ရန်ကုန်လေဆိပ်မှ ထွက်ခွာလာသော မြန်မာဘောလုံးအသင်းကို ဆုဖလားနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲ (PFF Peace Cup 2014)တွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့ လက်ရွေးစင်အသင်းအား အလှူ ရှင်များက ချီးမြှင့်ငွေကျပ် သိန်း တစ်ထောင်ကျော် ရှိကြောင်း သတင်းရရှိသည်။
ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိကာ ဖိလစ်ပိုင်ငြိမ်းချမ်း ရေးဖလားပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၈ ရက်နံနက် ၉ နာရီခွဲဝန်းကျင်က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူများက ကြိုဆိုခဲ့ကြသည်။
မြန်မာ့လက်ရွေးစင်အသင်းအား ဂုဏ်ပြုကြိုဆိုပွဲနှင့် ဖလား အပ်နှံပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် နေ့လယ်တွင် သုဝဏ္ဏအားကစားကွင်းအတွင်း ဆက်လက်ကျင်းပခဲ့သည်။ အောင်ပွဲရ မြန်မာ့လက်ရွေးစင်အသင်းသည် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းနှင့် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် လုပ်ငန်းရှင်များမှ ချီးမြှင့်ငွေကျပ်သိန်း ၁,၂၄၀ ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ၂၀၀၆ မာဒေးကားဖလားပြိုင်ပွဲ၌ ဗိုလ်စွဲပြီး နောက် ရှစ်နှစ်အကြာတွင် နိုင်ငံတကာပြိုင်ပွဲ ဆုဖလားတစ်ခု ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖိလစ်ပိုင်ငြိမ်းချမ်းရေး ဖလားသည် မြန်မာ့ဘောလုံးလောကကို အပျော်တမ်းစနစ်မှ ပရော်ဖက်ရှင်နယ်စနစ်သို့ ပြောင်းလဲခဲ့သည့် ၂၀၀၉ ခုနှစ်နောက်ပိုင်း ၌ လက်ရွေးစင်အဆင့်တွင် ပထမဆုံးရရှိသည့် ဆုဖလားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၉ အသင်းအား အလှူရှင်များက ငွေကျပ်သိန်း၂,၆၀၀ ကျော်နှင့် ကန်ဒေါ်လာ ၄,၃၀၀ ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် ဖိတ်ခေါ်နိုင်ငံတကာပြိုင်ပွဲများတွင် ချန်ပီယံဖြစ်ထားသည့် လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၁၉ အသင်းတို့အား ချီးမြှင့်ငွေစုစုပေါင်းမှာ ကျပ်သိန်းလေးထောင်ဝန်းကျင် ရှိသွားပြီဖြစ်သည်။

7Day Daily
0 comments:
Post a Comment