Sunday, June 1, 2014

ရန်ကုန်မြို့တော်ဝန် အလိုရှိသည်

မြို့တော်ဝန်၏ ရုံးခန်းအနီး ဖော်မြူလာဝမ်းကား ပြိုင်ပွဲအလား ယာဉ်ပြိုင်ပွဲများ ရှိသည်။ လမ်းကူး ဒုက္ခသည်များ ရှိသည်။ မြို့လယ် ဗွက်တောများလည်း ရှိသည်။ မေတ္တာအပို့ခံ စပယ်ယာများ ရှိသည်။
အစားအစာနှင့် ပတ်သက်၍ စားသုံးကာကွယ်ရေး ပြောဆိုနေကြချိန်တွင် အချဉ်ထဲ အက်စစ် ပါဝင်နေခြင်း၊ အကြော်ကြော်ရာတွင် ပလတ်စတစ် ထည့်ကြော်ခြင်း စသည့် ကောလာဟလများက ရန်ကုန်လူထုကို ချောက်ချားစေသည်။




စီးပွားရေး လုပ်ကိုင်ရန် အခွင့်အလမ်းသာခြင်း၊ နယ်မြို့များထက် အလုပ်အကိုင် ရှာဖွေရန် ပိုမိုလွယ်ကူခြင်းတို့က ရန်ကုန် မြို့တော်သို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်သူ များပြားလာစေပြီး လူဦးရေ တရိပ်ရိပ်တက်ကာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခက်အခဲ များစွာကို ဖိတ်ခေါ်လာသည်။
လူဦးရေ တိုးတက်များပြားလာမှုကြောင့် နေစရာ ရှားပါးလာမှုနှင့်အတူ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ မိုးပေါ်က မဆင်းသော်လည်း မြို့နေလူထု၏ ၆၀ ရာခိုင်နှုန်းသော ပြည်သူများ၏ လူနေမှု အဆင့်အတန်းမှာမူ အောက်ဆုံး ထိုးဆင်းနေသည်။
ဤကား ရန်ကုန် . . . ။
စားရေး၊ သွားရေး၊ နေထိုင်ရေးတို့ ခက်ခဲကြမ်းတမ်းစွာ နေထိုင်ရသည့် မြန်မာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံ နေထိုင်နေသော ဒုက္ခမြို့တော် ရန်ကုန်။ယင်းပြဿနာများကို ရှင်းရန် ရန်ကုန်၏ ဂျိုကိုဝီကို မျှော်လင့်ကြသည်။ ရန်ကုန်မြို့တော်ဝန်ကို ရှာပုံတော် ဖွင့်ကြသည်။

လမ်းရှိရင်တောင် သွားလို့မရ

ဆူးလေဘုရားအနီး မော်တော်ယာဉ်များက ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွေအလား သူ့ထက်ငါ ဦးအောင် မောင်းနှင်ရင်း လူကူးမျဉ်းကျားကို အရှိန်နှင့် ဖြတ်မောင်းနေတော့ လမ်းဖြတ်ကူးမည့်သူ များက ဘုရားအဝိုင်း လူကူးမျဉ်းကျားတွင် စစ်ဘေး ဒုက္ခသည်တွေလို ပြေးလွှားနေကြရသည်။

လိုင်းကားပေါ်တွင် လူများ ပြည့်ကျပ်ညပ်နေသော်လည်း ဘောလုံးတစ်ကွင်းစာ ရှိသေးသည် ဆိုပြီး လူထပ်တင်နေသော လူထုမေတ္တာ ခံယူနေသည့် စပယ်ယာကို ခရီးသည်များက မေတ္တာပို့နေကြသည်။ ထိုအချိန် ကမ္ဘာကြီးကို ခါးစောင်းတင် ထမ်းထားရသည့် ယာဉ်မောင်းက အရှိန်နှင့် သွားနေသည့်ကားကို ဘရိတ်ဆောင့်အုပ်လိုက်ရာ ခရီးသည်များ အားလုံး ဖရိုဖရဲဖြစ်ကာ လဲကျသူ၊ ခိုက်မိသူများ ရှိသော်လည်း သူကောင်းသားများက ကိုယ်နှင့် မဆိုင်သလိုပင်။

ငါးပိသိပ် ကားအတွင်း ပူအိုက်နံစော်နေချိန်မှာ အခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲခဲ့သော ကားတင်သွင်းခွင့် မူဝါဒများနှင့်အတူ မော်တော်ကား များပြားလာပြီး ကားလမ်းပိတ်ဆို့ခြင်းများ ကြုံလာရကြောင်း ရန်ကုန်မြို့နေ လူထုက ညည်းညူကြသည်။ လိုင်းကား မစီးလိုသဖြင့် တက္ကစီ စီးပါကလည်း လူပေါင်းတင်ခြင်း၊ ဈေးစကား စစ်ထိုးရခြင်းတို့နှင့် မလွတ်။ တတ်နိုင်သဖြင့် ကိုယ်ပိုင်ကားစီးမလား။ ခပ်နှေးနှေး ကားတန်းကြီးထဲတွင် ကားကျပ်ခြင်း သံသရာတွင် လည်သွားနိုင်သည်။

တစ်လောက နာမည်ကြီး အမေရိကန်တံဆိပ် မော်တော်ကား ကုမ္ပဏီတစ်ခု၏ ရန်ကုန်မြို့တွင် အင်္ဂလိပ်ဘာသာဖြင့် စိုက်ထူထားသော ကြော်ငြာစာသားက “လမ်းမရှိရင်တောင် ကားရပ်ပစ်လိုက်စရာ မလို” (Even the road stops, you won't have to)။ သို့သော် ရန်ကုန်တွင် ဖြစ်နေသည်ကား “လမ်းရှိရင်တောင် ကားသွားလို့မရ”။
“စနေလည်းပိတ်၊ တနင်္ဂနွေလည်းပိတ်၊ မပိတ်တဲ့နေ့ကို မရှိဘူး၊ တော်တော် ကျက်သရေတုံးတဲ့လမ်း” ဟု ၁၅၇ ယာဉ်လိုင်း စပယ်ယာကလည်း နေ့တွက်မကိုက်မှာ တွေးရင်း စိတ်ပျက်လက်ပျက် ဆိုသည်။

ကားသိပ်သည်းဆနှင့် လမ်း၏ လက်ခံနိုင်စွမ်း (Road Capacity) မမျှမတ ဖြစ်နေကြောင်း ပြောဆိုမှုများ ရှိသော်လည်း အမှန်တကယ် တွက်ချက်မည် ဆိုလျှင် လမ်း၏ လက်ခံနိုင်စွမ်း မပြည့်မီသေးကြောင်း မြို့ပြအင်ဂျင်နီယာ ဦးသန်းဝင်းက ပြောကြားသည်။

ယာဉ်မောင်းများ၏ စည်းကမ်းမဲ့မှု၊ လမ်းသွားလမ်းလာများ၏ စည်းကမ်းမဲ့မှုတို့ အပြင် လမ်းဘေးဈေးသည်များနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများကြောင့် ကားလမ်းပိတ်ဆို့မှု ပိုမိုဖြစ်လာရသည်ဟု ၎င်းကဆိုသည်။ ယင်းအပြင် ကားရပ်နားရန်နေရာ မလုံလောက်သောကြောင့် လမ်းများပေါ်တွင် ကားရပ်ထားခြင်းလည်း ပါဝင်နေပြန်သည်။

စည်းကမ်းမဲ့ယာဉ်များ၊ လမ်းသွားလမ်းလာများ၊ ယာဉ်ကြော ထိန်းသိမ်းပေးသည့် မီးပွိုင့်များ၏ လုပ်ဆောင်ချက် လွဲမှားနေခြင်းတို့ကလည်း ကားလမ်းပိတ်ရခြင်း အချက်များ ဖြစ်နေပြန်သည်။

ရန်ကုန်မြို့တွင်း နေ့စဉ် သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေစေရန် လက်ရှိ ဘတ်စ်ကားလိုင်းများ ပြေးဆွဲနေသော စနစ်ကို ပြင်ဆင်မည်ဟု ယမန်နှစ်မေလက ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ကို ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်ထိ ထူးမခြားနားပင် ဖြစ်နေသေးသည်။

ဂျပန်နိုင်ငံ JICA နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က မြို့ပြ သယ်ယူပို့ဆောင်ရေး အတွက် စီမံကိန်းများ ပြုလုပ်နေသော်လည်း မော်တော်ကားလမ်းအပြင် ရေလမ်းခရီးနှင့် ရထားတို့ကိုပါ အကျိုးရှိစွာ အသုံးချနိုင်ရန် ပြန်လည် ပြင်ဆင်ရမည့် စရိတ်စကမှာ ကြီးမားလွန်းနေသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကမူ “ယာဉ်ကြော ပိတ်ဆို့တာနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ သဘောထား မှတ်ချက်တွေ ပြုစုပြီး အစိုးရကို တင်ပြဖို့ ရှိတယ်။ နောက်ပြီး မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတစ်ခု ပြင်ဆင်ရေး ဆွဲနေတာတော့ ရှိပါတယ်” ဟု ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ကားရပ်နားရန် နေရာသစ်များ ဖော်ထုတ်လာနိုင်ချိန်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အမှန်တကယ် ကြပ်မတ်ထိန်းသိမ်းလာနိုင်ချိန်၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး စီမံကိန်းများ အမှန်တကယ် အကောင်အထည်ဖော်မည့် အချိန်ကား လိုဦးမည်။
ခဏခဏလာသော ရန်ကုန်လျှပ်စစ်မီး တစ်နိုင်ငံလုံး အတိုင်းအတာ လျှပ်စစ်မီးရရှိမှု ၃၀ ရာခိုင်နှုန်းခန့်သာ ရှိနေသေးချိန် အများစုကို စီးပွားရေးမြို့တော် ရန်ကုန်က အဓိက သုံးစွဲနေသည်။

သို့သော် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေး လုပ်ငန်းများစွာ တည်ရှိနေသည့် ရန်ကုန်အတွက် ရှိရင်းစွဲ လျှပ်စစ်မီးပမာဏ မလုံလောက်သကဲ့သို့ အရှုံးခံ စိုက်ထုတ်ပေးနေရသည့် အစိုးရအတွက် ဝင်ငွေမှာလည်း မလောက်င။ မီတာခပင် တိုးမြှင့် ကောက်ခံရသည့် အခြေဖြစ်လာသည်။ မီးကား ပျောက်ခြင်းမလှ ပျောက်နေဆဲ။
“မီတာခ တက်ပြီးသွားပြီ ဆိုရင်လည်း မီးမှန်အောင် ပေးရမယ်။ နောက်ပြီး မီးကတော့ မှန်ပါရဲ့။ အားက မပြည့် ဆိုတာမျိုးလည်း မဖြစ်ဖို့ လိုတယ်” ဟု တောင်ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရလဒ်အနေနှင့် ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်ခလစာ တိုးတောင်းခြင်းများ မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရသော်လည်း လျှပ်စစ်မီး ပိုမိုရရှိခြင်း ဆိုသည်မှာ နွေအိပ်မက် တစ်ခုသာ ဖြစ်နေဆဲ။

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဤသို့ ရှင်းပြပြန်သည်။
ယခုနှစ် ဧပြီလမှ စတင်ကာ မီတာခများ တိုးမြှင့်ခဲ့သော်လည်း ဓာတ်အားလိုင်း ကြိုးအဟောင်း အသစ် လဲလှယ်ခြင်း၊ ဗို့အားပြည့် ဓာတ်အားလိုင်းကြိုး လဲလှယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်ဦးမည် မဟုတ်ကြောင်းပင် ဖြစ်သည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအစီအစဉ်တွင် အဓိကအဖြစ် လျှပ်စစ်စွမ်းအင်နှင့် ကျန်းမာရေး ကဏ္ဍတို့အတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ အသုံးပြုမည် ဖြစ်ပြီး၂၀၃၀ ပြည့်နှစ် မတိုင်မီ တစ်နိုင်ငံလုံး မီးလင်းရေး လုပ်ငန်းစဉ်များ ပါဝင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Mr. Kim Jim Yong က သူ၏ မြန်မာနိုင်ငံ ပထမဦးဆုံး ခရီးစဉ်တွင် ပြောကြားခဲ့သည်။

ယခု လောလောဆယ်မှာတော့ ပြည့်စုံလာမည့် တစ်ချိန်ချိန်ကို နားစွင့် စောင့်မျှော်ရင်းက လွဲ၍ ဘာမျှ မတတ်နိုင်ပေ။

မြို့နေ လူထုကတော့ အကောင်းမြင်တတ်သည်။ ပျက်လိုက်လာလိုက် ဖြစ်နေသော ရန်ကုန်လျှပ်စစ်မီးကို ခဏခဏလာသော လျှပ်စစ်မီးအဖြစ် တင်စားတတ်သည်။

ရေဘေးသင့် ရန်ကုန်

အကျည်းတန်သည်ဟု မသုံးနှုန်းလိုသည့်တိုင် မိုးအနည်းငယ် ရွာရုံဖြင့် အရုပ်ဆိုးစွာ လမ်းပေါ် ထွက်ရှိုးလာတတ်သည့် မြောင်းပုပ်ရေများက လူတကာကို နှိပ်စက်ကလူ ပြုမူနေသည်။ မြို့တွင်း မြို့နယ်များသာမက တစ်မြို့လုံးနီးပါး ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရပြီး ကားလမ်းများပေါ်တွင် မြောင်းရေများ မည်းမည်းလှုပ်လျက် သွားလာရေး ခက်ခဲမှု၊ ယာဉ်လမ်း ပိတ်ဆို့မှုတို့ကို ဆိုးရွားစွာ ရင်ဆိုင်ကြရသည်။ ယင်းဒုက္ခမှာ ရန်ကုန်မြို့တွင်းသာမက မြို့သစ်များ၊ ရပ်ကွက်တွင်းများ၊ ဈေးဝယ်စင်တာကြီးများ၊ အဆင့်မြင့် အိမ်ရာများတွင်လည်း ရှိသည်။

“မိုးရွာရင် ကားလမ်းပေါ် ရေလျှံတာ မြောင်းတွေထဲ အမှိုက်တွေ ပြည့်နေလို့ပေါ့ဗျ။ မြောင်းထဲကို မိုးရေဝင်မယ့် အပေါက်တွေကလည်း အမှိုက်တွေနဲ့ပိတ်၊ တစ်ခါတလေ ရေနုတ်မြောင်းဆိုတာ ရှိတယ်လို့တောင် မထင်ရဘူး” ဟု ရန်ကုန်မြို့နေ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တစ်ဝန်း ရေကြီးရေလျှံမှု မဖြစ်စေရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ကျပ်သန်းတစ်သောင်း လျာထားဆောင်ရွက်နေသည်ဟု ပြောထားသော်လည်း မြောင်းဆယ်၊ မြောင်းဖော်ခြင်းများ ပြုလုပ်နေသည့် စည်ပင်သာယာ ဝန်ထမ်းများမှာလည်း နှစ်စဉ် မိုးရာသီရောက်မှသာ တွေ့မြင်ရပြီး မိုးရွာတိုင်း ရေကြီးရေလျှံသည့် မြင်ကွင်းပင် မြင်နေရသည်။

အခွန်ဘဏ္ဍာငွေများနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရာတွင် အမှန်တကယ် အကျိုးထိရောက်မှု ရှိသလား ဆိုသည်ကို တာဝန်ရှိသူများ ပြန်လည် သုံးသပ်သင့်နေပြီ။

ယခုနှစ်အတွင်း ရန်ကုန်မြို့တော် အမှိုက်သိမ်းဆည်းရေးနှင့် စပ်လျဉ်း၍ အမှိုက်သိမ်းဆည်းခြင်းနှင့် ပြန်လည်စွန့်ပစ်ခြင်း လုပ်ငန်းများအတွက် ပြုပြင်ပြောင်းလဲမှု တစ်ရပ်အနေနဲ့ ပုဂ္ဂလိကပိုင် လုပ်ငန်းများကို တင်ဒါခေါ်ယူထားရာ စနစ်ကျသည့် အမှိုက်သိမ်းဆည်းမှု ပုံစံ ပြောင်းလဲလာမည်လား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။

“ပထမတစ်ချက်က စည်းကမ်းမဲ့ အမှိုက်ပစ်သူတွေ၊ ဒုတိယအချက်က စည်းကမ်း မရှိတာကို ဌာနဆိုင်ရာတွေက ကြပ်ကြပ်မတ်မတ် မဆောင်ရွက်နိုင်တာပဲ” ဟု မြို့ပြအင်ဂျင်နီယာ ဦးသန်းဝင်းက ဆိုသည်။

ရေကြီးရေလျှံခြင်းသည် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ကြောင့်သာမက ရန်ကုန်မြို့၏ ပထဝီဝင် အနေအထားကိုလည်း နားလည်ရန် လိုအပ်ပေသည်။
ဆိပ်ကမ်းမြို့ တစ်မြို့ဖြစ်သည့် ရန်ကုန်မြို့တော်တွင် မြစ်၊ ချောင်းများ ဖြတ်သန်းစီးဆင်းနေသလို မြန်မာနိုင်ငံအောက်ပိုင်းတွင် တည်ရှိသည့် မြို့ဖြစ်ခြင်းနှင့် သစ်ပင်၊ သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာ ပျက်စီးခြင်းတို့ကြောင့် ရေမျက်နှာပြင် မြင့်တက်လာမှုတို့ကိုလည်း ထည့်တွက်ရန် လိုကြောင်း ရန်ကုန်စက်မှုတက္ကသိုလ် ဒုတိယ ဧည့်ပါမောက္ခလည်း ဖြစ်သူ ဦးသန်းဝင်းက ရှင်းပြသည်။ ယခုအချိန်တွင်တော့ မိုးနည်းနည်း ရွာလျှင်ပင် ရန်ကုန်လူထုမှာ ရေဘေးဒုက္ခကို ကြောက်နေရပြီ။

ဘာစားကြမလဲ ရန်ကုန်မှာ

အစားအစာနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဟု တွင်တွင် ပြောဆိုနေကြသော်လည်း အချဉ်ထဲတွင် အက်စစ် ပါဝင်နေခြင်း၊ အကြော်ကြော်ရာတွင် ပလတ်စတစ် ထည့်ကြော်ခြင်း စသည့် ကောလာဟလများက လူထုကို ချောက်ချားစေသည်။ ဘေးကင်းလုံခြုံမှု၊ စောင့်ရှောက်ကာကွယ်မှုနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း စသည့် စကားလုံးများသည် ရန်ကုန်မြို့နေ လူထုအတွက် မည်ကာမတ္တမျှသာ ဖြစ်နေသည်။

ယင်းအပြင် မှောင်ခိုလမ်းကြောင်းများမှ တစ်ဆင့် ဈေးကွက်အတွင်း ဝင်ရောက်လာသော အတုအပ ပစ္စည်းများနှင့် စံမမီ အစားအစာ၊ ဆေးဝါးများကြောင့် ထိခိုက်နစ်နာမှုများကလည်း ဒုနှင့်ဒေး ရှိနေသေးသည်။ အဆိုပါ အတုအပနှင့် စံမမီပစ္စည်းများ ဝင်ရောက်လာမှုကို တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းကာ ဆောင်ရွက်လျက် ရှိသော်လည်း ကုန်သွယ်မှု အဓိက ပင်မလမ်းကြောင်း ဖြစ်သော ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တရားမဝင် ဝင်ရောက်လာသော ပစ္စည်းများကိုမူ စိစစ်တားဆီးနိုင်ခြင်း မရှိသေးပေ။

အစိုးရ တာဝန်ရှိသူများ အနေနှင့် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံရေး အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေခြင်း၊ စံမမီပစ္စည်းများ ဈေးကွက်တွင်း ဝင်ရောက်လာမှုမှ ကာကွယ်နိုင်ရန် Anti-Dumping ဥပဒေကြမ်း ရေးဆွဲနေခြင်းတို့ ပြုလုပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အကြံပေး ဒေါက်တာမောင်အောင်က ဆိုသည်။

နားခိုစရာ အဘယ်မှာ

မြန်မာနိုင်ငံတွင် အဆင့်မြင့် ဂြိုဟ်တုဆက်သွယ်ရေးကို ကမ္ဘာပတ်လမ်းအတွင်း မလွှတ်တင်နိုင် သေးသော်လည်း ရန်ကုန်မြို့တော်၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမှာ ကမ္ဘာ့ပတ်လမ်းအတွင်း ရောက်ရှိနှင့်ပြီး ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ပြောင်းရွှေ့နေထိုင်မှု တစ်စတစ်စ များပြားလာသော ရန်ကုန်မြို့တော်သည် ၂၀၄၀ ပြည့်နှစ်တွင် လူဦးရေ ဆယ်သန်း ပြည့်မည်ဟု ခန့်မှန်းထားပြီး အာရှတိုက်၏ နောက်ထပ် ပေါ်ထွက်လာမည့် မြို့ပြကြီးအဖြစ် သတ်မှတ်ထားရာ တိုးပွားလာသည့် လူဦးရေအတွက် အခြေခံလိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ်မီး၊ ရေနှင့် လမ်းအပြင် အိမ်ရာစီမံကိန်းများ များစွာ လိုအပ်လျက် ရှိသည်။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အတွက် ရုံးခန်းနေရာ ရှားပါးခြင်းနှင့် စတည်းချ နေထိုင်ရန် နေရာရှားပါးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုကို တုံ့နှေးသွားစေနိုင်မည် ဖြစ်သည်။

“တိုးလာတဲ့ လူတွေအတွက် မြို့ကွက်သစ်တွေ ဖော်တယ်။ မြေကွက်တွေ ချပေးတယ်။ ဒါပေမဲ့ မီး၊ ရေ၊ လမ်း ဘာဆိုဘာမှ မရှိဘဲ ဘယ်လို သွားနေကြမတုန်း” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

အိမ်ခန်း၊ တိုက်ခန်း လိုအပ်ချက် မြင့်မားနေသော်လည်း လမ်း၊ ရေ၊ လျှပ်စစ် မီးစသည့် အခြေခံလိုအပ်ချက်များကို ရှေးဦးစွာ ဖြည့်ဆည်းထားခြင်း မရှိပါက အချည်းနှီးပင် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် စည်ပင်သာယာရေးတို့က တန်ဖိုးနည်းဟု ဆိုသည့် အိမ်ခန်းများ ရောင်းချပေးသော်လည်း ကျပ်သိန်းတစ်ရာကျော်မှာ အများပြည်သူ လက်လှမ်းမီနိုင်သည့် ဈေးမဟုတ်ပြန်။ အငှားနေသူများကလည်း တရိပ်ရိပ် တက်လာသည့် အိမ်ခန်းခ၊ ပွဲစားသို့ ပေးရသည့် လစာများနှင့် ဝန်ပိနေကြဆဲ။

သုံးဂဏန်းပုစ္ဆာ

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်လာရန် အတွက် အဓိက ဖြေရှင်းရမည့် ပြဿနာ သို့မဟုတ် စိန်ခေါ်မှု သုံးချက် ရှိကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနမှ ဒုတိယဌာနမှူး ဦးတိုးအောင်က ပြောကြားသည်။ လုံလောက်စွာ ရေပေးဝေနိုင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးတို့ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရေအခက်အခဲ ကြုံတွေ့နေရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင် မြို့နယ်များနှင့် မြို့သစ်များအတွက် ရေပိုက်ကွန်ရက် တိုးချဲ့ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ကားလမ်း တိုးချဲ့ခြင်း၊ မြို့ပြင်ပတ် ရထားလမ်းများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ရှင်းပြသည်။

ယခု ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ သုံးစွဲရန် လျာထားသော ကျပ် ၃၃၄ ဘီလီယံကျော်၏ ၇၀ ရာခိုင်နှုန်း ဖြစ်သည့် ၂၃၃ ဘီလီယံကျော်ကို ရန်ကုန်မြို့တော်ဝန် အဓိက စီမံခန့်ခွဲနေသော ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သုံးစွဲမည်။

ရန်ကုန်စည်ပင်မှ ရှာဖွေနေသည့် နှစ်စဉ် အခွန်များနှင့် ပေါင်းပါက ၂၃၃ ဂဏန်းထက် ပိုများပေလိမ့်မည်။ မြို့လယ်ရှိ ခမ်းနားလှသော ဗေဒါရောင် မြို့တော်ခန်းမကြီး အတွင်းမှ ယင်းပြဿနာများကို စီမံခန့်ခွဲမည့်သူ တစ်ဦးကို ရန်ကုန်လူထုက အလိုရှိနေကြသည်။ သို့သော် ရန်ကုန်မြို့တော်၏ ဂျိုကိုဝီကိုကား ရှာပုံတော် ဖွင့်ရမည့် အရေးဖြစ်နေသည်။

ဂျိုကိုဝီ ဆိုသည်မှာ

၂၀၁၂ ခုနှစ် ကမ္ဘာ့မြို့တော်ဝန် တတိယဆုရှင်လည်း ဖြစ်သည်။ လူချစ်လူခင် များသဖြင့် ယခုတော့ နောက်လာမည့် အင်ဒိုနီးရှား သမ္မတလောင်းပင် ဖြစ်နေပြီ။

ရိုးရိုးရှင်းရှင်း သူလိုကိုယ်လို အဝတ်အစား ဝတ်ဆင်ပြီး ဆင်းရဲသား ရပ်ကွက်နှင့် လမ်းကြိုလမ်းကြား များတွင် လျှောက်သွားနေတတ်သည်။ တွေ့သမျှ လူများနှင့် တွေ့ဆုံမေးမြန်းကာ သူတို့ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်ရန် နေ့စဉ်နှင့်အမျှ အပြင်ထွက် အလုပ်လုပ်နေသည့် သူ့ကို နိုင်ငံပိုင်မီဒီယာများ ကသာမက ကမ္ဘာ့မီဒီယာများတွင် မြင်တွေ့နေရသည်။ ထိုသူကား အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၏ မြို့တော်ဝန် ဂျိုကိုဝီဒိုဒို သို့မဟုတ် အများသိကြသည့် ဂျိုကိုဝီပင် ဖြစ်သည်။ မြို့တော်သူ မြို့တော်သားများ ခံစားနေရသည့် ပြဿနာများကို ရုံးခန်းမှ တစ်ဆင့် မဖြေရှင်းဘဲ ပြည်သူတွေနှင့် တိုက်ရိုက်ထိတွေ့ကာ ပြည်သူများ၏ ဒုက္ခ၊ သုခကို ရှာဖွေရင်း အလုပ်လုပ်နေသည့် ဂျိုကိုဝီပင် ဖြစ်သည်။

ပြည်သူတွေ ကြုံတွေ့နေရသည့် စားသောက်ကုန်ဈေးနှုန်း၊ အိမ်ရာအခက်အခဲ၊ သယ်ယူပို့ဆောင်ရေးနှင့် ရေကြီးရေလျှံမှု များကို လမ်းကြိုလမ်းကြား ဆင်းရဲသား ရပ်ကွက်များသို့ ကိုယ်တိုင်သွားရောက် ကြည့်ရှုလေ့ ရှိသည့် ဂျိုကိုဝီသည် ၂၀၁၂ ခုနှစ် ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်ဆုတွင် တတိယ ချိတ်ခဲ့သလို Fortune မဂ္ဂဇင်းက ထုတ်ပြန်သော ကမ္ဘာ့အကြီးကျယ်ဆုံး ခေါင်းဆောင်များတွင်လည်း နံပါတ် ၃၇ ချိတ်ခဲ့သည်။
သို့သော် ရန်ကုန် မြို့တော်ဝန်ကိုကား တွေ့နိုင်ခဲလှသည်။

အာရှတိုက်၏ မီဂါစီးတီးတစ်ခု ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့တော်ဝန်ကိုမူ ရန်ကုန်မြို့တော်နေ ပြည်သူအများစုကပင် မသိရှိကြောင်း The Voice ၏ လူဆယ်ပေါင်း များစွာကို မေးမြန်းချက်များအရ သိရသည်။ အချို့က နာမည် ကြားဖူးသည်။ လူမမြင်ဖူး။ အချို့က နာမည်လည်း မသိ၊ လူလည်း မမြင်ဖူး။ လူဦးရေ ခြောက်သန်းခန့် နေထိုင်သော ရန်ကုန်မြို့တော်တွင် ရန်ကုန် မြို့တော်ဝန်ကို သိသူ၊ မြင်တွေ့ဖူးသူ အရေအတွက်မှာ နည်းပါးသည့်အပြင် အမည်ကိုပင် သိသူ ရှားလှသည်။

“ရန်ကုန်မြို့တော်ဝန် ဘယ်သူဆိုတာလဲ မသိဘူး၊ သူဘာတွေ လုပ်နေလဲ ဆိုတာလဲ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး” ဟု ရန်ကုန်မြို့ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တော်ဝန် ရုံးစိုက်ရာ မြို့တော်ခန်းမအနီး ဝန်းကျင်မှ ဖုန်းကတ် အရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။

သို့ဖြစ်၍ မြို့အတွင်း အမြဲတစေ လမ်းသလား နေတတ်သည့် အောက်ပါ လက်သုံး စကားပိုင်ရှင် ဂျိုကိုဝီနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
“တစ်ရက် တစ်နာရီလောက် ရုံးမှာ ထိုင်နေရင် တော်ပြီပေါ့”

လက်ရှိ ရန်ကုန်မြို့တော်ဝန်မှာ သံတမန်ဟောင်း တစ်ဦးဖြစ်သည်။ အာဂျင်တီးနား၊ ဘရာဇီးနှင့် ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ သူကား ရန်ကုန်မြို့တော်သူ မြို့တော်သားများနှင့် မတွေ့စလောက်။ မြို့တော်ဝန်၏ သက်တမ်း သုံးနှစ်ကျော်အတွင်း ယုတ်စွဆုံး သတင်းစာ ရှင်းလင်းပွဲပင် မလုပ်ဖူး။ သတင်းထောက်များနှင့် တွေ့မေးမလုပ်ဖူး။

ရခဲလှစွာသော မြို့တော်ဝန် ဦးလှမြင့်နှင့် တွေ့ဆုံ မေးမြန်းခွင့်အတွက် The Voice Weekly က ကြိုးပမ်းကြည့်သည်။ မြို့တော်ဝန်နှင့် တွေ့ဆုံနိုင်ရန် ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ ပြန်ကြားရေးနှင့် ဆက်ဆံရေး ဌာနတွင် စုံစမ်းကာ စာတင်ရမည် ဖြစ်သော်လည်း အလုပ်များသည့်အတွက် လူကိုယ်တိုင် တွေ့ဆုံနိုင်မည်ဟု မထင်ကြောင်း မြို့တော် စည်ပင် ပြန်/ဆက်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လမ်းရှိရင်တောင် သွားလို့ မရဖြစ် ဖြစ်သွားလေ့ ရှိသည့် ရန်ကုန်လျှပ်စစ်မီး ခဏခဏ လာလေ့ရှိသော ရန်ကုန်၊ ရေဘေးသင့် ရန်ကုန်၊ ဘေးကင်းစားစရာ ရှားသော ရန်ကုန်၊ ကျောတခင်း နားခိုစရာ မလွယ်သော ရန်ကုန်။ ယင်း အချင်းအရာများကို အသက် ၆၅ နှစ်ဝန်းကျင် ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း မြို့တော်ဝန် ဦးလှမြင့် သိ၊ မသိ များစွာ မသေချာလှ။ သိလည်း ရှင်းနိုင်၊ မနိုင် များစွာ မသေချာလှ။

လက်ရှိ ပစ္စက္ခတ် ရန်ကုန်အရေးကို ဖြေရှင်းနိုင်၊ စီမံနိုင်သည့် မြို့တော်ဝန် တစ်ဦးကိုတော့ ရန်ကုန်သူ ရန်ကုန်သားများက အလိုရှိနေကြသည်။

စစ်ငြိမ်းသူ
Written by Editor
The Voice Weekly

0 comments:

Post a Comment