Sunday, August 3, 2014

ဧည့်သည်တွေအတွက် အနေကြပ်တော့မယ့် ထိုင်းနိုင်ငံ

ထိုင်းစစ်အစိုးရက လူဝင်မှုကြီးကြပ်ရေးစည်းမျည်းစည်းကမ်းချိုးဖောက်သူများကို မကြာမီ နှိမ်နှင်းတော့မည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။



မြို့တော် ဘန်ကောက်နှင့် ထိုင်းပင်လယ်ကွေ့မှ ထန်းအုန်းပင်များ စီတန်းနေသည့် ကမ်းခြေအပန်းဖြေစခန်းများသည် အရေအတွက် သိန်းနှင့်ချီသော နိုင်ငံခြားသား ဧည့်သည်များအတွက် လည်ပတ်ပျော်ပါးစရာ နေရာတစ်ခုအဖြစ် ဆယ်စုနှစ်များစွာကပင် ရှိနေခဲ့သည်။

ပူနွေးသော ရာသီဥတု၊ စွဲမက်ဖွယ်ကောင်းသည့် ဧည့်ဝတ်ကျေပွန်မှု၊ ကုန်ကျစရိတ် သက်သက်သာ သာ ဖြင့် နေချင်စဖွယ်အခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ဧည့်သည့်အများအပြား လာရောက်တည်းခို နေထိုင်ခဲ့ကြသည်။ယင်းကဲ့သို့ အခြေအနေများပေါ်တွင် ကျေနပ်ရောင့်ရဲမှုမရှိသူ အချို့က ဗီဇာစည်းမျည်း အားနည်းချက်ကို အခွင့်ကောင်းယူနိုင်မှုဖြင့် ထိုင်းနိုင် ငံတွင် ဗီဇာသက်တမ်းထက် ကျော်လွန်လျက် ကာလရှည်ကြာစွာ နေထိုင်ကြသည်။

“ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားအရေအတွက် သန်းဝက်ကနေ တစ်သန်းအကြား ရှိပါတယ်။ သည့်ထက်လည်း များနိုင်ပါသေးတယ်” ဟု Thaivisa.com ၏ ဆွီဒင်နိုင်ငံသား စီအီးအို ဂျော့အန်ဒါဆန်က ပြောကြားသည်။ ဗီဇာအချက်အလက်များနှင့် ထိုင်းနိုင်ငံအတွင်း နေထိုင်မှုနှင့်ပတ် သက်ပြီး သတင်းဖလှယ်ရန် နိုင်ငံခြားသားများအနေဖြင့် အဆိုပါဝက်ဘ်ဆိုက်ကို အသုံးပြုကြသည်။

သို့သော် မေလ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ထိုင်းစစ်အစိုးရသစ်က လူဝင်မှုကြီးကြပ်ရေး စည်းမျည်းဥပဒေများကို ချိုးဖောက်သူများအား အရေးယူသွားမည်ဟု ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ ရာ ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ၏ နေထိုင်ရသည့် လွတ်လပ်မှုရှိခဲ့သော လူနေမှုပုံစံများ မကြာမီ အဆုံးသတ်သွား မည်ကို စိုးရမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

“ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင် အလုပ်လုပ်ပြီး ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ချိုးဖောက်တဲ့ သူတွေ ကို အရေးယူသွားမှာပါ” ဟု သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ရှိ ထိုင်းသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်းကျော်လွန်ကာ ရက် ၉၀ နှင့်အထက် နေထိုင်ခဲ့သူများအား ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်လာရောက်ခွင့် တစ်နှစ်မှ ၁၀ နှစ်အထိ ပိတ်ပင်သွားမည်ဖြစ်ကြောင်း ထိုင်း စစ် အစိုးရက ဇူလိုင်လအတွင်း ကြေညာခဲ့သော်လည်း ယင်းအစီအစဉ်အား မည်သည့်အချိန်တွင် စတင်မည်ကို မဖော်ပြခဲ့ပေ။

သြဂုတ် ၁၂ ရက်မှစတင်၍ လေဆိပ်များသို့ ရောက်ရှိလာသည့် နိုင်ငံခြားသားများအား ၎င်းတို့အနေဖြင့် ကာလတို ဗီဇာသက် တမ်းဖြင့် နေထိုင်နေသူများဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများက သံသ ယရှိပါက ၎င်းတို့ ၏ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုအား ငြင်းပယ်ခွင့်ရှိကြောင်းလည်း အခြားကြေညာ ချက်တစ်ခုတွင် ဖော်ပြထားသည်။

စိုးရိမ်နေကြတဲ့ ပြည်သူတွေ

ထိုင်းနိုင်ငံတွင် ယင်းကဲ့သို့ တရားမ၀င်နေထိုင်သည့် နိုင်ငံခြားသားများအား နှိမ်နှင်းမှုကို ယခင်က လုပ်ဆောင်ခဲ့သော်လည်း အာဏာ သိမ်း မှုနှင့် ရွေးကောက်ပွဲမကြာခဏဆိုသလို ကျင်းပရသည့် သံသ ရာမှ မလွတ်နိုင်သည့် ထိုင်းအစိုးရအဆက်ဆက်ကဲ့သို့ပင် နိုင်ငံခြားသားများက ဥဒဟို ၀င်ထွက်သွား လာခဲ့ကြသည်။

အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အထောက်အထား စာရွက်စာတမ်းမရှိဘဲ လာ ရောက်နေထိုင်သူများကို အတင်းအကျပ် ပြန်လွှတ်ခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် လမ်းဘေးဈေး သည်များအား ရှင်းလင်းမှုများသည် စစ်အစိုးရက နိုင်ငံစီးပွားရေးကို ထိခိုက်အောင် ၀င်ရောက်လုပ် ဆောင်မှုဖြစ်ကြောင်း Siam Legal International မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အတိုင်ပင်ခံ ရက်စ်ဘေးက ပြောသည်။

“ကျွန်တော်ထင်တာကတော့ ဒီတစ်ကြိမ်မှာ စစ်အစိုးရက ဗီဇာကိစ္စကို အသေအချာလုပ်ဆောင်မယ်လို့ ထင်ပါတယ်။ စိုးရိမ်မှုဖြစ်ပေါ်နေတဲ့ သူတွေဆီက ဖုန်းနဲ့ နေ့တိုင်း စုံစမ်းနေကြပါတယ်” ဟု ရက်စ်ဘေး က ပြောသည်။

အင်္ဂလန်၊ အမေရိကန်နှင့်သြစတြေးလျအပါအ၀င် နိုင်ငံပေါင်း ၄၈နိုင်ငံမှ နိုင်ငံသားများအနေဖြင့် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့် သို့မဟုတ် ရက် ၆၀ ဗီဇာသက်တမ်းဖြင့် နောက်ထပ် ရက် ၃၀ သက်တမ်းတိုး နိုင်သော ဗီဇာများကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ ထိုင်းသံရုံးများတွင် လျှောက်ထားနိုင်ကြသည်။

ဗီဇာရှောင်တိမ်းမှုများဖြင့် ထိုင်းနိုင်ငံ၏ နာမည်ကျော် ကမ်းခြေအပန်းဖြေစခန်းများဖြစ်သည့် ဖူးခတ်နှင့် ပတ္တရားအပါအ၀င် ထိုင်းမြို့ကြီးများတွင် နှစ်များစွာကြာမြင့်အောင် နေထိုင်လျက်ရှိသည့် နိုင်ငံခြားသား အများအပြားရှိနေသည်။

ထိုင်းနိုင်ငံ၏ ဗီဇာစနစ်ကို အခွင့်ကောင်းယူအသုံးချနေသူများဟု သံသယရှိသည့် နယ်စပ်မှ အထူးသဖြင့် မလေးရှားနယ်စပ်မှ ၀င်ရောက်လာသူများကို နယ်စပ်လူဝင်မှုကြီးကြပ်ရေးအရာရှိများက ပြီးခဲ့သည့် လအတွင်းမှစတင်ကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။

အရှေ့ဘက်ရှိ ကမ္ဘောဒီးယားနိုင်ငံနှင့် မြောက်ဘက်ရှိ လာအိုနိုင်ငံနယ်စပ်များတွင် ပြည်ဝင်ခွင့်စနစ်ကို ပိုမိုဖြေလျော့ပေးထားသော်လည်း ဗီဇာစနစ်သစ်အား လာမည့်လမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် သက်ရောက်မှုရှိစေရန် လုပ်ဆောင်သွားမည်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများက ပြောကြား ထားသည်။

“ခင်ဗျားအနေနဲ့ ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်ကြောင်း မဖော်ပြနိုင်ဘူးဆိုရင် နိုင်ငံတွင်းကို ၀င် ရောက်ခွင့်ရမှာ မဟုတ်ပါဘူး” ဟု မြန်မာနယ်စပ်၊ တတ်ခ်ခရိုင်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး က ပြောကြားခဲ့သည်။

