ပီအာဆိုတဲ့ အချိုးကျကိုယ်စားပြုမဲပေးစနစ်ဆိုတာ ဘာလဲဆိုတာ ရှင်းရှင်းမသိကြဘဲ ရှိတဲ့ပါတီ အားလုံး အချိုးချပြီး အမတ်နေရာပေးရမှာလို ဆိုသူကဆို၊ တိုင်းရင်းသား ၁၃၅ မျိုးစလုံးကို အချိုးကျပြီး နေရာ ပေးရမယ် ထင်တဲ့သူက ထင်နေကြတယ်။ အချို့က တပ်မတော်သား ၂၅ % ရှိနေတာဟာ အချိုးချပြီးသား လို ပြောသူကပြောနေကြပါတယ်။ ဒီနေရာမှ ကျွန်တော်ပြောချင်တာကတော့ ပြည်သူလူထုက မဲပေးရွေးရမယ့် အမတ်နေရာတွေအတွက် သုံးမယ့် မဲပေးစနစ်ကိုပါ။ တပ်မတော်က ပါတာကတော့ အခြေခံဥပဒေထဲကခွင့်ပြု ချက် အရ ပါနေခြင်းဖြစ်ပါတယ်။ ဒါကို ၀င်ပြောလိုမရသလို မပါစေချင်ရင်လည်ူးအခြေခံဥပဒေထဲက စာပိုဒ်တွေ ကို ပြင်ဆင်ဖြုတ်ပစ်မှသာ ဖြစ်ပါလိမ့်မယ်။
ပီအာနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဌက လာမယ့်ဇွန်လ လွှတ်တော်မှာ ဥပဒေကြမ်းတင်မယ်။ လွှတ် တော်က ၂၀၁၃ ခုအတွင်းမှ အတည်ပြုပေးခဲ့ရင် ၂၀၁၄ မှာ ကြိုတင်ပြုဆင်မှုအားလုံးလုပ်ပြီး ၂၀၁၅ မှာ ကျင်းပ ပေးနိုင်မယ်။ ၂၀၁၃ အတွင်း ဥပဒေမလုပ်ပေးနိုင်ခဲ့ဘူးဆိုရင် ၂၀၁၅ မှာသုံးဖို့ သူလုပ်မှာမဟုတ်ဘဲ အရင်စနစ် ကိုပဲ အသုံးပြုပါမယ်လို့ တရားဝင်ပြောခဲ့ပါပြီ။
ဒီတော့ ဒါကို လွှတ်တော်ကနေ ဆုံးဖြတ်ပါလိမ့်မယ်။ အများစုမဲ ၅၀% ကျော်နဲ့ အတည်ပြုနိုင်တာမို့ ပြည်ထောင်စုလွှတ်တော်မှာ မဲ ၃၃၄ မဲရရင် ဥပဒေက အတည်ဖြစ်ပါမယ်။ ဒါကြောင့်မို့ ပီအာစနစ် သုံးမယ်၊ မသုံးမယ် ဆုံးဖြတ်ဖို့ဆိုတာဟာ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြည်သူလူထု လက်ထဲမှာ မရှိပါဘူး။ အများစုရနေတဲ့ ကြံ့ခိုင်ရေးလက်ထဲမှာပါ။ တစညကလည်း ပီအာကိုထောက်ခံတယ်လို့ တရားဝင်ပြောပြီးပါပြီ။
ကျွန်တော်တို့က သုံးရမယ်လို့ ဘယ်လိုပဲပြောပြော သူတို့က မသုံးဘူး ဆိုရင်လည်း ဘာမှမတတ်နိုင်သလို ခင်ဗျားတို့က ဘယ်လိုပဲကန့်ကွက်ကန့်ကွက်၊ သုံးမယ်လို့ဆုံးဖြတ်ခဲ့ရင် ဘယ်သူမှတတ်နိုင်မှာမဟုတ်ပါဘူး။
နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ရွေးကောက်ပွဲစနစ်ကျင့်သုံးဖို့ ပြည်သူဆန္ဒကို တကယ်ခံယူခဲ့ကြလို့ လား။ အုပ်ချုပ်သူတွေက သုံးမယ်ဆိုတဲ့ ရွေးကောက်ပွဲစနစ် အတိုင်း ပြည်သူလူထုက မဲတွေပေးခဲ့ရတာပါ။ ဒါကြောင့် ပီအာစနစ်သုံးဖို့ သင့်မသင့်၊ လိုမလိုဆိုတာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်လို့ အချို့က လွယ်လွယ်ပြောကြ ပေမယ့် တကယ့်လက်တွေ့ကတော့ ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။
မြန်မာပြည်လွှတ်တော်သုံးရပ်မှာ ဘယ်လွှတ်တော်မှ သုံးမလဲဆိုတာ ကော်မရှင်ပြောမှ သိပါလိမ့်မယ်။ ကျွန်တော့်အထင် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေထဲက တစ်ခုခု ဖြစ်ဖို့များပါတယ်။ အမျိုးသားလွှတ်တော်ဆိုရင် အမတ်နေရာ ၁၂ နေရာစီဖို့ ရွေးကောက်ပွဲမဲဆန္ဒနယ် သတ်မှတ်ထားပြီးသားမို့ ကျင့်သုံးဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်းတွေ ပါနေတာကြောင့် သုံးနိုင်မသုံးနိုင် ကြည့်ရဦးမှာပါ။
ပြည်သူ့လွှတ်တော် ကတော့ သုံးလို့ဖြစ်နိုင်ပါတယ်။ ပြည်သူ့လွှတ်တော်မှာ သုံးမယ်ဆိုပါတော့။ အရင်ဆုံး ပီအာစနစ်ကို အပြည့်သုံးမှာလား၊ ရောနှောသုံးမှာ လား ဆိုတာက စမေးရပါဦးမယ်။ အပြည့်ုသုံးမယ်ဆိုတာက အမတ်နေရာ၃၃၀ကို ပီအာစနစ်နဲ့ပဲ ရွေးမယ်ဆိုချင် တာပါ။ ရောနှောသုံးမယ်ဆိုတာက အမတ်နေရာ ဘယ်လောက်ကို အရင်စနစ်အတိုင်းသုံး၊ ကျန်တဲ့အမတ်နေရာတွေကို ပီအာစနစ်သုံးပြီးရွေးမယ် ဆိုတာမျိုးပါ။ အသုံးပြုတဲ့စနစ်အလိုက် မဲပေးပုံနဲ့ မဲကဒ်ပြားတွေ ကွာခြားသွားတာပါ။
မြန်မာနိုင်ငံမှာ ပီအာစနစ်သုံးရင် အရောပုံစံကို သုံးမယ့်အနေအထားရှိပါတယ်။ ဘယ်စနစ်ကိုပဲသုံးသုံး ပီအာစနစ်ဆိုတာနဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်ရပြီ။ အမတ်နေရာ၃၃၀ လုံးကို မဲဆန္ဒနယ်မြေတစ်ခုတည်း မလုပ်ဘဲ အမတ်အနည်းဆုံး ၁၀ နေရာစီလောက်၊ ဒါမှမဟုတ် သင့်တော်သလို ဦးရေအရေအတွက်ကို တိုင်းနဲ့ပြည်နယ်အလိုက်ကြည့်ပြီး မဲဆန္ဒနယ်တစ်ခု လုပ်နိုင်ပါတယ်။ ဒါမှ တစ်ဝက်ကို တိုက်ရိုက်ရွေးပြီး ကျန်တစ်ဝက်ကို ပီအာ စနစ်နဲ့ ရွေးချယ်ဖို့ လုပ်နိုင်ပါလိမ့်မယ်။
ပီအာစနစ်မှာတော့ မြန်မာပြည်သူတွေ အသားကျနေတဲ့ မြို့နယ် မဲဆန္ဒနယ်ကိုယ်စားလှယ်၊ မြို့နယ်အမတ်ဆိုတာ ရှိတော့မှမဟုတ်ပါဘူး။ အဲ့ဒီမြို့နယ်ပါဝင်တဲ့ မဲဆန္ဒနယ်မြေအမှတ်ဘယ်လောက်ရဲ့ ကိုယ်စားလှယ်၊ အမတ်ဆိုတာပဲ ရှိနေမယ့်သဘောပါ။ ဒါကလည်း သိပ်မဆန်းလှပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း တောင် ၁၉၄၇ ရွေးကောက်ပွဲတုန်းက ရန်ကုန်တောင်ပိုင်းခရိုင် အမတ် အဖြစ် ရွေးခဲ့တာပါ။ အဲ့ဒီတုန်းက မြို့နယ်ကို ကိုယ်စားပြုထားတဲ့အမတ် မဟုတ်ပါ။ ခရိုင်တို့၊ ဘာ တို့ကို ကိုယ်စားပြုပြီး ရွေးချယ်ကြတဲ့ ခေတ်ပါ။ နောက်ပိုင်း ဦးနေ၀င်းရဲ့ မဆလခေတ်ရောက်မှသာ တစ်မြို့နယ်တစ်ယောက်၊ လူနည်းနည်း၊ များများ လွှတ်တော်ကိုယ်စားလှယ်၊ အမတ်တစ်ယောက်ဆိုပြီး လုပ်ခဲ့တာကို ပြည်သူတွေက အသားကျနေလို့ ပါ။ နောက်ပိုင်းမှာလည်း ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲတွေမှာလည်း ဒီစနစ်အတိုင်း ဆက်လက်ကျင့်သုံးခဲ့တယ်။ အခြေခံဥပဒေမှာတောင် နှစ်မျိုးရေးထားတယ်။ မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြခံ၍ လည်းကောင်း၊ ဆိုပြီး ပြဋ္ဌာန်းထားတယ်။
အမှန် ကတော့ ပြည်သူ့လွှတ်တော်ဟာ မြို့နယ်ကို အခြေခံရမှာထက် လူဥိးရေကို ကိုယ်စားပြုရမှာပါ။ မဲပေးနိုင်တဲ့ လူဦးရေနဲ့ သတ်မှတ်ထားတဲ့ အမတ်နေရာတွေကို အချိုးချပြီး မဲဆန္ဒနယ်မြေမှာ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ဆိုပြီး ညီတူညာတူသတ်မှတ်သင့်တာပါ။ မြန်မာပြည်မှာ မဲပေးနိုင်သူ သန်း ၃၀ ရှိရင် အမတ် နေရာ ၃၃၀ နဲ့ အချိုးချရင် လူ ၉၀၀၀၀မှာ အမတ်တစ်ယောက် ဖြစ်ရပါလိမ့် မယ်။ ဒီအတိုင်းဆိုရင် ပြည်နယ်တွေအတွက် လက်ရှိ အသားကျနေတဲ့ အနေအထားကနေ အများကြီး သူတို့အတွက် နစ်နာတယ်လို့ ထင်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်အများစုမှာရှိတဲ့ မြို့နယ်တွေကလူဦးရေက တိုင်းဒေသကြီးတွေမှာရှိတဲ့ လူဦးရေထက်စာရင် အများကြီး နည်းပါတယ်။ ကွာဟပါတယ်။ ဥပမာ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်မှာရှိတဲ့ လူဦးရေစုစုပေါင်းက တိုင်းဒေသကြီးတွေမှာရှိတဲ့ လူဦးရေအများဆုံးမြို့ထက်တောင် နည်းချင်ပါသေးတယ်။ ဒါကိုလည်း မဲတင်းတဲ့အနေနဲ့ အမျိုးသားလွှတ်တော်မှာ လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်ထက်တိုးပေးခြင်းနဲ့ လက်ရှိအမျိုးသားလွှတ်တော်အမတ်ဦးရေကို ၁၂ ဦးကနေ လျှော့ချသင့်ပါတယ်။ ၂ ယောက်မထားနိုင်ရင် လေးယောက်လောက်ပဲ ဖြစ်သင့်ပါတယ်။ လူများလွန်းရင် ဆီးနိတ်ပုံသဏ္ဍာန် မဖြစ်တော့ပါ။ သမ္မတစနစ်သုံးတဲ့နိုင်ငံတိုင်းမှာ ဆီးနိတ်လို့ခေါ်နိုင်တဲ့ အမျိုးသားလွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာ ပိုရှိပါ တယ်။ ဆီးနိတ်ကသဘောမတူရင် လုပ်ရခက်ပါတယ်။ ဒီကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိုးအစားအတိုင်း အမျိုးသားလွှတ်တော်က ဖြစ်ဖို့သင့်ပါမယ်။
ပီအာစနစ်မှာ ပထမကွဲပြားချက်က မြို့နယ်ကိုယ်စားပြုအမတ် မရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမယ့် အမတ်နေရာ အနိုင်ရထားတဲ့ ပါတီက အဲ့ဒီမြို့မှာရှိနေရင်တော့ ပါတီကနေတဆင့် အမတ်တွေကိုပြောနိုင်တယ်။ ကိုယ်ပါတဲံ မဲဆန္ဒနယ်မှာ ရှိနေတဲ့ အမတ်တွေထဲက ကိုယ်နဲ့ အနီးဆုံးအမတ်တွေကို သွားပြီး တင်ပြလို့လည်း ရပါလိမ့်မယ်။
ဒုတိယကွဲပြားချက်က ပါတီတွေရဲ့ အမတ်လောင်းစာရင်းပဲ။ ကျွန်တော်ဥပမာပေးခဲ့တဲ့ အမတ်၁၀ နေရာ ရှိတဲ့ မဲဆန္ဒနယ်ကို အရောပီအာစနစ်သုံးမယ်ဆိုရင် အဲ့ဒီနေရာတွေအတွက် ဒီအမတ်လောင်း ၁၀ ယောက်ကို ပါတီကနေ စာရင်းပေးရမယ်။ ဒီမိုကရေစီကျတဲ့ ပါတီတွေမှာဆိုရင် ဒီ(၁၀)ယောက် စာရင်းကို ပါတီတွင်းမှာ မဲနဲ့ယှဉ်ပြိုင်ပြီး အဆင့်တစ်ကနေ ၁၀ ကို ရွေးချယ်သတ်မှတ်ပြီး အများသိအောင် ကြေညာရပါလိမ့်မယ်။ ဒီမိုကရေစီမကျရင်တော့ ကိုယ့်ပါတီကနေ ပြိုင်မှာက ဒီ၁၀ယောက်ပဲလို့ စာရင်းထွက်လာပါလိမ့်မယ်။ ကိုယ်နဲ့ပြိုင်မယ့် အခြားပါတီတွေ လည်း ဒီလိုပဲ စာရင်းသွင်းကြပါလိမ့်မယ်။ တသီးပုဂ္ဂလ၀င်ပြိုင်ချင်ရင်လည်း စာရင်းသွင်းနိုင်ပါ တယ်။ သူ့ကိုလည်း ပါတီတစ်ခုအနေနဲ့ သတ်မှတ်ပါလိမ့်မယ်။ အဲ့ဒီနေရာမှာ ပါတီလေးခုနဲ့ တသီးပုဂ္ဂလနှစ်ယောက် ၀င်ပြိုင်တယ်ဆိုပါတော့။ ဖြစ်လာမယ့်မဲစာရွက်က စာရွက်ကြီးမှာ ခြောက်ပိုင်း ခြားထားပြီး ပထမပါတီရဲ့ ရွေးကောက်ပွဲသင်္ကေတနဲ့ သူ့ဘေးမှာလေး ထောင့် ကွက်၊ သူ့အောက်မှာ သူ့ပါတီက စာရင်းတင်ထားတဲ့လူ ၁၀ယောက်ရဲ့ပုံ/အမည် နဲ့ ဘေး အသိးသီးမှာ လေး ထောင့်ကွက်၊ နောက် တစ်ကော်လံကူးပြီး အခြားပါတီတွေဆက်လာမယ်။ နောက်ဆုံးတသီးပုဂ္ဂလတွေရဲ့ သင်္ကေတတွေ။
မဲပေးရမယ့်သူက ဒီမဲစာရွက်ကိုကြည့်ပြီး
၁။ ကိုယ်ကြိုက်တဲ့ပါတီရဲ့ဘေးမှာ အမှန်ခြစ် ခြစ်။
၂။ ကိုယ်ကြိုက်တဲ့ကိုယ်စားလှယ်ဘေးမှာ အမှန်ခြစ် ခြစ်ပြီး မဲပုံးထဲသွားထည့်ရုံပဲ။
ဒါက ရောနှောပီအာစနစ်ရဲ့ မဲပေးပုံ၊ မဲပေးရတဲ့နည်းစနစ်ပါ။
မဲရေတွက်ပြီး အမတ်အဖြစ်သတ်မှတ်ရွေးပုံကတော့
၁။ ပါတီမဲတွေကို ရေတွက်ပြီး ပါတီအလိုက် အနည်းအများ စဉ်ထားမယ်။
၂။ အမတ်လောင်းတွေ အသီးသီးရတဲ့ မဲတွေကိုရေတွက်ပြီး အနည်းအများ စဉ်ထားမယ်.
၃။ မဲအများဆုံးရတဲ့ငါးယောက်က အမတ်ငါးဦး ဖြစ်သွားမယ်။
၎။ ပါတီအလိုက်ရတဲ့မဲတွေကို တရားဝင်မဲလာပေးတဲ့ အရေအတွက်နဲ့စားမယ်။ မဲပေးနိုင်တဲ့ဦးရေနဲ့ စားမှာ မဟုတ်ဘူး။
ဥပမာ မဲလာပေးသူ ၁၀သိန်းရှိပြီး (က)ပါတီက မဲ ၄၇၀၀၀၀ရမယ်။ (ခ)ပါတီက ၂၁၀၀၀၀ရမယ်။ (ဂ)ပါတီက ၁၃၀၀၀၀ရပြိး (ဃ)ပါတီက ၈၀၀၀၀၊ တသီးပုဂ္ဂလတွေက ၆၀၀၀၀နဲ့ ၅၀၀၀၀စီရမယ်ဆိုရင် လူ၁၀သိန်းနဲ့ အချိုးချရင် ကပါတီက ၄၇% ငါးဦးရမယ်။ ခပါတီက ၂ ဦးရမယ်။ (ဂ)ပါတီက တစ်ဦးရမယ်။ ဃ ပါတီကလည်း တစ်ဦးပဲရမယ်။ ကျန်တစ်ဦးကတော့ ကျန်တဲ့အစွန်းထွက်မဲတွေထဲက အများဆုံးဖြစ်တဲ့ မဲ ၆၀၀၀၀ ရတဲ့ တသီးပုဂ္ဂလက ရသွားပါလိမ့်မယ်။ (ဂ) ပါတီအစွန်းထွက်မဲက ၃၀၀၀၀ပဲရှိလို့ မရပါ။ ဒါက ရောနှော ပီအာစနစ်ပါ။
ဒါက အကြမ်းဖျင်းတင်ပြခြင်းပါ။
ဘယ်သူမဆို ပီအာစနစ်မှာ ရွေးချယ်တင်မြှောက်ခံရဖို့နဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့အတွက်
၁။ ပါတီထောင်ဖို့ လိုပါတယ်။ ဒါမှ နေရာများများ ပြိုင်နိုင်ပါလိမ့်မယ်။
တသီးပုဂ္ဂလိကအဖြစ်လည်း ၀င်ပြိုင်လို့ရပါတယ်။ တိုင်းရင်းသားလူမျိုးတိုင်းလည်း ကိုယ်စားပြုလိုတယ်ဆိုရ၈် ပါတီထောင် ပြိး ၀င်ပြိုင်ဖို့ လိုပါတယ်။ တိုင်းရင်းသားလူမျိုးအတွက် သီးသန့်သတ်မှတ်ပေးထားမှာ မဟုတ်ပါ ဘူး။
၂။ လူထုထောက်ခံမှုရှိဖို့လည်း လိုပါတယ်။ ပါတီထောင်တိုင်း လူထု တောက်ခံမှု ရှိလိမ့်မယ်လို့ သေချာပေါက်ပြောလို့မရပါ။
၃။ လူထုထောက်ခံမှုရရှိအောင် လူထုကြားမှာ ပါတီတိုင်းက စည်းရုံးရေးဆင်းထားဖို့ လိုပါတယ်။
၎။ ကိုယ့်ပါတီမှာ လူထုကြိုက်နှစ်သက်တဲ့သူတွေ၊ လူထုကြိုက်နှစ်သက်တဲ့ မူဝါဒနဲ့ လုပ်ငန်း အကောင်အထည်ဖော်မှုတွေ နဲ့ လူထုကို အကူအညီပေးတာတွေ ရှိကြဖို့ လိုပါတယ်။
၅။ အချို့လူတွေ ပြောနေကြသလို ဘာသာရေးအစွန်းရောက်များ၊ ခေတ်နောက်ပြန်ဆွဲသူများ၊ လူမျိုးရေး စိတ်ဓာတ် ပြင်းထန်သူများ မပါဖို့ဆိုရင် ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေ တွေနဲ့ ထိန်းချုပ်ဖို့လိုပါတယ်။ နိုင်ငံသားဥပဒေကိုအတိုင်း တိတိကျကျလုပ်ဖို့လိုပါတယ်။ မဲပေးခွင့်ရှိသူ နဲ့ ရွေးချယ်ခံပိုင်ခွင့်ရှိသူတွေကို တင်းကြပ်လို့ ရပါတယ်။ လက်ရှိမှာ မဲပေးခွင့်ရှိသူ အရည်အချင်းက အရမ်းလျှော့ရဲနေပါတယ်။
၆။ ပါတီထောင်တိုင်း ၊ ၀င်ပြိုင်တိုင်း၊ မဲရတိုင်းလည်း လွှတ်တော်မှာ နေရရမယ်လို့ သေချာပေါက် မပြောနိုင်ပါ။ သတ်မှတ်ထားတဲ့ မဲအရေအတွက်ကိုရမှသာ လွှတ်တော်မှာ ကိုယ်စားပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဖြစ် တိုင်းလည်း နေရာသတ်မှတ်ပေးထားခြင်း မရှိပါ။ ၀င်ပြိုင်ရမယ်။ သတ်မှတ်ထားတဲ့ မဲရရမယ်။ ဒါမှ ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်ရပါလိမ့်မယ်။
၇။ ပါတီခေါင်းဆောင်တိုင်းလည်း တန်းစီဇယားမှာ ထိပ်ဆုံးကပါနေမယ်။ ဒီလိုပါနေလို့ အမတ်နေရာသေချာပေါက်ဟု မပြောနိုင်ပါ။ ပါတီခေါင်းဆောင် ၀င်ပြိုင်ရတဲ့ မဲဆန္ဒနယ်မှာ ကိုယ့်ပါတီက မဲဘယ်လောက်ရသလဲဆိုတာ က စကားပြောပါလိမ့်မည်။
၈။ အခြားမဲဆန္ဒနယ်မြေက မဲရလာဒ်များကို လာပေါင်းပြိး အမတ်နေရာရရှိခြင်းကတော့ တစ်နိုင်ငံ လုံးကို မဲဆန္ဒနယ်တစ်ခု သို့မဟုတ် တိုင်းနဲ့ပြည်နယ်တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ထားရင်တော့ ဖြစ်နိုင်ပါသည်။ သို့သော် အားနည်းချက်မှာ မဲစာရွက်အကြိးစား သုံးနေရမည်ဟု ထင်ပါသည်။ ထိုကဲ့သို့သုံးသော နိုင်ငံများကို ပြန်လေ့လာကြည့်ပါဦးမည်။
မိုးကုတ်ကိုတိုး
၀၉၄၅၀၀၅၇၀၈၈
http://myanmar-election.blogspot.com/ မှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ
0 comments:
Post a Comment