Sunday, June 22, 2014

မက္ကဆီကိုအသင်း မိမိတို့ကို ကြောက်ဒူးတုန်နေလောက်ပြီဟု ခရိုအေးရှားနည်းပြ ပြောကြား


Photo - Sanjin Strukic/ Pixsell

မိမိတို့ အသင်းနှင့် ရင်ဆိုင်ကစားရမည့် အရေးကို တွေးတောပြီး မက္ကဆီကိုအသင်း ဒူးတုန်နေလောက်ပြီဟု ခရိုအေးရှားနည်းပြ နစ်ကို ကိုဗက်က စိတ်ဓာတ်စစ်ဆင်ရေးစကား ပြောဆိုခဲ့သည်။

ကမ္ဘာ့ဖလား အုပ်စု(A)၏ ရှုံးထွက်အဆင့် တက်ရောက်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် မက္ကဆီကိုနှင့် ခရိုအေးရှားတို့ ရင်ဆိုင်ကစားရမည်ဖြစ်ပြီး ခရိုအေးရှားက မဖြစ်မနေ အနိုင်ရမှာသာ နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်သည်။ မက္ကဆီကိုကမူ ခရိုအေးရှားထက် (၁)မှတ် အသာရထားသဖြင့် သရေကျရုံဖြင့် နောက်တစ်ဆင့် တက်ရောက်မည့် အခွင့်အရေးမျိုး ပိုင်ဆိုင်ထားသည်။အသက်(၄၂)နှစ်ရှိ ကိုဗက်ကမူ မိမိ၏ အသင်းသည် နည်းပြ မီဂွယ်လ်ဟာရဲရာ၏ အသင်းကို အသာစီးယူ ကျော်ဖြတ်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဟု အခိုင်အမာ ယုံကြည်လျက်ရှိသည်။

“လက်ရှိ အခြေအနေအရ (၁၆)သင်း ရှုံးထွက်အဆင့်ကို ကျွန်တော်တို့ မတက်ရောက်နိုင်ခဲ့ဘူး ဆိုရင်တောင် အရှုံးမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်က အဲဒီလို အနေအထားကို လုံးဝ စိတ်ကူးမထားဘူး။ မက္ကဆီကိုနဲ့ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ကိုဗက်က “မက္ကဆီကိုဟာ ဟာရဲရာ လက်ထက်မှာ အများကြီး ပိုကောင်းလာတယ်။ ဒါပေမဲ့ သူတို့ကို ရင်ဆိုင်နိုင်မယ့် ဖော်မြူလာတွေ ကျွန်တော်တို့မှာ ရှိနှင့်ပြီးသားပါ။ ဘယ်လိုပုံစံလဲ ဆိုတာကိုတော့ လောလောဆယ် ထုတ်မပြောနိုင်သေးပါဘူး။ ဂီလာမို အိုချာအာဟာ မက္ကဆီကိုအတွက် လက်စွမ်းပြနေတဲ့ ဂိုးသမားကောင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ထိပ်တန်း တိုက်စစ်မှူးကောင်းတွေ ရှိနေပြီး သူတို့ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ပါလိမ့်မယ်။ ဒီပွဲအတွက် ကြောက်ဒူးတုန်နေမယ့် အသင်းဟာ မက္ကဆီကိုသာ ဖြစ်ပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

_Ref: Goal
7Day Daily

0 comments:

Post a Comment