ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ဂျပန်-မြန်မာအသင်း (JMA) တို့ ပူးပေါင်း၍ ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများနှင့် ဂျပန်နိုင်ငံရှိ အသေးစားနှင့် အလတ်စားကုမ္ပဏီ ၁၀ ခုကျော်တို့၏ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ယင်းအသင်းချုပ်က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် ဂျပန်မှ စီးပွားရေးလုပ်ငန်းများမှာ ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဖြန့်ချိရေး၊ လက်ကား ရောင်းဝယ်ရေးနှင့် အလုပ်သမား၊ အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ကြသည်။
ယင်းတို့အနက် စက်ရုံစွန့်ပစ်ပစ္စည်း ပြန်လည် သန့်စင်ခြင်း၊ လျှပ်စစ်နှင့် သတ္တုပစ္စည်း ထုတ်သည့် Dowa Holding ကုမ္ပဏီ၊ သူနာပြု၊ ဆရာဝန်နှင့် ပတ်သက်သော လူ့စွမ်းအားရင်းမြစ် လုပ်ငန်းနှင့် အလုပ်အကိုင် ရှာဖွေခြင်းလုပ်ငန်း လုပ်ကိုင်သည့် International Recruitment Japan နှင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချမည့် ကုမ္ပဏီများ ပါဝင်သည်။
ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပြန်လည် ဝင်ရောက်လာပြီး ဂျပန်နိုင်ငံ ကုန်သည်၊ စက်မှုအသင်း (ရန်ကုန်) ရုံး၏ ၁၈ နှစ်တာ ကာလအတွင်းတွင် ဂျပန်ကုမ္ပဏီ အရေအတွက် ၁၀၇ ခုထိ စံချိန်တင် မြင့်တက်လာကြောင်း ဂျပန်ပြည်ပ ကုန်သွယ်မှု အဖွဲ့အစည်း (Japan External Trade Organization-JETRO) ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က ပြောကြားသည်။
ဂျပန်ကုမ္ပဏီများ ဝင်ရောက်မှုတွင် ကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းသည် အများဆုံးဖြစ်ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် ဒုတိယ အများဆုံး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထွေထွေ ရောင်းဝယ်ရေး လုပ်ငန်းနှင့် ဘဏ်နှင့် အာမခံလုပ်ငန်းတို့တွင် အစဉ်လိုက် ဝင်ရောက် လုပ်ကိုင်မှုများ ရှိကြောင်း ဂျပန်ကုန်သည်၊ စက်မှုအသင်း ရန်ကုန်ရုံးထံမှ သိရသည်။
ယင်းသို့ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ဝင်ရောက်မှု များပြားလာသော်လည်း အာဆီယံ ဒေသတွင်းတွင်မူ မြန်မာနိုင်ငံသို့ ဂျပန်ကုမ္ပဏီများ ဝင်ရောက်မှုမှာ အလွန်နည်းပါးနေသေးကြောင်း JETRO က ထုတ်ပြန်ထားသည်။
၂၀၁၁ ခုနှစ်မှစ၍ မြန်မာ-ဂျပန် ကုန်သွယ်မှုသည် သုံးဆနီးပါး မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ သန်း ၁၉၀၀ ကျော် အထိရှိပြီး ဂျပန်နိုင်ငံမှ မော်တော်ယာဉ်နှင့် ကုန်ကားကို အဓိကတင်သွင်းကာ မြန်မာနိုင်ငံမှ အထည်အလိပ်နှင့် ဖိနပ်တို့ကို အဓိက ပြန်လည် တင်ပို့ကြောင်း JETRO ၏ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာက ဆိုသည်။
The Voice Weekly
0 comments:
Post a Comment