ဗိုလ်တထောင်မြို့နယ်၊ ကမ်းနား လမ်းနှင့် စန္ဒကူး လမ်းထောင့်ရှိ BOAD နှင့် COD ၀င်းရှိ သိမ်းဆည်းခံ ဘိုးဘွားပိုင် မြေကွက်များ ပြန်လည် ရရှိရန် မြေပိုင်ရှင် များကို သပိတ် စခန်းဖွင့် တောင်းဆိုမှု မပြုလုပ်ဘဲ လယ်ယာမြေ ကော်မရှင်ကို ယုံကြည်စွာ အပ်နှံရန် စက်တင်ဘာ (၁၈) ရက် နေ့လယ် ၂နာရီ ၄၀ မိနစ် YMCA ခန်းမတွင် ပြုလုပ် ခဲ့သော တွေ့ဆုံ ညှိနှိုင်း ပွဲတွင် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြား မြေများ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားခဲ့သည်။
ဗိုလ်တထောင် မြို့နယ်တွင် ဆန္ဒပြမည့် သူများအား ဆန္ဒ မပြရန်နှင့် ယင်းကိစ္စကို လွှတ်တော်သို့ တင်ပြ ပေးရန် အတွက် ဦးအောင်သိန်းလင်းက ညှိနှိုင်းခြင်း ဖြစ်ကြောင်း မြို့နယ် ကြံ့ခိုင်ရေး ပါတီ ကော်မတီဝင် တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောသည်။မြေပိုင်ရှင် များ၏ ပြောကြားချက်နှင့် စပ်လျဉ်း၍ ဦးခိုင်မောင်ရည်က “ ဥပဒေဘောင် ထဲက ဖြစ်စေချင် ပါတယ်။ သပိတ် စခန်း ဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နစ်နာ နေတဲ့ သူကို ထပ်မနစ်နာ စေချင်ဘူး။ ပထမ နစ်နာ ရမယ့် ကိစ္စက မသေချာဘူး။ နောက်ထပ် နစ်နာရမယ့် ကိစ္စက သေချာ နေပြီ။… ဒါကြောင့် မလုပ်ပါနဲ့။ ကျွန်တော်တို့ ကော်မရှင် အဖွဲ့ကို ယုံယုံ ကြည်ကြည် အပ်နှံပါ ” ဟူ၍ ၄င်း တွေ့ဆုံ ပွဲတွင် ထည့်သွင်း ပြောကြား ခဲ့သည်။
ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်သိန်းလင်းက ဗိုလ်တထောင် မြို့နယ် အတွင်းရှိ မြေသိမ်း ဆည်းခံ ရမှုများနှင့် စပ်လျဉ်း၍ အိုးအိမ် ဦးစီး ဌာနသို့ မေးမြန်း ထားပြီး ဖြစ်ကြောင်း၊ တပ်ပိုင်း ဆိုင်ရာနှင့် သိမ်းဆည်း ခံရသည့် ပြည်သူများကို တွေ့ဆုံ မေးမြန်းမည် ဖြစ်ကြောင်း ပြည်သူများ နစ်နာမှု မရှိစေရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြား ခဲ့သည်။
ဦးအောင်သိန်းလင်းနှင့် ဘိုးဘွားပိုင် မြေကွက် ပိုင်ရှင်များ ဖြစ်သည့် ဦးမြင့်အောင်၊ ဦးတင်ဦး၊ ဦးဝင်းကို တို့ အပါအ၀င် အင်အား (၁၅၀) ခန့်တို့ တစ်နာရီကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။
တောင်ဥက္ကလာပ မြို့နယ်ရှိ ပြည်သူပိုင် ပန်းခြံ မြေနေရာအား တောင်ဥက္ကလာ ကြံ့ခိုင်ရေးနှင့် ဆောက်လုပ်ရေးတို့ ပူးပေါင်း၍ ကန်ထရိုက် တိုက်ဆောက် လုပ်မှုကို ရပ်ကွက်နေ ပြည်သူများက ကန့်ကွက် ကြောင်း ဆန္ဒ ထုတ်ဖော် မှုများ ပြုလုပ် ခဲ့ပြီး လယ်ယာမြေ စုံစမ်းရေး ကော်မရှင်သို့ စာတင် ထားပြီးဖြစ် သော်လည်း ယခုအချိန်ထိ ထူးခြားမှု မရှိသေးကြောင်း၊ တောင်ဥက္ကလာပ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးအောင်သိန်းလင်း အနေဖြင့် ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။
myanmarthandawsint
0 comments:
Post a Comment