Thursday, June 19, 2014

ဗုံးပေါက်မှုကြောင့် သေဆုံးသူများအတွက် နိုင်ဂျီးရီးယား ကြိုးစားမည်၊ ဘောလုံးပွဲပြသသည့်နေရာများနှင့် ဝေးဝေးနေရန် ရဲတပ်ဖွဲ့သတိပေး


ဘော့စနီးယားနှင့်ပွဲအတွက် လေ့ကျင့်နေသည့် နိုင်ဂျီးရီးယားအသင်း၊ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူအချို့ကိုတွေ့ရစဉ်

ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်နေသည့် နိုင်ဂျီးရီးယားအသင်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ဘောလုံးပရိသတ်များအတွက် ဘော့စနီးယားနှင့်ပွဲတွင် အနိုင်ကစားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဇွန် ၁၈ ရက် (မြန်မာစံတော်ချိန်) က နိုင်ဂျီးရီးယားမြောက်ပိုင်း ဒမာတူရူပြည်နယ်၏မြို့တော် ယိုဘီရှိနာယီနာဝါဒေသမှ Crossfire ဘောလုံးပွဲရုံတွင် ဘရာဇီးလ်နှင့် မက္ကဆီကိုအသင်းတို့ပွဲစဉ် ပြသနေချိန်၌ ဗုံးaပါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် အနည်းဆုံးလူ ၂၁ ဦးသေဆုံး ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။ ထို့ကြောင့် နိုင်ဂျီးရီးယားအသင်း၏ မီဒီယာတာဝန်ရှိသူ ဘန်အလိုင်ယာက မိမိတို့ကစားသမားများအနေဖြင့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဇွန် ၂၁ ရက်တွင်ကစားမည့် ဘော့စနီးယားနှင့်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကစားသမားတွေအနေနဲ့ ဘော့စနီးယားနဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ဆုံးဖြတ်ထားပါတယ်။ ဘောလုံးပွဲကြည့်ရှုရင်း သေဆုံးသွားသူတွေအတွက် ဒီပွဲကိုအနိုင်ကစားသွားမှာပါ။ သူတို့အတွက် ကျွန်တော်တို့နာကျင်ခံစားရပြီး အနိုင်ရလဒ်ကိုရယူပေးချင်ပါတယ်။ တကယ်လို့ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရဗိုလ်စွဲခဲ့ရင်တောင် သေဆုံးသွားတဲ့ သူတို့ဘ၀တွေကို ပြန်အသက်သွင်းပေးနိုင်မှာ မဟုတ်ပါဘူး" ဟု ဘန်အလိုင်ယာက ပြောကြားခဲ့သည်။

နိုင်ဂျီရီးယားရဲတပ်ဖွဲ့ တာဝန်ရှိသူများကလည်း ပရိသတ်များအနေဖြင့် ဘောလုံးပွဲများအား လူအများကြည့်ရှုသည့်နေရာများတွင် သွားရောက်ကြည့်ရှုခြင်းမပြုရန် သတိပေးတားမြစ်ထားကြောင်း သိရသည်။ "နိုင်ငံသားတွေအနေနဲ့ ဖြစ်နိုင်ရင် ဘောလုံးပွဲပြတဲ့နေရာတွေမှာ သွားမကြည့်ဖို့ အကြံပေးချင်ပါတယ်" ဟု အမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖရန့်အမ်ဘာက ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment