Tuesday, June 17, 2014

ဂျာမနီနှင့်ပွဲတွင် ဒိုင်၏ ဆုံးဖြတ်ချက်များကြောင့် အခက်တွေ့ခဲ့ဟု ပေါ်တူဂီနည်းပြ ပြောကြား



ဂျာမနီကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များက မိမိတို့အတွက် များစွာ အခက်အခဲ တွေ့စေခဲ့ကြောင်း ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုက ဝန်ခံ ပြောကြားခဲ့သည်။

ပေါ်တူဂီသည် ကမ္ဘာ့ဖလား အုပ်စု(G) အဖွင့်ပွဲစဉ်တွင် ဂျာမနီကို (၄-၀)ဖြင့် ရှုံးနိမ့်သွားခဲ့ပြီး ယင်းပွဲစဉ် ပထမပိုင်းတွင် ဆာဘီးယား ဒိုင်လူကြီး မီလိုရတ်ဒ် မက်ဇစ်က ဂျာမနီကို ပင်နယ်တီတစ်လုံး ကန်ခွင့်ပေးခဲ့ပြီး ပေါ်တူဂီ နောက်ခံလူ ပီပီကိုလည်း တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။(၁၂)မိနစ်တွင် ဂျိုအိုပီယဲရာက ဂျာမန်တိုက်စစ်သမား မာရီယိုဂေါ့ဇီကို ဧရိယာထဲတွင် တားဆီးပုံ ကြမ်းသဖြင့် မက်ဇစ်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ပြီး ပီပီကလည်း သောမတ်စ်မူလာကို ထိပ်တိုက်ရင်ဆိုင်သည့်နောက် အနီကတ် ထိခဲ့ခြင်း ဖြစ်သည်။

“ဒီဖြစ်ရပ် နှစ်ခုမှာ တစ်ဖက်ဖက်ကို ယိမ်းယိုင်နေတဲ့ အရိပ်လက္ခဏာတွေ မြင်နိုင်တယ်။ ပြီးတော့ ဆုံးဖြတ်ချက် နှစ်ခုစလုံးကလည်း တင်းမာပြတ်သားလွန်းနေတယ်”ဟု ဘင်တိုက ဆိုသည်။

ပီပီသည် ယခင်ကတည်းက ကစားပုံ ကြမ်းတမ်းမှုများကြောင့် အနီကတ်များ ထိခဲ့ဖူးသည့် သမိုင်းကြောင်း ရှိနေသူဖြစ်သည်။ “ပင်နယ်တီက မဖြစ်ဖြစ်အောင် ပေးလိုက်တာပါပဲ။ ပီပီ အထုတ်ခံရတာတော့ အရင်က သူ့နာမည်ဆိုးတွေကြောင့်လား ဆိုတာကို ကျွန်တော် သေချာမသိဘူး”ဟုလည်း ဘင်တိုက ပြောကြားခဲ့သည်။

၎င်းက ဒိုင်၏ ဆုံးဖြတ်ချက်များကြောင့် ဂျာမနီကို ရှုံးခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်းလည်း ရှင်းလင်းခဲ့သေးသည်။ “ကျွန်တော်တို့ ရှုံးသွားတာ ဒိုင်ကိုချည်း အပြစ်ပုံချရမယ်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော်တို့ အမှားတွေ တော်တော်များခဲ့တယ်။ ခံစစ်မှာတင် မကဘူး။ တိုက်စစ်ကလည်း ပုံစံကောင်း မရခဲ့ဘူး။ ဒီပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ သေသေချာချာ ပြန်ပြီး သုံးသပ်စစ်ဆေးဖို့ လိုပါတယ်”ဟု ဘင်တိုက ဝန်ခံသွားသည်။

_Ref; Skysport

7Day Daily

0 comments:

Post a Comment