ မိဘတွေက သူတို့ကလေးတွေကို ကျောင်းထားဖို့ တော်တော်ခက်ဆိုပဲ။ ကလေးမွေးဖို့တောင် မလွယ်တော့တဲ့ ရပ်ထဲရွာထဲကအသံပါ။ မွေးစာရင်းသွင်း ဖို့အတွက် သာဂရရွာရဲ့ အနောက်ဘက်ယွန်းယွန်းမှာရှိတဲ့ ဟံဇားဆိုတဲ့ တိုက်နယ်မြို့လေးတစ်မြို့က ဆရာဝန်ဆီကို ငွေကျပ် ၅ဝဝဝ ပေးရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို သာဂရရွာအုပ်ချုပ်ရေးမှူးကလည်း အတည်ပြုပါတယ်။ ပိုက်ဆံကို ဒီလောက်ကြီးမယူဖို့အတွက် သူ့အနေနဲ့ ညှိနှိုင်းကြည့်နေတယ်လို့ ဆိုပါတယ်။
ဒါဟာ ရပ်ထဲရွာထဲကအသံတွေပါ။ အစိုးရနဲ့သက်ဆိုင် ရာအဖွဲ့အစည်းတွေအနေနဲ့ ကြားသည်ဖြစ်စေ၊ မကြား သည်ဖြစ်စေ၊ ဖြေရှင်းပေးသည်ဖြစ်စေ၊ မဖြေရှင်းပေးသည် ဖြစ်စေ ပွင့်အံလာတဲ့ ရပ်ထဲရွာထဲက အသံကလည်း ပြည် သူ့အသံတွေပါပဲ။ ပြည်သူ့အသံတွေကို နားဆင်ကောင်းရုံ လောက် အော်ဟစ်တောင်းဆိုနေတာ မဟုတ်ပါဘူး။ သက် ဆိုင်သူတို့က တကယ်ဖြေရှင်းပေးဖို့ လိုနေပါပြီ။

Yangon Media Group

0 comments:

Post a Comment