Tuesday, June 10, 2014

ဦးသိန်းစိန် သမ္မတ ဆက်လုပ်ပါ လို့ ဘာဖြစ်လို့ပြောသလဲ


အာဆီယံ အိုင်ဒီယိုလော်ဂျီ

ထိုင်းနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်ဖို့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ အာဆီယံဒေသကို ကမ္ဘာကြီးက စိုးရိမ်တကြီး လှည့်ကြည့်လာကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲအတွက် အရှိန်တင်လာနေချိန်မှာ ထိုင်းဖြစ်ရပ်က အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံရေးအိုင်ဒီယို လော်ဂျီကို မေးခွန်းထုတ်လာစေခဲ့တာပါ။ အင်ဒိုနီးရှားရွေးကောက်ပွဲကို လေ့လာစောင့်ကြည်သူတွေရဲ့ ပြောကြားချက်အရ အင်ဒိုနီးရှား မဲဆန္ဒရှင်တွေရဲ့ (၅၀%)ကျော်က နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ တွေကို အယုံအကြည် ကင်းမဲ့နေပြီးတော့ ကျန်တဲ့ (၅၀%)ကျော်ကတော့ လာဘ်ပေးတဲ့ပါတီကို မဲပေး ခြင်းဟာ မှန်ကန်တဲ့ရွေးချယ်မှု ဆိုပြီး ထင်မြင်ယူဆနေကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲ က ထွက်ပေါ်လာတဲ့ စစ်တမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ယုံကြည်မှု နည်းပါးမှုကြောင့်လည်း ရွေးကောက်ပွဲမှာ အင်အားကြီးနိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှုတွေကလည်း အားရစရာ သိပ်မကောင်း လှပါဘူး။ ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရက ပြုတ်ကျသွားခဲ့ပါပြီ။ စစ်တပ်က ၀င်ထိန်း ပေးလို့ လက်ရှိအခြေအနေ တည်ငြိမ်နေတယ်လို့ ဆိုနိုင်ပေမယ့် တစ်နှစ်တာကာလအတွင်းမှာ ဘယ်လို နိုင်ငံရေးပတ်ဝန်းကျင်တွေ ဖြစ်လာဦးမယ် ဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။ ဒီမှာပဲ မေးခွန်း ထုတ်စရာ ဖြစ်လာတာက အရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီက ဘယ်ကို ဦးတည် နေသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ၁၉၃၀ နှစ်များနဲ့ ၁၉၅၀ နှစ်များမှာ အရှေ့တောင်အာရှ နိုင်ငံရေးခေါင်း ဆောင်တွေ၊ တတ်သိပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူ မျိုးဆက်တစ်ခုဟာ ကိုလိုနီစနစ်ကို အမြစ်က နေ တွန်းလှန်ဖို့ ကြိုးပမ်းအားထုတ် တိုက်ပွဲဝင်ခဲ့ကြပြီးတော့ အမျိုးသားနိုင်ငံသစ်တွေ အလျှိုလျှို ထွက် ပေါ် လာစေခဲ့ပါတယ်။ အာရှကျားတွေ၊ အာရှနဂါးတွေရဲ့ လမ်းကြောင်းအသစ်ကို လိုက်ပါခဲ့ကြတဲ့အတွက် မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းထားတွေနဲ့ အာဆီယံဒေသဟာ ကမ္ဘာတစ်ဝှမ်းက စံနမူနာယူစရာ ဖြစ် ခဲ့ကြပါတယ်။ အစ္စလာမ်ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံတွေ အဖြစ်လည်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ အရင်းရှင်စီးပွားရေးစနစ်ကို ဦးတည်ထားကြတဲ့ အရှေ့တောင်အာရှ ဒေသမှာ မြန်မာနိုင်ငံဟာ နောက်မှပေါက်တဲ့ရွှေကြာပင် ဆိုပေမယ့်လည်း ရင်တမမ စောင့်ကြည့်နေရဆဲ အခြေ အနေမှာပဲ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံကို အကောင်းမြင်ခဲ့ကြတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်း ဟာလည်း အကောင်းမမြင်ကြပါနဲ့ဦး ဆိုပြီး တိုက်တွန်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးပြီး ပိတ်ဆို့မှုတွေ မလျှော့ဘဲ ထားလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရသေးပါဘူး ဆိုပြီး ပြည်ပခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော် ပြောကြားပြီး တိုက်ဆိုင်စွာပါပဲ ရခိုင် ပြည်နယ်နဲ့ လူမျိုးရေးပဋိပက္ခတွေကို အကြောင်းပြပြီး ဖိအားပေးတာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ NLD ပါတီရဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ နိုင်ငံရေးထွက်ပေါက်ပိတ်တော့မယ့် အကျပ်အတည်းကို ဦးတည် နေသလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ အာဆီယံနိုင်ငံတွေမှာ ဒိုမီနိုသက် ရောက်မှု ဖြစ်စဉ်တွေအရ ဒီမိုကရေစီပြိုလဲမှုတွေ တစ်နေရာမှာ ဖြစ်ပေါ်လာရင် နောက်ထပ် ဘယ်နေရာ တွေမှာ ဖြစ်လာနိုင်သလဲ ဆိုပြီး ထင်ကြေးပေးနေကြတာတွေ ရှိ လာခဲ့ပါတယ်။ ဒီလို ထင်ကြေးပေးမှု တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးက ပါနေပါတယ်။


ထွက်ပေါက်ပိတ် နိုင်ငံရေး

မြန်မာနိုင်ငံဟာ နိုင်ငံရေးထွက်ပေါက်ပိတ်တဲ့အခြေအနေကို ရောက်သွားနိုင်သလား ဆိုတာကို လည်း စဉ်းစားလာကြတာ တွေ့ရပါတယ်။ တစ်ထစ်ချင်း လှေကားထစ်တွေကို တက်လှမ်းသွားချင်တဲ့ မြန်မာ စစ်တပ်နဲ့ လှေကားထစ်တွေကို ခုန်ပျံကျော်လွှားပြီး တက်လှမ်းချင်တဲ့ NLD ပါတီတို့အကြား ရင်ကြား စေ့ရေးဟာ ကမ်းလမ်းမြင်နိုင်တဲ့ ပယ်လယ်ပြင်လိုပါပဲ။ အင်ဒိုနီးရှားမှာ စစ်တပ် လျှော့ပေးဖို့ နှစ်ပေါင်း (၄၀) အချိန်ယူခဲ့ရပေမယ့်လည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီလောက် အထိ စောင့်ဆိုင်းမနေလိုဘူး ဆိုတာကို လူသိထင်ရှား ထွက်ပြောလာခဲ့ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် ကတော့ ဒီမိုကရေစီစံနှုန်း မပြည့်ဝဘူး ဆိုပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားပေး နေတာပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ သဘောကတော့ ဖြည်းဖြည်းချင်း လျှော့ချမယ်ဆိုတာကို လက်ကိုင်ထားပြီး ထွက်သွားဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တယ် ဆိုတာကို ထောက်ပြထားပါတယ်။ လူထု ဟောပြောပွဲတွေ အရှိန်မြှင့်တင်ပြီး လုပ်ဆောင်လာခဲ့တဲ့ NLD ပါတီဟာ လူထုလှုပ်ရှားမှု အသွင်တစ်ရပ် ဖော်ဆောင်နေတယ် လို့လည်း ယူဆနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် ထိပ်တိုက် တွေ့ဆုံမှုက ရထားနှစ်စင်းခေါင်းချင်းဆိုင်တိုက်တာမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ အသံတွေလည်း နိုင်ငံရေး ပါတီတွေ ထဲက ထွက်လာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဆိုရင် အမြော်အမြင် မရှိတဲ့ စိန်ခေါ်မှု ဆိုပြီး ပွင့်ပွင့်လင်းလင်း ထွက်ပြောလာခဲ့ပါတယ်။

တိုင်းရင်းသားတွေဘက်ကကြည့်ရင်လည်း ဦးသိန်းစိန်အစိုးရ တဖွဖွ ပြောနေတာက ပြည်တွင်း ငြိမ်းချမ်း ရေး ဖြစ်ပြီးတော့ ဒီငြိမ်းချမ်းရေး ရရှိဖို့အတွက် အခြေခံဥပဒေ ပြင်တာအကုန် လုပ်ပေးမယ် ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရ သဘောထားက ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုရင် ဘာပဲ ဖြစ်ဖြစ် လုပ်ပေးမယ် ဆိုတဲ့ လေသံပေါက်နေပါတယ်။ ဒါပေမယ့် NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တော့ “နိုင်ငံသားတိုင်းရင်းသားတိုင်း” သမ္မတဖြစ်ရေးကို အာမခံတယ် ဆိုပြီး ပြောထားပါတယ်။ တိုင်းရင်း သားတွေဘက်က ခံစားချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သမ္မတဖြစ်ရေးကိုပဲ ဇောင်းပေး လုပ်နေတယ်၊ တိုင်းရင်းသားတွေဘက်ကို ငဲ့ကြည့်တာမရှိဘူး ဆိုတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဒါကြောင့်လည်းပဲ မကြာသေးခင်က ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီးမှာ သမ္မတဦးသိန်းစိန် နောက်ထပ် (၅)နှစ် သမ္မတ ဆက်လုပ်ပေးပါ ဆိုပြီး တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကရင်ခေါင်းဆောင်တွေဟာ အလိမ်အညာ အကွေ့အ၀ိုက်တွေ မပါဘဲ ဒီစကားကို ပြောင်ဖွင့်ချ လိုက်တာ ဖြစ်ပါတယ်။ ဒီစကားရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ စဉ်းစားစရာ ဖြစ်လာပါပြီ။ ကရင် ခေါင်းဆောင်တွေဟာ သမ္မတ ဖြစ်ချင်တယ် ဆိုပြီး ကြွေးကြော်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ သူရဦးရွှေမန်းကိုရော မထောက်ခံဘဲ ဦးသိန်းစိန်ကိုသာ ထောက်ခံတယ် ဆိုတာကို ချပြလိုက်တာပဲ ဖြစ် ပါတယ်။ ကရင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဘယ်တုန်းကမှ မရဘူးတဲ့ ငြိမ်းချမ်းရေးကို လျှောက် လှမ်းနေတာ ဖြစ်ပါတယ်။ ဗကပ နောက်ပိုင်း မြန်မာနိုင်ငံမှာ အင်အားအတောင့်တင်းဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့လည်း ဖြစ်ပါတယ်။ ဒီလိုတိုင်းရင်းသားခေါင်းဆောင်တွေဆီက ဒီလို အသံမျိုး ထွက်လာတာဟာ တစ်ကယ်တမ်းတော့ စဉ်းစားဆင်ခြင်စရာ အရမ်းကောင်းနေပါတယ်။

လေးပွင့်ဆိုင်ထက် ပိုအရေးကြီးတာ

ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင်ဒိုင်ယာလော့ထက် ပိုပြီး အရေးကြီးတာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဒိုင်ယာလော့ထက် ပိုပြီး အရေးကြီးတာက တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့နဲ့ အနာဂတ်ပြည်ထောင်စုအတွက် လေးပွင့်ဆိုင် ဒိုင်ယာလော့ကို တောင်းဆိုခဲ့တယ် လို့ ယူဆစရာ ရှိပါတယ်။ ဒါပေမယ့် ဒီလေးပွင့်ဆိုင်ဟာ မှားယွင်းတဲ့ တောင်းဆိုချက် တစ်ခု ဖြစ်နေသလား ဆိုတာကို အခုအချိန်မှာ ပြန်ပြီးစဉ်းစားသုံးသပ်ဖို့ လိုအပ်လာပါ ပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မထောက်ခံဘူးလို့ သွယ်ဝိုက်ပြီး အသိပေးလိုက်တဲ့ ကရင်ခေါင်းဆောင်တွေကြောင့်ပဲ ဖြစ်ပါတယ်။

လေးပွင့်ဆိုင်မှာ ဘာလိုနေသလဲ တွေးကြည့်ရင် တိုင်းရင်းသားတွေရဲ့အသံ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသူ မဟုတ်ဘူး ဆိုတာကိုလည်း ကရင် ခေါင်းဆောင် တွေက ခံယူထားပုံရပါတယ်။ တိုင်းရင်းသားတွေကိုယ်စားပြုသူ မပါတဲ့ ဒီလေးပွင့်ဆိုင် ဒိုင်ယာလော့ကို တိုင်းရင်းသားတွေ မထောက်ခံဘူး ဆိုတာလည်း ထင်ရှားလာပါတယ်။ ဦးသိန်းစိန်ရဲ့ နောက်ဆုံးရေဒီယို မိန့်ခွန်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ထည့်သွင်းစဉ်းစားဖို့ လိုတယ် ဆိုတာကိုလည်း လွှတ်တော်ကို ဦးတည်ပြီး ပြောခဲ့ပါတယ်။ ဒီကနေ့အထိ လွှတ်တော်ဘက်က ဒီအချက်ကို တုံ့ပြန်တာမရှိသေးပါဘူး။ မြင်ရသ လောက် ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိုပဲ တွန်းပြီးလုပ်နေတာ တွေ့ရပါတယ်။ လွှတ်တော်ပေါ်လာပြီ ဖြစ်တဲ့အတွက် နိုင်ငံရေး ဆွေးနွေးချင်ရင် လွှတ်တော်ထဲမှာ လာဆွေးနွေးဆိုပြီး သူရဦးရွှေမန်းက ရှမ်းပြည်နယ် ခရီးစဉ်မှာ ပြောကြားခဲ့တာ တွေ့ရပါတယ်။ လွှတ်တော် ပြင်ပက တိုင်းရင်းသားတွေ လွှတ်တော်ထဲ အရင်ဝင်ပြီးမှ ဆွေးနွေးကြတာပေါ့ ဆိုတဲ့ ရပ်တည်ချက်လို့ သဘောပေါက်မိပါတယ်။ အခု လွှတ်တော်က လုပ်ဆောင်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုတဲ့ ပြင်ဆင်ရေး ဖြစ်နေပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားခြင်း မပြုဘူး လို့ တိုင်းရင်းသားတွေဘက်က ယူဆချင် ယူဆထားနိုင် ပါတယ်။

တစ်ဘက်မှာ ဦးသိန်းစိန်ကတော့ လွှတ်တော်ပြင်ပ တိုင်းရင်းသားတွေရဲ့ အသံကို လွှတ်တော်ထဲ ပို့ပေး မယ့် လမ်းကြောင်းကို ဖော်နေတာ ဖြစ်ပါတယ်။ ဒါကိုလည်း လွှတ်တော်က မသိကျိုးကျွံပြုထားပြီးတော့ လွှတ်တော်ပြင်ပတိုင်းရင်းသားတွေကို ထည့်မတွက်ဘဲ လွှတ်တော်တွင်းပြင်ဆင်ရေးနဲ့ ဆက်ပြီး စခန်း သွားတော့မယ် ဆိုပြီး ဆုံးဖြတ်ထားဟန် ရှိနေပါတယ်။ ဒီတော့ တိုင်းရင်းသားတွေကို အသိအမှတ် ပြုတာ၊ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆန္ဒကို အလေးအမြတ် ထားတာ ကြီးသုံးကြီးထဲမှာ ဦးသိန်းစိန် တစ်ယောက်ပဲ ရှိနေသလို ဖြစ်နေပါတယ်။ အပစ်အခတ်ရပ်စဲရေးဆောင်ရွက်ပြီးရင် ဆက်လက် လုပ် ဆောင်မယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်နဲ့ အခြားနိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်စေမှာ ဖြစ်တယ် ဆိုပြီး ဦးသိန်းစိန်ဘက်က ထုတ် ဖော် ပြောကြားထားပါတယ်။ အမှန်တော့ အားလုံးပါဝင်တဲ့ ဒိုင်ယာလော့က ဦးသိန်းစိန် လုပ်ကိုင်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာပါလိမ့်မယ်။ ပြဿနာအားလုံး ဖြေရှင်းနိုင်မယ့် ဖြေရှင်းချက်ကို ရှာဖွေဖော် ထုတ်နိုင်မယ့် စေ့စပ်ညှိနှိုင်းမှုဟာ ဦးသိန်းစိန် လျှောက်လှမ်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာနိုင်ပါ တယ်။ လွှတ်တော်က လုပ်ကိုင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဒီဆွေးနွေးပွဲကထွက်လာမယ့် ရလဒ် ကို အလေးထားစဉ်းစားပေးပါ ဆိုပြီး ဦးသိန်းစိန်က ပြောထားတဲ့သဘော ဖြစ်ပါတယ်။

အချိုးကျစနစ်

ဒီကြားထဲမှာ အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးဖို့ သဘောတူလိုက်တဲ့ PR System ဟာလည်း ပါတီငယ်လေးတွေရဲ့ ထောက်ခံမှု ရရှိနေပါတယ်။ NLD ပါတီအနေနဲ့ ဒီအပြောင်းအလဲဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို ကနဦး ကြိုးပမ်းခဲ့ချိန်မှာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနောက်မှာပဲ ၅၉(စ)ကို ရှေ့တန်းမတင်တော့ဘဲ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးကို ပြောင်းလာခဲ့ပါတယ်။ ၈၈ မျိုးဆက် ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကလည်း ၀ိုင်းဝန်းကူညီလာခဲ့ပါတယ်။ ဒီမှာပဲ စစ်တပ်ကို စိန်ခေါ်တယ် ဆိုတာမျိုးတွေ ဖြစ်လာခဲ့ချိန်မှာ အားလုံးက စိုးရိမ်တကြီး သတိပေးလာခဲ့ကြပါတယ်။ ၈၈ မျိုးဆက် ဦးကိုကိုကြီး ထွက်ပေါ်လာပြီး တိုက်ပြင်ရေး မဟုတ်ဘဲ ပေါင်းပြင်ရေးသာ ဖြစ်တယ် ဆိုတဲ့ Message ကို ပေးလာခဲ့ပါတယ်။ နောက်ဆုံး တပ်ကုန်းမြို့နယ်က ဒေသခံ ဦးစု ဆိုတဲ့ အသက်(၇၆)နှစ်အရွယ် ပြည်သူ တစ်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အချီအချ စကားပွဲဟာလည်း နိုင်ငံရေးစိတ်ဝင်စားသူတွေအကြား မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပါတယ်။ အောက်ခြေ ပြည်သူတွေရဲ့ စိတ်ထဲမှာ ဒေါ်အောင်ဆန်းစု ကြည်ဟာ ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးကို လုပ်ရတာခက်လို့ ပုဒ်မ ၄၃၆ ကို ပြောင်းပြီး လုပ်လာတာ ဆိုတဲ့ အသိ တဖြည်းဖြည်းချင်း ပြန့်နှံ့နေတာကိုလည်း သတိပြုစရာ ဖြစ်နေပါတယ်။

ဒီအချိန်မှာပဲ လွှတ်တော်ထဲမှာ PR System ကို ဆွေးနွေးတာတွေ ဖြစ်လာခဲ့တော့ NLD ပါတီ အနေနဲ့ တပ်မတော်သားကိုယ်စားလှယ် (၂၅%) ရဖို့ထက် အရွေးချယ်ခံကိုယ်စားလှယ် (၇၅%) ပြည့်မီ အောင် အတော်လေးကြိုးစားရဦးမယ့် အနေအထားမျိုး ဖြစ်လာခဲ့ပါပြီ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က PR System ကို အဆိုတင်သွင်းတာကို ထောက်ခံခဲ့အများစုမှာ တပ်မတော်သား ကိုယ်စားလှယ်တွေအားလုံး မတ်တပ်ရပ်ခဲ့ကြပါတယ်။ NLD ကိုယ်စားလှယ်တွေနဲ့ အချို့သာ ထိုင်ပြီး ကန့်ကွက်ခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။ NLD ပါတီဟာ လွှတ်တော်ထဲမှာကိုပဲ ကြံ့ခိုင်ရေးပါတီ၊ အခြား ဒီမိုကရက်ပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တစ်သားတည်း မဖြစ်သေးတာကို ထင်ရှားစေခဲ့ တဲ့ မဲခွဲမှုလည်း ဖြစ်နေပါတယ်။ PR System ကိုသာ ပြောင်းလဲကျင့်သုံးခဲ့မယ် ဆိုရင် NLD ပါတီအနေနဲ့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာပါလိမ့်မယ်။

ဦးသိန်းစိန် သမ္မတ ဆက်လုပ်ပါ လို့ ဘာဖြစ်လို့ ပြောသလဲ

တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်တိုင် လက်ရှိ အပြောင်းအလဲတွေမှာ လိုက်ပါပြီး တိုင်းရင်းသားတွေ ရဲ့ အနာဂတ်အတွက် ရဲရဲတင်းတင်း လျှောက်လှမ်းနေတဲ့အချိန်မှာ NLD ပါတီဟာ ဘယ်သူ့အတွက် လုပ်ဆောင်နေတာလဲ ဆိုတာကိုလည်း စဉ်းစားစရာ ဖြစ်လာနေပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ ကျောခိုင်းထားတဲ့သဘောမျိုး ဖြစ်နေတဲ့ NLD ပါတီဟာ လက်ရှိကြိုးပမ်းနေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးကိုပဲ ဆက်လက်ဆောင်ရွက်နေဦးမယ် ဆိုရင် တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးရမယ့် အခြေအနေမျိုး ကြုံတွေ့လာနိုင်ပါတယ်။ ကရင် ခေါင်းဆောင်တွေကတော့ ပွင့်ပွင့်လင်းလင်းပဲ ဦးသိန်းစိန်ကိုပဲ ထောက်ခံပါတယ် ဆိုတာကို လူသိထင် ရှား ထုတ်ပြောလာခဲ့ပါပြီ။ ဒီစကားကို ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဘာဖြစ်လို့ ပြောတယလဲ။

NLD ပါတီနဲ့ စစ်တပ်ကြားက ပဋိပက္ခဟာ ၁၉၈၈ ခုနှစ်မှ ပေါ်ပေါက်လာခဲ့တာပါ။ တိုင်းရင်းသား တွေရဲ့ ပဋိပက္ခကတော့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ တိုင်းရင်းသားပဋိပက္ခက ပိုမိုပြီးတော့ နက်ရှိုင်းကျယ်ပြန့်ပါတယ်။ မိမိပါတီ အာဏာ ရရှိရေးနဲ့ သမ္မတ ဖြစ်ရေးကိုပဲ စိုက်လိုက် မတ်တပ် ကြိုးပမ်းခဲ့တဲ့ အကျိုးကြောင့် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကို ဆုံးရှုံး လိုက်ရတာလို့ပဲ သုံးသပ်ချင်ပါတယ်။ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ ဆုံ ခဲ့ကြတဲ့ ကရင်ခေါင်းဆောင်တွေက “ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်စေချင်တယ်”ဆိုတဲ့စကားကို ဘာဖြစ်လို့ မပြောခဲ့သလဲ၊ “သူရဦးရွှေမန်းကို သမ္မတဖြစ်စေချင်တယ်” ဆိုတဲ့စကားကို ဘာဖြစ်လို့ မပြော ခဲ့သလဲ။ ဒီမေးခွန်းကို စဉ်းစားကြည့်ရင် ဦးတည်ထားတဲ့ လမ်းကြောင်းကို ပြန်လည်တည့်မတ်နိုင်မယ် လို့ ယူဆပါတယ်။ ဒီမိုကရေစီ စစ်မှန်ခြင်း၊ မစစ်မှန်ခြင်း ထက် တိုင်းပြည်နဲ့ လူမျိုးအတွက် ထားရှိတဲ့ စေတနာ စစ်မှန်မှုက ပိုပြီး အရေးကြီးပါ လိမ့်မယ်။ စံနှုန်းတွေ ပြည့်ဝခြင်း၊ မပြည့်ဝခြင်းထက် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး ပြည်သူတွေ တိုးတက်ဖို့က ပိုပြီး အရေးကြီးပါလိမ့်မယ်။

ဘုန်းအောင်
The Messenger ဂျာနယ် အတွဲ(၅) အမှတ်(၂) မှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment