Sunday, September 1, 2013

တရုတ်ရေတပ် ဆေးရုံသင်္ဘောမှ ဆရာဝန်ကြီးများ ကွင်းဆင်းကုသရာ၌ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ဆေးရုံသင်္ဘောသို့ လွှဲပြောင်းကုသ

G-2-9
သန်လျင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

တရုတ်ရေတပ် ဆေးရုံသင်္ဘော (Peace Ark) မှ ဆရာဝန်ကြီးများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များသည် သြဂုတ် ၃၀ ရက်မှစ၍ တပ်မတော်ဆေးရုံ၊ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာ မူလတန်းကျောင်းများသို့ ကွင်းဆင်းကုသပေးလျက်ရှိပြီး ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများအား သီလ၀ါဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဆေးရုံသင်္ဘောသို့ လွှဲပြောင်းကုသပေးလျက်ရှိကြောင်း သိရသည်။

ဆေးကုသမှု အစီအစဉ်များအနက် သြဂုတ် ၃၁ ရက်အထိ တပ်မတော် သားဖွားမီးယပ်နှင့် ကလေးရောဂါ အထူးကုဆေးရုံ၊ သန်လျင်ပြည်သူ့ဆေးရုံ၊ သန်လျင်သောက်တော်တွင်း အခြေခံပညာ မူလတန်းကျောင်း၊ သန်လျင်လူငယ် သင်တန်းကျောင်းများသို့ ကွင်းဆင်းကုသပေးပြီး ဖြစ်ကြောင်းနှင့် ဆက်လက်၍ တပ်မတော် အရိုးအထူးကုဆေးရုံ၊ ကျောက်တန်းပြည်သူ့ ဆေးရုံများသို့ သွားရောက်ကုသမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံကို ဆေးရုံသင်္ဘော ဆိုက်ကပ်ပြီး နောက်တစ်ရက်ကနေ ဆေးကုသမှု အစီအစဉ်တွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။ လက်ရှိအချိန်အထိ ဆေးကုသပေးပြီး လူနာစာရင်းတွေအရ တပ်မတော်သားတွေ အပါအ၀င် အရပ်သားပြည်သူ စုစုပေါင်း ၁၂၈၉ ဦးကို ကုသပေးပြီး ဖြစ်ပါတယ်။ ဆေးရုံသင်္ဘောမှာ ပါလာတဲ့ ဆရာဝန်တွေက အပြင်ပြည်သူ့ဆေးရုံနဲ့ ကျောင်းတွေမှာလည်း ကွင်းဆင်းကုသမှုတွေ လုပ်နေပြီး ခွဲစိတ်ဖို့လိုတဲ့ လူနာတွေကို သင်္ဘောပေါ်ခေါ်ပြီး ခွဲစိတ်ကုသမှုတွေကို တစ်ခါတည်း လုပ်ဆောင်ပေးပါတယ်။ အခုချိန်ထိ ခွဲစိတ်ကုသပြီးသူ ဦးရေ ၃၅ ဦး ရှိပါပြီ" ဟု အဆိုပါ ဆေးရုံသင်္ဘော၏ ရေတပ်ဒုတိယ ဦးစီးမှူး မစ္စတာရှန်းဟောင်က ပြောကြားသည်။

အဆိုပါ ဆေးရုံသင်္ဘောသည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက် နံနက်ပိုင်းက သီလ၀ါဆိပ်ကမ်း၊ MITT သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၉ ရက်တွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အခမဲ့ ဆေးကုသမှု လုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးရုံသင်္ဘောသည် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာ ဆေးကုသမှု လုပ်ငန်းများကို ပြုလုပ်ပေးမည် ဖြစ်သည်။ သန်လျင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းပေးသွင်းထားပြီး လူနာများအား သန်လျင်ပြည်သူ့ ဆေးရုံတွင် ဆေးကုသ ပေးသွားမည်ဖြစ်ပြီး ဆေးကုသလိုသူများ အနေဖြင့် သန်လျင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်ရေတပ် ဆေးရုံသင်္ဘောမှ ဆရာဝန်များနှင့် ပြည်တွင်းမှ ဆရာဝန်များ ပူးပေါင်းကာ ဆေးပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများ၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအား ကစားပြိုင်ပွဲများကိုပါ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံ သင်္ဘောသည် အရှည် ၁၇၈ မီတာ၊ အကျယ်၂၄ မီတာ၊ အမြင့် ၃၅ ဒသမ ၅ မီတာနှင့် အကျယ်အ၀န်း စတုရန်းမီတာ ၄၀၀၀ ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment