အီရန်နိုင်ငံ သမ္မတ Hassan Rouhani ကို ကုလသမဂ္ဂ ညီလာခံမှာ တွေ့ရစဉ် (Credit: AFP)
အီရန်နိုင်ငံမှာ သဘောထား ပိုမိုပျော့ပြောင်းတဲ့ သမ္မတ တက်လာပြီးနောက် အမေရိကန်နဲ့ အီရန်နိုင်ငံ အကြား နျူးကလီးယားကိစ္စ ဆွေးနွေးဖို့ လမ်းစတွေ ပေါ်လာနေပါတယ်။
ပိုပြီးသဘောထား ပျော့ပြောင်းဟန် ပေါက်တဲ့ အီရန်နိုင်ငံ သမ္မတသစ် Hassan Rouhani က အီရန်နိုင်ငံ နျူးကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ သဘောတူညီချက်ရဖို့ ကြိုးစားနေတဲ့အတွက် အမေရိကန်သမ္မတက ဒီကိစ္စကို ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂညီလာခံမှာ သမ္မတ ဘားရက်အိုဘားမားက ဒီဆွေးနွေးမှု စတင်ဖို့ အတားအဆီးတွေ အခက်အခဲတွေ ရှိမှာဖြစ်ပေမယ့် သံတမန်နည်းလမ်းအတိုင်း စမ်းသပ်လုပ်ဆောင်သွားရမယ်လို့ ပြောလိုက်ပါတယ်။
အီရန်နျူးကလီးယားကိစ္စကို ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ညွန်ကြားထားပြီလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် Benjamin Netanyahu က အီရန်အစိုးရက နျူးကလီးယားလက်နက်ကိစ္စ တိုးချဲ့လုပ်ကိုင်နိုင်အောင် ခုလို အပေါ်ယံ ကောင်းပြနေတာလို့ စွပ်စွဲလိုက်ပါတယ်။
အီရန်နိုင်ငံက ချိုသာတဲ့ စကားတွေသုံးပြီး နျူးကလီးယားလက်နက် ရရှိဖို့ လုပ်ဆောင်နေတာဖြစ်တဲ့အကြောင်း နိုင်ငံတကာကို အတုအယောင် ပြောင်းလဲလာကြောင်း ပြသပြီး လုပ်နေကြအလုပ်ကို လုပ်သွားမယ်လို့သာ မြင်ကြောင်း ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းအတွင်း အမေရိကန် သမ္မတက ဆီးရီးယားအရေးကိစ္စကို ဖြေရှင်းဖို့လိုကြောင်းလည်း ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ညီလာခံအတွင်း ဘရားဇီးလ်နိုင်ငံ သမ္မတက အမေရိကန်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အမေရိကန်နိုင်ငံကနေ ဘရာဇီးလ် နိုင်ငံအပါအဝင် တခြားနိုင်ငံအပေါ် ထောက်လှမ်းမှု လုပ်တဲ့အပေါ် ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ဘရားဇီးလ်နိုင်ငံ အရာရှိတွေအပေါ် အမေရိကန်ထောက်လှမ်း မှုတွေ လုပ်ခဲ့တဲ့အတွက် ဒီလအစောပိုင်းကပဲ ဘရားဇီးလ်သမ္မတက အမေရိကန် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။ အခု ကမ္ဘာ့နိုင်ငံခေါင်းဆောင်ပေါင်း ရာနဲ့ချီ တက်ရောက်နေတဲ့ နယူးယောက်မြို့ ညီလာခံမှာ ဘရာဇီးလ် သမ္မတက ဝေဖန်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံက ခုလို ထောက်လှမ်းမှုတွေ လုပ်တာဟာ အကြမ်းဖက်မှုကို တိုက်ဖျက်တဲ့ အစီအစဉ်ထဲက တစ်ခုဖြစ်တယ်လို့ ပြောဆိုတာကို လက်မခံနိုင်ဘူးလို့လည်း ဘရာဇီးလ် သမ္မတ Dilma Rousseff က ပြောလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ ဥရောပသမဂ္ဂအပါအဝင်၊ ကုလသမဂ္ဂရုံးတွေနဲ့ တခြားနိုင်ငံတွေအပေါ် ထောက်လှမ်းမှုလုပ်ခဲ့တယ်ဆိုတဲ့ လျို့ဝှက်ချက်တွေ ထွက်ပေါ်ပြီးနောက် အမေရိကန်အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။
ABC Radio Australia
0 comments:
Post a Comment