Tuesday, September 30, 2014

ရွေးကောက်ပွဲစနစ် ခုနစ်မျိုး အနည်းဆုံးတင်ရန် သူရဦးရွှေမန်းညွှန်ကြား

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် လေ့လာသုံး သပ်ရေး ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ် ခုနစ်မျိုးကို အောက်တိုဘာလ ၂၁ ရက် နောက် ဆုံးထား တင်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားလိုက်သည်။



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို လွှတ်တော်အစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ကော်မရှင်သည်ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲစနစ် လေ့လာရေး အစီရင်ခံစာကို လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းရမည်ဖြစ်ရာ စက်တင်ဘာ ၂၄ ရက်က တင်သွင်းပြီးခဲ့သော်လည်း FPTP (နိုင်သူအကုန် ယူ)၊ PR (အချိုးကျကိုယ်စားပြုစနစ်)နှင့် နှစ်မျိုးပေါင်းစပ်ထားသည့် စနစ်သုံးမျိုးကိုသာ ထည့်သွင်းဖော်ပြ ထား၍ အနည်းဆုံးစနစ် ခုနစ်မျိုးဖြင့် ပြန်လည်တင်ပြပေးရန် သူရဦးရွှေမန်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။အာဏာရပြည်ခိုင်ဖြိုး၊ အတိုက်အခံ အင်န်အယ်ဒီနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ် ၂၄ ဦး ပါဝင် သည့် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေးကော် မရှင်ကိုပြီးခဲ့ သည့် ဇူလိုင် ၃၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

၎င်းက “ကိုယ်စားလှယ်များက ပြည်သူ့ကိုယ်စား ရွေးချယ်ဖို့အတွက် စနစ်သုံးမျိုးသာ တင်ပြထားသည်ကို တွေ့ရှိရပါ တယ်။ ပြည်သူ့ကိုယ်စားလှယ်များရွေးချယ်ဖို့ ယခုထက် ပိုအခွင့်အရေးပေးသင့်ပါတယ်”ဟု ပြော ကြားခဲ့သည်။

အဆိုပါကော်မရှင် အတွင်းရေးမှူး၊ အမရပူရမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ကော်မရှင်သည် အဓိကကျသည့် စနစ်သုံးမျိုးကို တင်ပြခဲ့သော်လည်း ယင်းစနစ်များထဲမှ နိုင်ငံသားများ ကောင်းကျိုးဖြစ်မည့် မျိုးကွဲများရှိပါက တင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းက “ဥက္ကဋ္ဌကြီးရဲ့ ဆောင်ရွက်ချက်အပေါ်မှာ ကော်မရှင်အနေနဲ့လည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိ ပါတယ်။ လုပ်ရမယ့် အခက်အခဲက အချိန်မီပေးရတဲ့ကိစ္စပဲ” ဟု ဖြည့်စွက်ပြောသည်။

ကော်မရှင်အဖွဲ့ဝင် အင်န်အယ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပီအာရ်စနစ် ကျင့်သုံးရေးသည် ပြည်သူက တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်ကြောင်း ဝေဖန် ထားပြီး ၎င်း၏ပါတီက လက်ရှိကျင့်သုံးသည့် နိုင်သူအကုန်ယူစနစ်(FTPT) မူ ပေါ်တွင်သာ ရပ်တည်မည်ဟု ဆိုသည်။

၎င်းက “ပီအာရ်က အခြေခံဥပဒေရဲ့ ပြင်ပရောက်နေတယ်။ ပီအာရ်ကို လုပ်ဖို့တော်တော်ခက်ပါတယ်။ အမှန်ပြောရင် ဖွဲ့စည်းပုံပြင်မှ ပီအာရ်လုပ်လို့ရတယ်”ဟု ပြောသည်။

ဒသမအကြိမ် ပြည်သူ့လွှတ်တော်၌ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင် က အဆိုတင်သွင်းခဲ့ပြီးနောက် အဆိုပါကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပုဇွန်တောင် မဲဆန္ဒရှင်များက ဦးအောင်ဇင်ကို ပီအာရ်စနစ် တင်သွင်း၍ဟုဆိုကာ အမည်တပ် ကန့်ကွက် ဆန္ဒပြခြင်းများကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးကမူ ၎င်းတို့သည် ဆန္ဒပြကန့်ကွက်မှုများကိုထည့် သွင်းစဉ်းစားခြင်းမရှိဘဲ အမှန်တကယ် အကျိုးရှိစေမည့် ရွေးကောက်ပွဲစနစ်ကိုသာ လေ့လာတင်ပြပေးနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ် ကြောင်း ပြောကြားထားသည်။


မဇ္ဈိမ

1 comments:

  1. Unelected Thura Shwe Mann > I am sick of this attempt. Which one is important? Amend Constitution or Select type of election?

    ReplyDelete