တရုတ်စီမံကိန်းကို အလိုမရှိဟုဆိုကာ တရားဝင် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ တရားစွဲခံထားရသည့် ဒေသခံ ၁၀ ဦးကို စီရင်ချက်ချရန် စက်တင်ဘာလ ၁၉ ရက်နေ့ကို ဒုတိယအကြိမ်မြောက် ချိန်းဆိုထားသော်လည်း စီရင်ချက်မချဖြစ်ဘဲ ရက်ထပ်ရွှေ့ လိုက်ကြောင်း တရားစွဲဆို ခံထားရသူ ဦးထွန်းကြည်က ပြောကြားသည်။
တရားစွဲခံထားရသူ ၁၀ ဦးအနက် ခုနစ်ဦးမှာ နေမကောင်းခြင်း၊ အလုပ်မအားလပ်ခြင်း တို့ကြောင့် ခွင့်တိုင်ထားသဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီနေ့မှာတော့ (စီရင်ချက်ချရက်) တရားစွဲ ခံရတဲ့သူအားလုံး မပျက်မကွက် တက်မှာပါ” ဟု ဦးထွန်းကြည်က ပြောဆိုသည်။
မဒေးကျွန်းရှိ တရုတ်- မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို တရားဝင် ခွင့်ပြုချက်မရဘဲ ဧပြီလ ၁၄ ရက်နေ့ က ဆန္ဒပြခဲ့သော ဒေသခံ ၅၀၀ ခန့်အနက် တရားဝင် ခွင့်ပြုချက် တောင်းခဲ့သူ ၁၀ ဦး ဖြစ်သူ ၎င်းတို့ကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စီရင်ချက်ချရန် ချိန်းဆိုထားသော်လည်း တရားသူကြီး၏ စီရင်ချက်ရေးသားမှု မပြီးပြတ်၍ဟုဆိုကာ ရက်ရွှေ့လိုက်ခြင်း ဖြစ်သည်။
ဧပြီလ ၁၄ ရက်နေ့က သိမ်းဆည်းခံ လယ်ယာမြေများ နိုင်ငံတကာ စံနှုန်းအတိုင်း လျော်ကြေးပေးရေး၊ မဒေးကျွန်းပေါ်ရှိ ရွာချင်းဆက်လမ်းများ ကောင်းမွန်စွာ လုပ်ပေးရေး၊ အလုပ်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ခရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ငါးဖမ်းခွင့်ရရေး အပါအဝင် အချက်ကိုးချက်ကို ရရှိရန် ပိုက်လိုင်း ဖြတ်သန်းရာ တစ်လျှောက်ရှိ ဒေသခံများက တောင်းဆိုခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို နိုင်ငံသား စိစစ်ခြင်းမပြုဘဲ နိုင်ငံခြား အကူအညီဖြင့် နေအိမ် ဆောက်လုပ်မည်ဆိုသည့် အစီအစဉ်ကို ကန့်ကွက်ခဲ့သည့် ဒေသခံ ခုနစ်ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတည်းလှည့်လည်ခွင့် နည်းဥပဒေ ပုဒ်မ ၁၈ အရ တရားစွဲဆိုကာ ယခုလအတွင်း ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့သည်။
The Voice Weekly
0 comments:
Post a Comment