“ထိုင်းနိုင်ငံကို လာရောက်မယ့်သူတွေအနေနဲ့ ဗီဇာကို နည်းမှန်လမ်းမှန်နဲ့ ရရှိအောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု အမည်မဖော်လိုသူ ထိုင်းအရာရှိတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံတွင် နေထိုင်လျက်ရှိသည့် ထောင်ပေါင်းများစွာသော နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ အလုပ်ရှင်များမှတစ်ဆင့် အလုပ်လုပ်ခွင့် ဗီဇာလျှောက်ထားနိုင်သကဲ့သို့ အသက် ၅၀ ကျော်ပြီး လိုအပ်သည့် ငွေကြေးပိုင်ဆိုင်မှု ပြနိုင်ပါက အငြိမ်းစားအဖြစ် နေထိုင်နိုင်သည့် ဗီဇာလျှောက်ထားနိုင် သည်။ အချို့သူများမှာ အထူးသဖြင့် အမျိုးသားများသည် ထိုင်းနိုင်ငံတွင် လက်ထပ်ထားသည့် ဗီဇာ ဖြင့် နေထိုင်နိုင်သည်။

အယောင်ပြ ကျောင်းတွေ

အမှန်တကယ် စာသင်ကြားမှုမရှိဘဲ လိုအပ်သည့် ထောက်ခံချက်များကိုသာ ထုတ်ပေးသည့် အယောင်ပြကျောင်းအများအပြား ထွက်ပေါ် လာသောကြောင့် နိုင်ငံခြားသားများအတွက် ပိုမိုကြာမြင့်စွာ နေထိုင်ခွင့်ရစေမည့် ပညာသင်ကြားခွင့် ဗီဇာလျှောက်ထားမှုနှင့် ပတ်သက် ၍လည်း နှိမ်နှင်းအရေးယူမှုများ ရှိလာပြီဖြစ်သည်။ နိုင်ငံခြားသားကျောင်းသားများအနေဖြင့် အတန်းပုံမှန်တက် မည်ဖြစ်ကြောင်း ကတိပြု လက်မှတ်ရေးထိုးစေရန် နိုင်ငံအနှံ့ရှိ ကျောင်းများအား စစ်အစိုးရက ညွှန်ကြား ထားကြောင်း သိရသည်။

ယခုဖော်ပြချက်အများနှင့် အကြုံးမ၀င်သူများအနေဖြင့် ထိုင်းဗီဇာရရှိရန်အခြေအနေမှာ သေချာ မည်မဟုတ်ပေ။ အသက် ၄၀ ကျော်အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးက ဥရောပရှိ ၎င်း၏ ဆက်သွယ်ရေးကုမ္ပဏီ လွန်ခဲ့သည့် နှစ်နှစ်အတွင်းက ပိတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံသို့ အကြိမ်ပေါင်း များစွာ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ယခင်က ဆိုက်ရောက်ဗီဇာ ကင်းလွတ်ခွင့်ရခဲ့သော်လည်း ၎င်းအား ပြည်ဝင်ခွင့် ငြင်းဆိုခံရမည်ဆိုပါက ထိုင်းနိုင်ငံသို့ နောက်ထပ်သွားရောက်လည် ပတ် တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်မှာ ကိုယ့်နိုင်ငံနဲ့ကိုယ်ရှိတာကြောင့် ဗီဇာစည်းမျည်းနဲ့ အရေးယူခံရဖို့ မရှိပါဘူး။ ဒါပေမယ့် ပြည်ဝင်ခွင့် ငြင်းဆိုခံရမယ်ဆိုရင်တော့ ကျွန်တော်နောင်ကို လာရောက်လည်ပတ်မယ့် အစီအစဉ် တွေကို ပြောင်းလဲလိုက်မယ်” ဟု ၎င်းက ပြောကြားသည်။

၎င်းသည် ထိုင်းနိုင်ငံတွင် ဒေါ်လာ ၆၀၀၀ ကုန်ကျမည့် ဆေးကုသမှုအစီအစဉ်အား ဖျက်သိမ်းပြီး စင်ကာပူသို့ သွားရောက်ကုသမှုခံယူခဲ့သည်။



စီးပွားရေးအပေါ် ခြိမ်းခြောက်မှု

ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းသည် နိုင်ငံ့ဝင်ငွေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိနေသည်။ ထိုင်းနိုင်ငံ၏ ဆေးကုသမှုခရီးသွားလုပ်ငန်းသည် ကမ္ဘာ့နိုင်ငံများအားလုံး၏ ၄၀ ရာခိုင်နှုန်းရှိသည်။ နိုင်ငံခြားသား များ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ထွက်သွားလာနေခြင်းအပေါ် ဗီဇာ စည်းမျည်းများဖြင့် ထိန်းချုပ်လိုက်ပါက နိုင်ငံ၏ စီးပွားရေးအပေါ်တွင် ထိခိုက်မှုများရှိလာနိုင်သည်။

လွန်ခဲ့သည့်နှစ်အတွင်းက မြို့တော်ဘန်ကောက်သို့ လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားသား ဧည့်သည် အရေအတွက်မှာ ၁၆ သန်းနီးပါးဖြင့် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်ခဲ့ပြီး လန်ဒန်၊ ပါရီမြို့များသို့ လာရောက်ခဲ့သည့် အရေအတွက်ထက် များပြားကြောင်း Global Destination Cities Index တွင် ဖော်ပြခဲ့သည်။

သို့သော် မေ ၂၂ ရက် အာဏာသိမ်းမှုမတိုင်မီ ခြောက်လကျော်ကြာမြင့်ခဲ့သည့် ဆန္ဒပြမှုများနှင့် စစ်ဘက်အာဏာသိမ်းမှုတို့ကြောင့် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှု ကျဆင်းသွားခဲ့သည်။

ယခုနှစ် မေလအတွင်းက ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားသားအရေအတွက်မှာ ၂၀၁၃ ခုနှစ် အဆိုပါကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဗီဇာစနစ်တင်းကြပ်မှုသည်လည်း ခရီးသွားများ လာရောက်မှုကို ပိုမိုလျော့နည်းသွားစေခဲ့သည်။ ထိုင်းနိုင်ငံအတွင်းသို့ သက်တမ်းတို ဗီဇာဖြင့် ၀င်ရောက်ပြီး တရားမ၀င်နေထိုင်သည့် နိုင်ငံခြားသားများ သည် ၎င်းတို့၏ ပြည်ဝင်ခွင့်ဗီဇာများတွင် ကမ္ဘာလှည့်ခရီးသည်များအဖြစ် ဖော်ပြထားသောကြောင့် ကမ္ဘာလှည့်ခရီးသည် ၀င်ရောက်မှုကိန်းဂဏန်းမှာလည်း အမှန်တကယ်မဟုတ်ဘဲ မြင့်တက်ခဲ့ရခြင်း ဖြစ်သည်။

တင်းကြပ်မည့် လူဝင်မှုကြီးကြပ်ရေးစည်းမျည်းများ ပြတ်သတ်သားမှုမရှိသေး

နိုင်ငံပိုင် Thai Airways နှင့် ဈေးသက်သက်သာသော Nok Air ၊ AirAsia လေကြောင်းလိုင်းများ အနေဖြင့် အစိုးရက ၎င်းတို့အား ခရီး သည် များ လေယာဉ်ပေါ်မတက်မီကပင် ဗီဇာနှင့်ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ရန် ညွှန်ကြားထားခြင်းမရှိသေးသောကြောင့် အချို့သူများ အနေဖြင့် ထိုင်းနိုင်ငံ လေဆိပ်သို့ ရောက်ရှိပြီးမှ လှည့်ပြန်ရမည်ကို စိုးရိမ်မှုများလည်း ရှိနေသေးသည်။

“လူဝင်မှုကြီးကြပ်ရေးအဖွဲ့အနေနဲ့ ဒီအစီအစဉ်ကို စတင်လုပ်ဆောင်ဖို့ ရှိပါတယ်” ဟု AirAsia ၏ ဘန်ကောက်အခြေစိုက်ရုံးမှာ ပြောခွင့်ရပုဂ္ဂိုလ် ပီယာဆူဒါက ပြောသည်။ “ကျွန်တော်တို့ရဲ့ ပုံမှန်လုပ် ငန်းစဉ်ကတော့ ခရီးသည် မထွက်ခွာမီ အဓိကလိုအပ်တဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးခြင်းဖြစ်ပါ တယ်” ဟု ၎င်းက ပြောသည်။

ဗီဇာစနစ်တင်းကြပ်မည့် အစီအစဉ်ကို သြဂုတ်လနှောင်းပိုင်းအထိ လုပ်ဆောင်ဖွယ်မရှိသေးသော ကြောင့် နိုင်ငံတွင်းမှ ထွက်ခွာသွားသူ အရေအတွက် နည်းနေသေးသော်လည်း နောင်တွင် များပြားလာနိုင်ကြောင်း Thaivisa.com မှ အန်ဒါဆန်က ပြောသည်။

“အချို့က အိမ်နီးချင်း ကမ္ဘောဒီးယားကို ထွက်ခွာသွားပေမယ့် အများစုကတော့ ထိုင်းမှာပဲ ဆက်နေချင်ပါသေးတယ်” ဟု ၎င်းက ပြောကြားသည်။
“ဒီနိုင်ငံခြားသားအများစုဟာ ထိုင်းနိုင်ငံမှာ နှစ်အများကြီးနေခဲ့ကြတာပါ။ သူတို့အတွက် သည်နေရာက လွဲလို့ အခြား မွေ့လျော်ဖွယ်ကောင်းတဲ့ နေရာမရှိတော့ပါဘူး”


Ref: Al Jazeera

Mizzima

0 comments:

Post a Comment