“မျှစ်စို့ပေါက်နှင့်ပမာတင်စားနိုင်သည့်သူ့တင်ပါးထွားထွားကြီးတွေကို မြင်ရလေတိုင်း ကျွန်ုပ်ရင်မှာ ဘောင်ဘင်ခတ်ရုံမက ထိုင်ရာမှ ငေါက်ကနဲထထိုင်မိသည်အထိ ဖြစ်ရသည်မှာအကြိမ်ကြိမ်။ဖူးငုံနေသောသူ့နှုတ်ခမ်းလွှာအစုံသည် အချစ်အတွက်ဖြင့်အသက်ပင် သေ သေ၊ အပြုံးမပျက်ပေါင် စိတ်လက်ရှည်ရှည်ဟုရဲဝံ့စွာကြွေးကြော်ရင်း ချစ်ဗျူဟာကျင်းခဲ့ကြသည့် ဖဲမွေ့ယာကို ရုတ်ခြည်းသတိရစေပြန် သည်။ သို့သော် သူ့ယောက်ျားအလစ်ကိုမူ စောင့်ရပေဦးတော့မည်။သူပေးလို့ကိုယ်ယူ ထိုသူမှာအပြစ်မရှိ။ ဒု၊သ၊န၊သောဟူသည် ကျွန်ုပ် အတွက်မူ ရယ်မောဖွယ်ပြက်လုံးသာသာမျှသာဖြစ်ချေ၏။”
ပြူတင်းပေါက်သံတိုင်များကြားမှ ဝင်းပရွှန်းလက်သောနေခြည်နွေးနွေး၏ရင်ငွေ့ကိုလှုံရင်း ဆြာဒင်တစ်ယောက် မိမိရေးသားခြယ်မှုန်းခဲ့ သော ရိုမန်းဒင်ရဲ့တဏှာကမ္ဘာစာအုပ်မှ စာသားတချို့ကို တဖွဖွပြန်လည်ရွတ်ဆိုရင်း ဝမ်းသာလုံးဆို့လျက်ရှိ၏။ ဘုရားသခင်သည် ဆြာဒင့် ကို ကောင်းချီးပေးခဲ့ပြီ။အနုပညာအတွက် ဆြာဒင်ကိုယ်တိုင်အသေခံခွဲလိုက်သောဗုံးကား ဟီရိုရှီးမားတွင်ကြဲခဲ့လေသည့် နျူကလီးယား ဗုံးထက် အဆတစ်ထောင်မက သာလွန်သည့်ပြင်းအားဖြင့် မြန်မာစာပေနယ်၌ပေါက်ကွဲခဲ့လေပြီတကား။
နာမည်ကျော်ခဲ့ပြီမို့ ဆြာဒင်၏လက်ကိုင်ဖုန်းမှာ လက်မလည်နိုင်အောင်ရှိနေချေသည်။
“ဗျို့ဆြာဒင်၊ရိုမန်းဒင်ရဲ့တဏှာကမ္ဘာကတော့တကယ့်အနှစ်ပဲဗျာ။တော်တော့ကို ဖတ်လို့ကောင်းတာဗျ။ဒါမျိုးတွေဆက်တိုက်ရေးပါဆြာ”
“ဒါက ဒီလိုရှိပါတယ်ကိုရင်။(Man is a machine) လူဟာစက်ယန္တရားပါပဲဆိုတဲ့အမြင်နဲ့ ချဉ်းကပ်ထားတာပါ။လူတိုင်းလူတိုင်းခံစားမှု နောက်ကိုလိုက်သင့်ကြတယ်လေ။လက်ရှိကမ္ဘာရဲ့အလွန်က (unknown) တွေကို ရှာဖွေတွေ့ရှိခဲ့တယ်ဆိုပါတော့”
“အချိန်မှီဝယ်သိမ်းထားလိုက်နိုင်တာ ကျနော်ကံကောင်းတာပဲဆြာဒင်။အခုစာအုပ်ဆိုင်တွေမှာ လုံးဝလက်ကျန်ပြတ်ကုန်ပြီဗျ။မိတ္တူတောင် ရှစ်ထောင်ဆိုလားဆြာ။ဆြာဒင့်အောင်မြင်ချက်ကတော့ အံ့မခန်းပါပဲ”
“ကမ္ဘာသစ်အတွက် ဆြာဒင့်ရဲ့လက်ဆောင်ဆိုပါတော့ဗျာ”
ထူးခြားသည်ကား ဆြာဒင်အူမြူးနေသလောက် သံတိုင်များခြားလျက်ရှိသည့်အခန်းအပြင်မှ တပည့်ကျော်သုံးဦးမှာ ခေါင်းကိုတွင်တွင် ယမ်းကြရင်း စိတ်မသက်သာဟန်ရှိကြလေသည်တမုံ့။ ။
(၂)
အချို့သောသူတို့ကား ဆြာဒင်၏အောင်မြင်မှုကို မုဒိတာပွားနိုင်ကြဟန်မတူချေ။လေသံမာမာဖြင့် ခပ်တင်းတင်း၊ အမနာပစကားဆိုကြ သည်လည်းရှိ၏။
“ဆြာဒင်ဆိုတာမင်းလားကွ”
“ဟုတ်ပါတယ်။ကျုပ်ဆြာဒင်အစစ်ပါ”
“မင်းက ဘာစာရေးဆရာတုန်း။မင်းရေးထားတာ အညှီအဟောက် လိင်အသားပေးတွေပဲ။နာမည်ကြီးချင်ရင်လည်း သံလျင်မြစ်ကူးတံ တားပေါ်ကနေ ခုန်ချပြီးသေကြောင်းကြံပါကွာ။လူငယ်တွေ၊မိကောင်းဖခင်သားသမီးတွေကိုတော့ ဒုက္ခမပေးပါနဲ့”
“ခက်တယ်ဗျာ။ လူ့အဖွဲ့အစည်း တစ်ခုလုံးကို ထိန်းချုပ် ပုံသွင်းထားတဲ့ အခြေအနေတွေကို ဆန့်ကျင်တော်လှန်ဖို့ ရေးထားတာဗျ။ အဲဒီ အကြောင်းအရာတွေကို စာဖတ်သူတွေမမြင်တဲ့အတွက် ဆြာဒင် စိတ်မကောင်းပါဘူး”
“အေး။မင်းမှာမအေနှမ မရှိဘူးထင်ပါ့ကွာ။”
‘‘ဆြာဒင်တစ်ခွန်းတည်းပြောမယ်။ ရိုမန်းဒင်ရဲ့တဏှာကမ္ဘာဟာအပြာစာအုပ်မဟုတ်ဘူး။ နောက်တစ်ခွန်းထပ်ပြောမယ်။ ရိုမန်းဒင်ဟာ ခင်ဗျားတို့ လူ့အဖွဲ့အစည်းအဟောင်းကြီးကို လူသားသစ်အဖွဲ့အစည်းဖြစ်အောင်လုပ်ကြဖို့ အသိအမြင်နဲ့ အနုပညာအသေခံ ဗုံးခွဲခြင်း ပဲခင်ဗျ”
ဆြာဒင်တို့အောင်မြင်ပုံထူးချက်မှာ ရဟန်းသံဃာတော်တို့သော်မှ တုံဏှိဘာဝေဆိတ်ဆိတ်မနေနိုင်တော့။
“ဆြာဒင်ဆိုတာဒကာလား။ဟီရိသြတပ္ပတရားဆိုတာ လောကကိုစောင့်ရှောက်နေတဲ့ လောကပါလတရားနှစ်ပါးကွဲ့။အဲဒါတွေကို လွယ်လင့်တကူဖောက်ဖျက်လို့ရတယ်ဆိုမှတော့ ဒီလူ့လောက ပျက်ပြီပေါ့။ မိုက်ပါပေ့ဒကာရယ်”
“အရှင်ဘုရား၊သေချာဖတ်ကြည့်လို့လားဘုရား”
“အော်ဒကာရယ်။မစင်ဟာ ဘယ်အရသာရှိတုန်းဆိုတာ ဒကာတို့လိုလူမျိုးမှ စားကြည့်ဖို့လိုတော့မပေါ့ကွယ်။အကုသိုလ်များပါဘိဒကာ”
“ဘုရားသခင်ဟာ မိန်းမလျာဖြစ်ပြီး အိပ်ခ်ျအိုင်ဗီနဲ့သေသွားခဲ့ပြီဘုရာ့။ တပည့်တော်လို နာမည်ကျော်စာရေးဆရာတစ်ယောက်ဆီက အသစ် အယောင်ဆောင်ထားတဲ့ အဆိပ်တွေကလွဲလို့ ဘယ်အရာကိုရနိုင်မယ်လို့ မျှော်လင့်နေခဲ့ပါသလဲ။တပည့်တော်ကတော့ ဟီရိနဲ့သြတပ္ပကို ဇာတ်ကောင်အဖြစ်ထားပြီး နောက်ထပ်လုံးချင်းတစ်အုပ်ဖန်တီးချင်သေးတာ”
သံဃာတော်ပါမချန် အာပေါင်အာရင်းသန်သန် ခံတွန်းနေပြန်သဖြင့်၊ဆြာသမားအား၊မတားသာဟန်ရှိကြသော တပည့်ကျော်တို့မှာ စိတ်မချမ်းမြေ့သည့် အမူအယာကိုယ်စီရှိကြသော်ငြား စကားတစ်ခွန်းမျှ မဆိုကြပဲ ခပ်ဝေးဝေးကသာ ဂရုဏာသက်ဟန်အပြည့်ဖြင့် ဆြာဒင်ကို လှမ်းမျှော်ကြည့်ရှုလျက်ရှိလေသည်။ဝင်လာသည့်တယ်လီဖုန်းတို့ကြောင့် ဆြာဒင်နားရသည်မရှိချေ။
(၃)
“ဟယ်လိုဆြာဒင်။ဆြာ့ရဲ့မဟာဝတ္ထုကြီးကို ရုပ်ရှင်အဖြစ်အသက်သွင်းချင်လို့ခင်ဗျ”
“ကောင်းတာပေါ့ကိုရင်ရယ်။မင်းသားမင်းသမီးသာသေချာရွေးပေတော့။ကိန်းသေပေါက်အောင်မြင်မှာ။ဆြာဒင်လေ။သိတယ်မဟုတ်လား”
“ဒီမယ်ကြောင်သူတော်ဆြာဒင်”
လာပြန်ချေပြီ နောက်ထပ်တစ်ယောက်၊ မစ္ဆရိယစိတ်များလှချေ၏။
“စာပေလွတ်လပ်ခွင့်လမ်းစလေးကို မင်းပိတ်အောင်လုပ်တာပဲ ဒါ အနုပညာမှ မဟုတ်တာပဲငတုံးရ။ညစ်ညမ်းစာပေ သက်သက်ပဲ။ ချစ်ရွှင်သနား တည်ကြားကြမ်းကြုတ်စက်ဆုပ်ကြောက်ရွံ့ရဲဝံ့အံ့သြ ဆိုတဲ့ ရသကိုးပါးမှာ တဏှာသက်သက်နှိုးဆွတဲ့ နှာဗူးရသဆိုတာ ဘယ်နေရာကမှ မပါခဲ့ဘူး။ဒါကို လက်ညှိုးထိုးပြီး စာပေလွတ်လပ်ခွင့်ကို ထိပါးလာရင်တော့ ကန့်ကွက်ရလိမ့်မယ်။စာဖတ်သူတွေ အော်တာများနေပြီမို့ ခင်ဗျားကို ကျုပ်ကိုယ်တိုင်အမှုဖွင့်မယ်။စာပေလွတ်လပ်ခွင့်အသုံးချပြီး ဒီလိုရုပ်ပျက်ဆင်းပျက်လုပ်တာတော့ ခွင့်လွှတ်လို့မရဘူး”
ရုံးရောက်ဂါတ်ရောက် စကားတွေပါလာသည်မို့ ဆြာဒင်တစ်ယောက်လေသံမာမာဖြင့်ပြန်၍ အတည်ပေါက်ဖြဲချောက်လိုက်ရပြန်သည်။
“ဆိုင်ပေါ်ကစာအုပ်တွေပြန်သိမ်းလိုက်ရင် ဒိထက်ဈေးပိုတက်သွားမယ်နော်။ပြန်ကြားရေးက ဘာတရားဝင်စာမှ မလာသေးပါဘူးဗျာ”
ရိုမန်းဒင်ရဲ့တဏှာကမ္ဘာ ထူးခြားပြောင်မြောက်မှုကြောင့် ပြန်ကြားရေးဝန်ကြီးဌာနပင် အလုပ်ရှုပ်ကုန်ကြလေပြီ။တာဝန်ရှိလူကြီးမင်း တစ် ဦးမှ ဆြာဒင့်စာအုပ်ကို တစ်ဦးချင်းမဖတ်ရဲကြရှာပဲ အဖွဲ့လိုက်ဖတ်ရှုကြမည်ဟုဆိုပါ၏။ မြန်မာနိုင်ငံတွင် စာပေလွတ်လပ်ခွင့်ရရှိလာ သည့်အပေါ် အလွဲသုံးစား မလုပ်ရန်လိုအပ်ကြောင်း၊ ယင်းကိစ္စများသည် လူငယ်များကိုပါ ပျက်စီးနိုင်သည့်အတွက် ပြည်သူလူထု အားလုံးက ထိန်းသိမ်းပေးသင့်သည်ဟုလည်းဆိုသည်။
ဆြာဒင်ကားသံတိုင်ကာ အခန်းငယ်အတွင်းမှပင် ကမ္ဘာကြီးနှင့်အဆက်မပြတ်လေရကား ရိုမန်းဒင်နှင့်ပတ်သက်သည့် သတင်းပလင်း အစုံကို လက်ကိုင်တယ်လီဖုန်းမှတစ်ဆင့်ကြားသိနေရသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ စာနယ်ဇင်းကျင့်ဝတ်အမှတ် (၁၅)ပါ “အများပြည်သူ၏ ကိုယ်ကျင့်တရား ထိခိုက်ပျက်ပြားစေမည့် ရေးသားဖော်ပြမှုများ ညစ်ညမ်းမှုများနှင့်ပတ်သက်၍ မည်သည့် သတင်းဓာတ်ပုံ ဆောင်းပါးမျှ ပုံနှိပ်ထုတ်ဝေခြင်းမပြုရ“ဟူသည့်အချက်နှင့်ငြိစွန်းသည်ဟုဆိုကြ၏။
(၄)
“ဆြာဒင်ရဲ့စာအုပ် လူပြောများနေပေမယ့် ကျနော် စိတ်မ၀င်စားမိဘူး။အမှန်တိုင်းပြောရရင် စာအုပ်နာမည်ကတစ်မျိုးမို့ ပို့စ်မော်ဒန်ဝတ္ထု လိုလို ထင်နေတာ(Modernist)တွေက တစ်ခါတလေ တစ်တစ်ခွခွရေးတတ်တယ်လေ၊အဲဒီလို ကြမ်းတာမျိုးပဲလို့ ထင်နေတာ။ ဖေ့စ်ဘွတ် မှာတင်ထားတဲ့ စာအုပ်ထဲက စာမျက်နှာတွေဖတ်ရတယ်။ဆြာဒင်ရဲ့အနုပညာအတုံးလိုက် အတစ်လိုက်ကြီးတွေကို ဆက်ခံစားဖို့တောင် မျက်စိမရဲတာမို့ တစ်ဝက်တစ်ပျက်ဖတ်နေရင်းနဲ့ မှတ်ချက်ချရရင်…..
၁။တရားစွဲတာ ဒင်းမိုက်ပြစ်အတွက်ထိုက်တန်ပါတယ်။
၂။သူရဲကောင်း ထုတ်ဝေသူကိုလည်း ဆုတစ်ခုခုပေးသင့်တယ်။
၃။စာရေးဆရာအသင်း ဘယ်နေရာမှာအိပ်ပျော်နေသလဲသိချင်တယ်။ ဘာကြောင့် နိုးနိုးကြားကြားမရှိသလဲ ဖြေရှင်းချက်ပေးစေချင် တယ်။
ဆြာဒင့်ကို ပုဂ္ဂိုလ်ရေးအရ အကြံပေးရရင် တခြားအလုပ်ပြောင်းလုပ်ပါ။လူတွေရှေ့မှာ ကိုယ့်ကိုယ်ကို စာရေးဆရာလို့ ဘယ်တော့မှမပြော ပါနဲ့။စာရေးဆရာတွေ သိက္ခာကျလို့ပါ။ဝိုင်းဝန်းခြီးကျုးမြှောက်ပင့်သူအားလုံးကိုလည်း စာပေသမား လို့မယူဆပါဘူး”ဆိုလာသူလည်းရှိ၏။
ဆြာဒင်၏ဝတ္ထုသည် စာဖတ်ပရိသတ်များအတွက် ထိတ်လန့်ချောက်ခြားဖွယ်ဖြစ်ကြောင်း၊ ခေတ်အခြေအနေ (စာဖတ်စိစစ်ရေး ဖျက် သိမ်းအပြီး)ကိုမှီ၍ ထွက်ပေါ်လာသော စာအုပ်ဟုခေါ်ဆိုရမည်ဖြစ်ကြောင်း ဝေဖန်ရေးသားခဲ့ကြ၏။ယင်းစာအုပ်နှင့် ပတ်သက်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနမှ တရားစွဲဆိုရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ဝေဖန်သံအချို့မှာမူ အနည်းငယ်ဒေါသစွက်သယောင်ထင်ရ၏။
“နစ်ရှေးဘာပြောပြော၊ မော်ဒန်လို့ဘယ်လိုပြောပြော၊ ကမ္ဘာသစ်ကြီးပါလို့ ဘယ်လိုပြောပြော၊ကွန်ဆာဗေးတစ်ဖြစ်ဖြစ်၊ လစ်ဗရယ်ဖြစ်ဖြစ် လူအများရှေ့မှာ၊မိသားစုရှေ့မှာ ကိုယ်ရေးထားတဲ့စာကို ဖတ်ပြကြည့်။ပါးထရိုက်ခံရရင် မရေးသင့်တဲ့စာပဲ”
လူတွေသည် ဧကန်ပင် ခက်လှချေသည်တကား။ကာမဘုံသား ဆုံလည်နွားဆိုသကဲ့သို့ လူမှန်လျှင် ကာမဂုဏ်နှင့်မကင်းသည့်သဘောကို နားလည်ကြဟန်မတူ။စင်စစ်ယောက်ျားမှန်လျှင် ဆာဒူးနှင့်နှာဗူးသာရှိသည်ဆိုသောဆိုလိုချက်ကို ဒင်းတို့သဘောပေါက်ကြဟန်မရှိချေ။
(၅)
စိတ်ရောဂါလူနာအချုပ်(Shell)ခန်းအတွင်းမှ ချစ်လှစွာသောဆြာသမားဖုန်းတစ်လုံးနှင့်ဗျာများနေရသည်ကို မကြည့်ရက်ကြသည်ထင့်။ တပည့်ကျော်များထံမှ အသံထွက်လာ၏။
“ဆေးသောက်ချိန်ရောက်နေပြီ ဆြာဒင်။စိတ်ကိုထိန်းပါဗျာ”
“နာမည်ကြီးချင်တာ တစ်ခုတည်းနဲ့ ဖြစ်မှဖြစ်ရလေဆြာဒင်ရယ်”
မော်ဒန်အနုပညာကို မခံစားတတ်၊၊ မော်ဒန်အတွေးအခေါ် ကင်းမဲ့ကာ၊ပို့စ်မော်ဒန်အနုပညာမှန်လျှင် လိင်ကိစ္စပါရမည်ဟူသော သီအိုရီ လေးကိုသော်မှမသိကြလေသောတပည့်တို့ကား အဆိုပါနိုင်ငံကျော်ဝတ္ထုကြီးကို ဆြာဒင်ကြိုးစား ဖန်တီးခဲ့စဉ်က ရသမြောက်စေရန် အလို့ငှာ ကာမဂုဏ်ကိစ္စတွေချည်း ဈာန်ဝင်ကာ ညလုံးပေါက်ထိုင်စဉ်းစားရင်း တစ်ပတ်ခန့်တစ်မှေးမှမအိပ်စက်ပဲ လူတကာမကြားဝံ့မနာ သာ လိင်စကားတွေချည်းပြောဆိုနေလေသဖြင့် ဆြာဒင်အား၊နားလည်မှုလွဲကာ စိတ်ရောဂါအထူးကုဆေးရုံကြီးသို့ ဇွတ်အတင်း ဆောင်ကြဉ်း ပို့ဆောင်ထားခြင်း ဖြစ်ပါ၏။
ထိုစဉ်တာဝန်ကျဆရာမတစ်ဦး ဆေးထိုးဗန်းကိုကိုင်လျက်ဝင်လာရင်း ဆြာဒင့်တပည့်များအား ခပ်ငေါက်ငေါက်သတိပေးသံနှင့် အချီ အချစကားပြောသံကို နားအလွန်ပါးသော ဆြာဒင်ကြားလိုက်ရသည်။
“ရှင်တို့ဆရာ့လက်ထဲက တယ်လီဖုန်းကိုသိမ်းထားလိုက်ရင်ကောင်းမယ်နော်။ရှင်တို့လူနာကို ဒီအတိုင်းသာဖုန်းတစ်လုံးပေးပြီး အာချောင် ခိုင်းနေရင် သွက်သွက်ခါအောင်ပိုပြီး ရူးသထက်ရူးတော့မပေါ့”
“ဘာရောဂါများပါလိမ့်ဆရာမရယ်။ကျနော်တို့ဆြာဟာ သိပ်တော်တဲ့ဆြာပါ”
“တိုတိုပြောရရင် ကာမရာဂစိတ်ပြင်းထန်တဲ့ရောဂါရှင့်။အလကားနေရင်း ကာမဂုဏ်စိတ်တွေ ကြွနေတာ။ရှင်တို့ဒီလောက် နီးနီးကပ်ကပ် နေပြီး အရိပ်အကဲတောင် မဖမ်းမိတာအံ့ပါရဲ့”
“ဟုတ်မယ်ဆရာမရေ။အရင်တစ်အုပ်တုန်းကလည်း တကိုယ်ရည် သံဝါသပြုခြင်းဆိုလား။ကျနော်တို့က ခပ်တုံးတုံးတွေဆိုတော့ မော်ဒန် စာပေလို့ထင်နေကြတာ”
ဆေးထိုးရန်တင်ပါးကိုလှန်ခိုင်းနေသော သူနာပြုဆရာမ၏ဖွံ့ထွားလှသည့်ရင်သားနှစ်မွှာကို ဆြာဒင်အာသာငမ်းငမ်းကြည့်ရင်း သွားရည်ပါ ကျလာသည်။ တင်ပါးဆီမှ စူးကနဲနေသည့်ဝေဒနာနှင့်အတူ ဆေးဒဏ်ကြောင့်ဆြာဒင်၏မျက်လုံးအစုံမှာ မှေးလာသော်ငြား ချောမောလှပ လွန်းသည့် ဆရာမလေး၏ရုပ်သွင်ကို နောက်ထပ်ရေးမည့်ဝတ္ထုသစ်အတွက် ဇာတ်ကောင်အဖြစ် ဆြာဒင်စိတ်ကူးနေမိပြန်သည်။ လူနာ အချုပ်ခန်း တံခါးကို သော့ခတ်ပိတ်သံအဆုံး သံယောဇဉ်ကြီးလှသော မျက်ဝန်းများဖြင့် ဆြာဒင့်အနီးမှဖယ်ခွာသွားကြလေသည့်တပည့် ကျော်သုံးဦးကို ဆရာမလေး၏ တင်ပါးလုံးလုံးကျစ်ကျစ်ကြီးနှင့်အတူ မျက်ခွံမပိတ်ခင် ဆြာဒင်လှမ်းမြင်လိုက်ရချေသည်တကား။
(မင်းဒင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment