တရုတ်- မြန်မာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ ရရှိသည့် သဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ကျေးရွာအချို့ကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ၂၄ နာရီ လျှပ်စစ်မီးပေးနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
၁ မဂ္ဂါဝပ် ဓာတ်အားထုတ်ပေးသည့် သဘာဝဓာတ်ငွေ့သုံး စက်သုံးလုံးဖြင့် လျှပ်စစ် ဖြန့်ဝေနေခြင်းဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ ရှိနေသေးကြောင်း ကျောက်ဖြူမြို့ခံ ဦးထွန်းထွန်းနိုင်က ဆိုသည်။
“မနေ့က လျှပ်စစ်မီး ခဏပျက်ခဲ့တယ်။ ဒီနေ့လည်း ပျက်နေတာ မိနစ်ပိုင်းရှိပြီ” ဟု စက်တင်ဘာလ ၁၆ ရက်နေ့ည ၉ နာရီတွင် ၎င်းက ပြောကြားသည်။
သဘာဝဓာတ်ငွေ့ကို အသုံးပြုကာ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်စမ်းသပ်၍ လျှပ်စစ်မီး ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျောက်ဖြူမြို့နှင့် ကျေးရွာ ၂၀ ကို ၂၄ နာရီ လျှပ်စစ်မီး ပေးသွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီး သုံးစွဲခအနေနှင့် နေအိမ်သုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ စီးပွားရေးလုပ်ငန်းသုံး အတွက် ၇၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။
ကျောက်ဖြူမြို့တွင် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် တာဘိုင်ကြီးများ တည်ဆောက်ရန် အချိန် နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယင်းစီမံကိန်း ပြီးစီးပါက အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများကို ဖြန့်ဖြူးနိုင်မည် ဖြစ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြသည်။
ကျောက်ဖြူမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်အထိ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှတစ်ဆင့် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်ပြီး ကနဦးကာလတွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ပို့လွှတ်မည်ဖြစ်ကာ ယင်းကုဗပေသန်း ၅၀၀ အနက် ၄၀၀ကို တရုတ်နိုင်ငံသို့ ပို့မည်ဖြစ်ပြီး ကုဗပေသန်း ၁၀၀ ကို ပြည်တွင်းတွင် အသုံးပြုသွားမည် ဖြစ်သည်။
ပြည်တွင်းအတွက် ရရှိသည့် ကုဗပေသန်း ၁၀၀ အနက် ရခိုင်ပြည်နယ် အတွက် သန်း ၂၀ ရရှိမည် ဖြစ်သည်။
The Voice Weekly
0 comments:
Post a Comment