Wednesday, June 4, 2014

ကျွန်မ . . . ကားစပယ်ယာ



ရန်ကုန် အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းမှတ်တိုင်သို့ ထိုးဆိုက်လာသည့် ၄၈ အဲကွန်း အထူးဘတ်စ်ကားပေါ် ပြေးတက်သော ခရီးသည်အချို့ ကားခလိုက်လံကောက်ခံသည့် ယာဉ်နောက်လိုက်ကြောင့် တအံ့တသြ အထူးအဆန်း ဖြစ်နေကြပုံရသည်။ ကျောလယ်ခန့်ဆံပင်ကို စုစည်းချည်နှောင်ထားပြီး ခဲနှင့်အပြာရင့်ရောင် တွဲစပ်ထားသော ယာဉ်နောက်လိုက်ဝတ်စုံ ခပ်ပွပွကို ၀တ်ဆင်ထားသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။သူမသည် ဗိုလ်တထောင်မှ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ပြေးဆွဲသည့် ၄၈ အဲကွန်း အထူးယာဉ်လိုင်းမှ ခန့်အပ်ထားသော ပထမဆုံး အမျိုးသမီးယာဉ်နောက်လိုက်များထဲမှ ယာဉ်နောက်လိုက် မနီနီစိုးဖြစ်သည်။ ငါးပေခန့် အရပ်ကလေးနှင့်မလိုက် ပိန်သွယ်သွယ် ခန္ဓာကိုယ်ကလေးနှင့် ကားတစ်စီးလုံး ရှေ့နောက်ဝဲယာမကျန် လွန်းကလေးလို ပြေးလွှားလှုပ်ရှားနေသည်။

မနီနီစိုးက ယာဉ်နောက်လိုက်လုပ်သက် တစ်လခန့်သာရှိသေးသော်လည်း ယာဉ်စီးခငွေများကို ၀ါရင့်ယာဉ်နောက်လိုက်တစ်ဦးသဖွယ် လက်ခလယ်နှင့် လယ်ညှိုးကြားညှပ်၍ သိမ်းဆည်းထားသည်။ ယာဉ်မောင်းဒရိုင်ဘာထံ လမ်းကြောင်း ရှင်း၊ မရှင်း အဲကွန်းအေး၊ မအေး အနေအထားတွေကို သက်သောင့်သက်သာ သတင်းပို့နေပြီး သူ့ကို စူးစမ်းနေသော ခရီးသည်များ၏ မျက်လုံးများကို တုံ့ပြန်ပြုံးပြလိုက်သေးသည်။

‘‘ကားပေါ်စရောက်ရောက်ချင်း ဖြစ်ပါ့မလား စိုးရိမ်စိတ်ရှိတယ်။ ရှက်တယ်။ ယာဉ်နောက်လိုက် ယူနီဖောင်းဝတ်လိုက်တော့ စိတ်ထဲဘာမှမရှိတော့ဘူး။ ခရီးသည်တွေကတော့ ကိုယ့်ကိုတွေ့တော့ ဟာခနဲ၊ ဟင်ခနဲ ဖြစ်ကြတယ်။ အံ့သြကြတယ်။ ရယ်ပြကြတယ်’’ဟု မနီနီစိုးက ယာဉ်နောက်လိုက်ဘ၀ ကနဦးအတွေ့အကြုံများကို ပြောပြသည်။

စလုပ်စဉ်က အမျိုးသားယာဉ်နောက်လိုက်များကဲ့သို့ မပါးနပ်သည့်အတွက် ကားခပိုက်ဆံပိုငွေကို ချက်ချင်းပြန်မအမ်းနိုင်ခြင်း၊ ယာဉ်စီးခကို အသံကျယ်ကျယ်နှင့် အော်မတောင်းရဲခြင်း၊ ယာဉ်စီးခ တမင်မပေးသည့် ခရီးသည်များကို အတင်းမတောင်းရဲခြင်း၊ ခရီးသည်က စိတ်တိုင်းမကျ၍ ဟောက်ခြင်း၊ ယှဉ်ပြိုင်မောင်းလာသည့် နောက်ကား၊ ရှေ့ကားနံပါတ်များကို မမှတ်မိခြင်း၊ မှတ်တိုင်နာမည်များ အော်ဟစ်သတိပေးဖို့ နှုတ်မရဲခြင်းတို့ ကြုံတွေ့ရသည်။

‘‘ခရီးသည်ဦးလေးကြီးတစ်ယောက်ဆို သူ့ကို ငွေချက်ချင်းမအမ်းလို့ဆိုပြီး ညီမကို ဟောက်လိုက်တာ လန့်ဖျပ်သွားတယ်။ နားထင်နားရင်း ပူထူသွားတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး ပြန်ပြောပြပါတယ်။ မအမ်းသေးဘူးဆိုတာ ဦးလေးက အခုမဆင်းသေးလို့ မပေးသေးတာပါ၊ စိတ်မဆိုးပါနဲ့လို့ပဲ ပြောရဲတယ်။ ကျန်တာတော့ မပြောရဲဘူး။ ကြောက်တယ်’’ ဟု ယင်းအဖြစ်အပျက်ကိုပြောနေစဉ် ပြန်လည်သတိရသည့်အတွက် မနီနီစိုး မျက်ရည်များ ရစ်ဝဲလာသည်။

မိသားစုခုနစ်ယောက်အနက် အငယ်ဆုံးသမီး မနီနီစိုးက ဆယ်တန်းအထိ ပညာသင်ပြီးနောက် ဇာထိုးပန်းထိုးအလုပ်ဖြင့် ဘ၀ရပ်တည်ရာကနေ ရပ်ကွက်ထဲက လိုင်းကားယာဉ်မောင်းမိတ်ဆွေ၏ ကူညီမှုဖြင့် ၄၈ ယာဉ်နောက်လိုက်ဖြစ်လာခဲ့သူ ဖြစ်သည်။

‘‘သူများနိုင်ငံမှာ အမျိုးသမီးယာဉ်နောက်လိုက်တွေရှိတယ်။ မြန်မာပြည်က ဒီလိုလုပ်မယ်ဆိုတော့ စိတ်ဝင်စားတယ်။ အလုပ်သွားလျှောက်တော့ ဂိတ်က ယောက်ျားတွေတောင် အံ့သြတယ်။ ကျွန်မတို့ကလည်း ဖြစ်အောင်လုပ်မယ်ဆိုပြီး ယာဉ်ပိုင်ရှင်ကိုပြောတယ်။ ဒီနေ့လျှောက် မနက်ဖြန် ကားပေါ်စတက်တာပဲ’’ဟု မနီနီစိုးကဆိုသည်။

ယောက်ျားသားများသာ လုပ်နိုင်သောအလုပ်ဟု အလိုအလျောက် နားလည်ထားကြသော ကာယခွန်အားဦးစားပေး ယာဉ်နောက်လိုက် (စပယ်ယာ)အလုပ်မှာ ရုတ်တရက်ဆိုလျှင် အမျိုးသမီးများနှင့် မအပ်စပ်သယောင်ပင်။ သို့သော် မနီနီစိုး အပါအ၀င် အမျိုးသမီး ၂၀ ဦးမှာ ၄၈ အဲကွန်းအထူးယာဉ်တွင် ယာဉ်နောက်လိုက်အဖြစ် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သည်။ မနီနီစိုးတို့ကို တွေ့ဆုံအားကျ၍ အလုပ်လာလျှောက်သူ အမျိုးသမီးများ၏ လျှောက်လွှာများကို နေ့စဉ်လက်ခံနေရကြောင်း ၎င်းတို့၏ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။

‘‘ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးမှာ ၀န်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ယာဉ်လိုင်းမရှိတော့ အဲကွန်းဖွင့်တဲ့ယာဉ်လိုင်းလုပ်ဖို့ စိတ်ကူးတယ်။ အဲဒီမှာ ခရီးသွားမိဘပြည်သူကို ချိုချိုသာသာ ပြောဆိုဆက်ဆံဖို့ ယာဉ်လုပ်သားလိုလာတယ်။ ဒါမျိုးက အမျိုးသမီးတွေနဲ့ပဲ သင့်တော်တယ်။ သူတို့အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းပေါ်လာမယ်။ ဒါကြောင့် စပြီးခန့်ဖြစ်တာပါ’’ဟု ကိုတရုတ်လေးက ပြောသည်။

အမျိုးသမီးယာဉ်နောက်လိုက်များကြောင့် ၀န်ဆောင်မှုပိုင်းတွင် သိသိသာသာ ချီးကျူးခံရပြီး ခရီးသည်များ စိတ်ကျေနပ်မှုရှိကြောင်း တုံ့ပြန်မှုများ ပြန်ကြားရသည့်အတွက် ၎င်းတို့ကို အလုပ်ခန့်ရတာ ထိုက်တန်သည်ဟု ကိုတရုတ်လေးကဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ ဘွဲ့ရပညာတတ်များပင် အလုပ်တစ်နေရာရဖို့ ရုန်းကန်ကြိုးစားရသည်။ အထူးသဖြင့် ပညာရေးအခြေခံအားနည်းသော အမျိုးသမီးများဆိုလျှင် တစ်နေ့လုပ်ခလစာ နှစ်ထောင်ခန့်ရဖို့ ရုန်းကန်နေရသည်။ ထို့ကြောင့် စားပြီးသောက်ပြီး စရိတ်ငြိမ်း တစ်နေ့ အနည်းဆုံး ၀င်ငွေငါးထောင်ခန့် ရရှိသည့် ယာဉ်နောက်လိုက်အလုပ်မှာ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခုအဖြစ် ပေါ်ထွက်လာသည်။

နဂိုပန်းထိုးသည့်အလုပ်ထက် ၀င်ငွေနှစ်ဆပိုရသောကြောင့် ယာဉ်နောက်လိုက်လုပ်ဖြစ်ခဲ့ကြောင်း မနီနီစိုးက ပွင့်ပွင့်လင်းလင်း ပြောသည်။

‘‘တော်ရုံတန်ရုံ ကျန်းမာရေးကောင်းတယ်၊ ခံနိုင်ရည်ရှိတယ်ဆိုရင် ဒီအလုပ်က အထည်ချုပ်ထက်စာရင် စရိတ်ငြိမ်းဖြစ်တော့ လုပ်စေချင်တယ်။ တစ်လ၀င်ငွေ တစ်သိန်းခွဲတော့ကျော်တယ်။ အရင်ပန်းထိုးတဲ့ အလုပ်ထက်လည်း နှစ်ဆလောက် ၀င်ငွေပိုရတယ်’’ဟု မနီနီစိုးက တွက်ချက်ရှင်းပြသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုဓလေ့အရ အမျိုးသမီးများ ယာဉ်နောက်လိုက်လုပ်ခြင်းအပေါ် မျက်လုံးစိမ်းဖြင့် ကြည့်ကောင်းကြည့်သူများ ရှိနိုင်သော်လည်း ရေရှည်တွင် ခရီးသွားပြည်သူများ၏ အဆင်ပြေလုံခြုံမှု၊ သက်သောင့်သက်သာဖြစ်မှုတို့ကြောင့် အမျိုးသမီးယာဉ်နောက်လိုက်များကို ဈေးကွက်အရ တောင်းဆိုမှုများပင် ရှိလာနိုင်ကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူ မခင်လေးကပြောသည်။

‘‘အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်တဲ့အတွက် အစ်မတို့ကတော့ ကြိုဆိုတယ်။ အမျိုးသမီးတွေဟာ ပင်ကိုစိတ်က အေးချမ်းပြီး ပြဿနာမဖြစ်ချင်တဲ့သူတွေ ဖြစ်တဲ့အတွက် ယာဉ်တိုက်မှုတို့ ကားပြိုင်မောင်းတာတို့လို ပြဿနာတွေလည်း မရှိနိုင်ဘူး။ ခရီးသည်တွေကိုလည်း ကာယိနြေ္ဒပျက်အောင် ကားပေါ်အတင်းဆွဲတင် ဆွဲချတာမျိုး အမျိုးသားတွေလို မလုပ်ကြတဲ့အတွက် ဈေးကွက်ကတောင် သူတို့ကို တောင်းဆိုလာလိမ့်မယ်’’ဟု ၎င်းကပြောသည်။

မနက် ၄ နာရီထိုးသည်နှင့် အိမ်နှင့် သုံးမှတ်တိုင်ရှိ ယာဉ်လိုင်းပိုင်ရှင်အိမ်ထံ ဘ၀တူယာဉ်နောက်လိုက် အမျိုးသမီးတစ်စုနှင့်အတူ မနီနီစိုးတို့ သွားကြသည်။ ၄၈ ဂိတ်ရောက်လျှင် မိမိတို့ကားက ရထားသည့် ဘုံပိုက်ဆံဖြင့် နံနက်စာ ၀၀လင်လင် စားသောက်ကြသည်။ ထို့နောက် ဗိုလ်တထောင်ဂိတ်ရောက်သည်နှင့် တန်းစီ၊ ရှေ့ကားမရှိလျှင် ချက်ချင်းပြန်ထွက်၊ နေ့လယ်ထမင်းစားချိန်တွင် ရှေ့ကားမထွက်ခင် ထမင်းအသည်းအသန်စား။ တစ်နေ့ မြို့ထဲအတက်လေးကြောင်း ပြည့်အောင်ဆွဲ။ ည ၁၀ နာရီတွင်တော့ ယာဉ်မောင်းနှင်သူ အပါအ၀င် ယာဉ်နောက်လိုက်နှစ်ဦးတို့က ၀င်ငွေခွဲဝေပြီးသည်နှင့် အလုပ်စခန်းသိမ်းကြောင်း မနီနီစိုးက တစ်နေ့တာလှုပ်ရှားမှုကို ပြောပြသည်။

၁၉၆၀ ပြည့်နှစ်မတိုင်မီ ၀န်ကြီးချုပ်ဦးနုလက်ထက်က တိရစ္ဆာန်အရုပ်အမည်များဖြင့် မြို့တွင်းပြေးဆွဲသည့် ဘတ်စ်ကားများတွင် အမျိုးသမီးလက်မှတ်ရောင်းများကို ခန့်ထားခဲ့ဖူးသည်။ သို့သော် ယင်းဘတ်စ်ကားကြီးများမှာ အမျိုးသား၊ အမျိုးသမီးများကို သံဆန်ခါဖြင့် ကာရံခွဲခြားထားပြီး လက်မှတ်ရောင်းမှာ ကျား၊ မ သီးသန့်ဖြစ်သည်။ ယခု ၄၈ ယာဉ်လိုင်းတွင်တော့ ကျား၊ မ ခွဲခြားမှုမရှိဘဲ တစ်တန်းတည်း ၀န်ဆောင်မှုပေးရခြင်းဖြစ်သည့်အတွက် ပထမဆုံး အမျိုးသမီးယာဉ်နောက်လိုက်ဟုပင် ဆိုရမည်။

ခရီးသည်ယောက်ျားလေးအများစုကလည်း မနီနီစိုးတို့ကို ညီအစ်ကိုမောင်နှမသဖွယ် ပျော်စေပြက်စေ စနောက်မှုသာရှိပြီး ကာယိနြေ္ဒပျက်ယွင်းလောက်အောင် နှောင့်ယှက်မှုများ မပြုကြပေ။

‘‘ယောက်ျားလေး အုပ်စုလိုက်တက်လာရင် ကျွန်မတို့ကို ကြည့်ပြီးစကြတယ်။ အစ်မရေ ကျွန်တော့်အစ်မတွေလည်း စပယ်ယာလုပ်ချင်တယ် ပြောပေးပါတို့။ အစ်မတို့ကို လေးစားတယ်တို့။ ငါတို့နိုင်ငံလည်း နိုင်ငံတကာအဆင့်မီဖြစ်သွားပြီတို့ အဲဒီလို မကြားတကြားရော သိသိသာသာရော စကြတယ်။ အရမ်းဆိုးဆိုးဝါးဝါးတော့ မရှိကြဘူး’’

ဘယ်သူမှားမှား ကိုယ့်အမှား။ ခရီးသည်နှင့် အဆင်ပြေအောင် သည်းခံရမည်ဟု သူဌေးမှာကြားချက်အတိုင်း လိုက်နာသည်။ ကားဆွဲကောင်းရင် ကောင်းသလို ကျပ်ငါးထောင်မှ ရှစ်ထောင်၊ ကိုးထောင်အထိရသော အလုပ်ကို သူမစွန့်လွှတ်နိုင်။ သို့သော် နံနက် ၄ နာရီကနေ ည ၁၀ နာရီအထိ နေ့စဉ်လှုပ်ရှားရသော ဒီအလုပ်ကို ဘယ်အထိ ဆက်လုပ်နိုင်မလဲဆိုတာတော့ သူသေချာမပြောနိုင်သေး။

‘‘အိမ်ကလည်း ဘယ်လောက်ထိ လုပ်နိုင်မလဲကြည့်မယ်တဲ့။ ကျွန်မကတော့ ပညာယူချင်သေးတယ်။ ကားလည်း ကိုယ်တိုင်မောင်းချင်တယ်။ အမျိုးသမီးမော်တော်ပီကယ်တွေ၊ ရဲမေတွေဆို အားကျတယ်။ အခုကားလိုက်တော့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့တယ်။ သူတို့က ကျွန်မကိုလေးစားတယ်။ ဂုဏ်ယူတယ်။ လုပ်ရဲတယ်နော်’’တဲ့။

ယာဉ်နောက်လိုက်အလုပ်ကြောင့် မနီနီစိုးတွင် အလုပ်အကိုင်အဆက်အသွယ်များ ပိုမိုရရှိလာသည်။ ဘုရားဖူးယာဉ်လိုင်းများ၊ အဝေးပြေးယာဉ်လိုင်းများက ၎င်းတို့ထံတွင် ယာဉ်အကူမယ်လာလုပ်ဖို့ ကမ်းလှမ်းကြသည်။ မနီနီစိုးကတော့ ယာဉ်နောက်လိုက်ဘ၀တွင် အတွေ့အကြုံများစွာ ယူလိုသေးသည်။

အနာဂတ်အတွက် သူ့မျှော်မှန်းချက်ကလည်း သိပ်များများစားစားတော့ မဟုတ်ပါ။ ကားလုပ်ငန်းနှင့် နီးစပ်သည့် ဘ၀တိုးတက်ရေးကို သူကရှာဖွေပြီးသားဖြစ်သည်။

‘‘လမ်းကြောင်းတွေကို ကျွမ်းကျင်တဲ့ အမျိုးသမီးတက္ကစီယာဉ်မောင်း လုပ်ချင်တယ်။ ယာဉ်ပိုင်ရှင်ကလည်း ကားမောင်းသင်ပေးမယ် ပြောတယ်။ အခုလည်း ကားကြီးကို စက်တွေနှိုးတတ်ပြီ။ ကားအကြောင်းလည်း နည်းနည်းပါးပါးသိနေပြီ’’

7Day Daily

0 comments:

Post a Comment