Sunday, September 1, 2013

အမျိုးသမီး စွမ်းရည်မြင့်သင်တန်းအတွက် Coca Cola က ကန်ဒေါ်လာသုံးသန်းလှူဒါန်းပြီး အမျိုးသမီးနှစ်သောင်းကျော် သင်ကြားမည်

အမျိုးသမီးစွမ်းရည်မြင့်သင်တန်းအတွက် နာမည်ကျော်အချိုရည်ကုမ္ပဏီ Coca Cola ဖေါင်ဒေးရှင်းက ကန်ဒေါ်လာ သုံးသန်းလှူဒါန်းထားပြီး အမျိုးသမီးနှစ်သောင်းကျော်ကို စွမ်းရည်မြှင့်တင်ခြင်း သင်တန်းပေးမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်မှာ Coca Cola ဖေါင်ဒေးရှင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း Pact မြန်မာတို့ပူး ပေါင်းပြီး စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၂ မှ ၂၀၁၅ အထိသုံးနှစ်စီမံကိန်းဖြစ်သည်။

ယင်းသင်တန်းကို ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီး များရှိ မြို့နယ်ခုနစ်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယခုနှစ်အတွင်းတွင် မှော်ဘီမြို့နယ်၌ ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်သည်ဟု Pact မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိသင်ထားပေးထားသည့် အမျိုးသမီးဦးရေမှာ ၁၂၀၀၀ ကျော်ရှိသည်ဟုလည်း အဆိုပါတာဝန်ရှိသူက ဆိုသည်။ ယင်းသင်တန်းတွင် စာရင်းမှတ်တမ်းဆိုင်ရာ ကျွမ်းကျင်မှု၊ အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်မှု စသည် တို့ကို သင်ကြားပေးမည်ဖြစ်သည်။

Pact မြန်မာမှ တာဝန်ရှိသူတစ်ဦးက “မှော်ဘီမြို့နယ်ကိုတိုးချဲ့ပြီး သင်တန်းပို့ချသွားမယ်။ ကျန်တဲ့နေရာတွေကိုလည်း သင်တန်းပို့ချနေပါတယ်။ သုံးနှစ်စီမံကိန်းအတွက် အမျိုးသမီးပေါင်း ၂၄၅၀၀ ကို စွမ်းရည်မြှင့်တင်ပေး သွားမယ်။ သင်တန်းတက်ရောက်သူတွေက အသေးစားစီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်နိုင်မယ် ”ဟု ပြောသည်။

ယင်းသင်တန်းများကို ရန်ကုန်တိုင်းရှိ မြောက်ဥက္ကလာပ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီး၊ တံတားဦး၊ မြင်းခြံ၊ မြစ်သားနှင့် မလှိုင်မြို့နယ်တို့တွင် သင်တန်းပို့ချခဲ့ပြီး ဖြစ်သည်။

သင်တန်းတစ်တန်းလျှင် အမျိုးသမီး ၂၅ ဦးခန့်သင်ကြားပေးသည်။

သင်တန်းကာလမှာ ခြောက်လကြာမြင့်ပြီး သင်တန်းချိန်မှာ တစ်ပတ်လျှင်
တစ်ကြိမ်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment