Sunday, September 1, 2013

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက် အကျိတ်ကို ယခုလ ပထမပတ်အတွင်း စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် စီစဉ်

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်မှာ ပီကျူထရီ (Pituitary Gland) တွင် ရှိနေသည့် အကျိတ်မဟုတ်ဘဲ ပီကျူထရီ၏ အထက်ပိုင်း ဦးနှောက်နှင့် ကပ်လျက်ရှိ ဟိုက်ပိုသားလမတ်(စ်) (Hypothalamus) တွင် ရှိနေပြီး ယင်းအကျိတ်ကို ယခုလ ပထမပတ်အတွင်း စင်ကာပူ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ခွဲစိတ်ကုသရန် စီစဉ်ထားကြောင်း သိရသည်။

ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံတွင် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ချက်များအရ ကြီးထွားမှုဟော်မုန်း (Growth Hormones) နှင့် IGF ဟော်မုန်းများ အလွန်များပြားနေပြီး အချိန်မီ ဆေးကုသမှု မခံယူပါက နှစ်နှစ်မှ သုံးနှစ်အတွင်း သေဆုံးနိုင်ခြေ ရှိသည့်အတွက် ယခုကဲ့သို့ ခွဲစိတ်ကုသရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ဦးနှောက်အကျိတ်ကို ဦးခေါင်းခွံမဖွင့်ဘဲ နှာခေါင်းတွင်းမှတစ်ဆင့် ခွဲစိတ်ကုသနည်း (Transs phenoidal Surgery) ဖြင့် ကုသရန် စီစဉ်ထားကြောင်း၊ ယင်းခွဲစိတ်ကုသနည်းဖြင့် ကုသရာတွင် နောက်ဆက်တွဲ ရောဂါများအနေဖြင့် ဦးနှောက်အရည်ကြည် ယိုစီးမှု (Cerebro Sprial Fluid) နှင့် ခွဲစိတ်ကုသမှုလုပ်စဉ်က ပေါက်နေသည့် အပေါက်နေရာမှ ပိုးဝင်ကာ ဦးနှောက်အမြှေးရောင်ရောဂါကဲ့သို့ ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် ဖြစ်ပွားမှုများ ရှိခဲ့ပါက ဆေးကုသမှု လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသပြီးပါက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ခံယူနိုင်ရန် စင်ကာပူနိုင်ငံတွင် တစ်လခန့်နေထိုင်ရန် လိုအပ်ပြီး အကယ်၍ နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားလာပါက တစ်လထက် ပိုမိုကြာနိုင်ကြောင်းနှင့် ပုံမှန်တစ်လတစ်ကြိမ် စင်ကာပူတွင် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန် လိုအပ်ကြောင်း သိရသည်။

ကိုဝင်းဇော်ဦးတွင် ဖြစ်နေသည့် ရောဂါသည် ကမ္ဘာပေါ်တွင် ရှားပါးသည့် ရောဂါတစ်မျိုးဖြစ်ပြီး ခွဲစိတ်ကုသမည် ဆိုပါက အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ၈၀ ခန့်ရှိပြီး ဘေးထွက်ဆိုးကျိုးမှာ ရာခိုင်နှုန်း ၂၀ ခန့် ရှိနိုင်ကြောင်းနှင့် ခွဲစိတ်ကုသရာတွင် ဦးနှောက်၏ ပင်မတစ်သျှူးများ ပါသွားနိုင်ပြီး ဗီဟော်မုန်း ချို့တဲ့ခြင်းကြောင့် ဆီးအလွန်အမင်းသွားကာ ရေသောက်ချင်စိတ်မရှိခြင်း၊ အစာစားခြင်းကို ထိန်းချုပ်သည့်စနစ် ပျက်စီးသွားပြီး မရပ်မနား အစားအလွန်စားခြင်းများ ဖြစ်လာနိုင်ကြောင်း သိရသည်။

ခွဲစိတ်ကုသမှု အောင်မြင်ပါက သက်တမ်းစေ့ နေထိုင်နိုင်မည်ဖြစ်ကြောင်းနှင့် အရပ်ရှည်ခြင်း၊ ခြေလက်ကြီးခြင်းများမှာမူ လက်ရှိအခြေအနေအတိုင်း ရှိနေမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment