Thursday, September 18, 2014

ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်ဝါဒကို စစ်ပွဲဆင်နွဲခြင်း



နောက်ထပ် စစ်ပွဲတစ်ခု ဆင်နွဲရန်များစွာ စိတ်ဝင်မစားတော့သည့် အမေရိကန်သည် အရှေ့ အလယ်ပိုင်းတွင် နောက်ထပ် စစ်ပွဲတစ်ခုကို ဦးဆောင် ဆင်နွှဲရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် စီနီယာဘုရှ်သည် အီရတ် ခေါင်းဆောင် ဆက်ဒမ် ဟူစိန်၏ ကူဝိတ်ကို ကျူးကျော်သော တပ်များကို မောင်းထုတ်နိုင်ရန် ညွန့်ပေါင်း အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၃ ခုနှစ် တွင်လည်း ဂျူနီယာဘုရှ်သည် ဆက်ဒမ် ဟူစိန်အား အီရတ်ခေါင်းဆောင် အဖြစ်မှ ဖြုတ်ချပြီး အီရတ်တွင် ဒီမိုကရေစီစနစ် ပေါ်ထွန်လာရေး ကြိုးပမ်းခဲ့သည်။ ဂျူနီယာဘုရှ်၏ စွမ်းဆောင်မှု များ အောင်မြင်သည် မမြင်သည်ကို ယနေ့ အီရတ်နိုင်ငံ အနေအထားကို ကြည့်လျင် သိနိုင်ပါသည်။ ယခုအချိန် တွင်လည်း ၂၀၁၁ ခုနှစ်တွင် အီရတ်မှ အမေရိကန် တပ်သားအားလုံးကို ပြန်လည် ခေါ်ယူခဲ့သည့် ဘားရက် အိုဘားမားသည် ဆီးရီးယား ပြည်တွင်းစစ်မှ မွေးဖွားလာပြီး ဘဂ္ဂဒတ်မြို့ တံခါးကို ခေါက်နေပြီ ဖြစ်သည့် ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများကို အမြစ်ပြတ် နှိမ်နင်းမည် ဖြစ်ကြောင်း ကြွေးကြော်နေပြီ ဖြစ်သည်။ဆီးရီးယားနှင့် အီရတ်တို့တွင် ကြီးစိုးနေသည့် အစ္စလာမ် နိုင်ငံတော် (IS) အဖွဲ့မှာ အယ်လ်ခိုင်ဒါ ၏ အဖွဲ့ခွဲတစ်ခု ဖြစ်ခဲ့သည်။ သို့သော် IS မှာ အယ်လ်ခိုင်ဒါထက် အကြမ်းဖက်မှုတွင် သာမက နိုင်ငံရေး ရည်ရွယ်ချက်ပါ သာလွန်သော အဖွဲ့တစ်ခု ဖြစ်သည်။ ဆီးရီးယားနှင့် အီရတ်တို့ရှိ ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေတစ်နံ တစ်လျားတွင် IS အဖွဲ့သည် အစ္စလာမ်နိုင်ငံတော် တည်ထောင်ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ ကွယ်လွန်သူ အိုစမာ ဘင်လာဒင် အိပ်မက်ပင် ရဲရဲမမက်ခဲ့ ရသော ရည်မှန်းချက် တစ်ခုသာ ဖြစ်သည်။

ရက်စက် ကြမ်းကြုတ်ရာတွင် ပြိုင်ဘက် ကင်းခြင်းနှင့် မွတ်ဆလင်များ ကိုပင် ချမ်းသာမပေးခြင်း အစရှိသည့် လုပ်ဆောင်မှုများကြောင့် IS အား အယ်လ်ခိုင်ဒါ ပင်လျင် စက်ဆုတ် ရွှံရှာခဲ့သည်။ အမေရိကန် ဂျာနယ်လစ် နှစ်ဦးနှင့် ဗြိတိန် နိုင်ငံသား ပရဟိတ ၀န်ထမ်းတစ်ဦး တို့ကို ခေါင်းဖြတ် သတ်ခဲ့ ခြင်းကြောင့် IS အဖွဲ့ မည်မျှ ရက်စက်သည်ကို အနောက်နိုင်ငံများ တစ်စွန်းတစ်စ သိရှိခွင့် ရရှိခဲ့သည်။

အရှေ့ အလယ်ပိုင်းတွင် IS အဖွဲ့၏ ရက်စက် ကြမ်းကြုတ်မှု များကြောင့် မတည့်သော ရန်သူများ ကိုပင် ပေါင်းစည်းသွား စေခဲ့သည်။ ဥရောပသား များ၊ ကာ့ဒ် မျိုးနွယ်စုများ၊ ဆီးရီးယား အစိုးရနှင့် သူပုန်များ၊ တူရကီ၊ အာရပ် နိုင်ငံများ၊ အစ္စရေးနှင့် အီရတ် အစိုးရ တို့ပင် အမေရိကန်၏ စစ်ရေးအရ ၀င်ရောက် စွက်ဖက်မှုကို ထောက်ခံခဲ့ ကြသည်။အမေရိကန်၏ ရန်သူတော်ကြီး အီရန်ပင်လျင် IS အဖွဲ့ကို တိုက်ခိုက်ရာတွင် အမေရိကန်နှင့် မဟာဗျူဟာ အားဖြင့် ပူးပေါင်းမည်ဟု ထုတ်ဖော်ခဲ့သည်။

အီရတ်ရှိ IS အဖွဲ့အား နောက်ထပ် တိုးမြှင့် တိုက်ခိုက်မည် ဖြစ်ပြီး ဆီးရီးယားရှိ IS အဖွဲ့အား လေကြောင်းမှ စနစ်တကျ ထိုးစစ်ဆင်မည် ဖြစ်ကြောင်း အိုဘားမားက စက်တင်ဘာလ (၁၀) ရက်နေ့တွင် အမေရိကန် ပြည်သူများကို ရုပ်သံမှ တစ်ဆင့် ထုတ်ဖော် ပြောဆိုခဲ့သည်။ နိုင်ငံရေး အရ ယာယီ ပူးပေါင်း ဆောင်ရွက်မှုကို ရေရှည် တည်မြဲသော လှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲရန်မှာ အတော်ပင် ခက်ခဲသော ကိစ္စ တစ်ရပ် ဖြစ်သည်။ အာဖဂန် နစ္စတန် နှင့် အီရတ်တို့ကို ကျူးကျော်မှု များက အနောက်နိုင်ငံ တပ်ဖွဲ့များသည် စစ်ရေး အောင်မြင်မှုကို မြန်မြန် ရရှိအောင် လုပ်ဆောင်နိုင်စွမ်းရှိ သော်လည်း ရေရှည် တည်မြဲသော တည်ငြိမ်မှုရှိအောင် ကိုတော့ လုပ်ဆောင်နိုင်စွမ်း မရှိကြောင်း ပြသနေခဲ့သည်။ အမေရိကန်သည် ယခု စစ်ပွဲတွင် ကြည်းတပ်များကို အသုံးပြုမည် မဟုတ်ကြောင်း အိုဘားမား၏ ပြောဆိုချက်ကြောင့် စစ်ဆင်ရေး ပြုလုပ်မည့် နယ်မြေများတွင် တည်ငြိမ်မှု ရရှိရေး အခက်အခဲရှိ နေဦးမည် ဖြစ်သည်။

ဆက်ဒမ်ဟူစိန်၏ ဘာ့သ်ပါတီ အာဏာရှင် စနစ် ပြုတ်ကျ သွားခြင်းနှင့် ဆီးရီးယားရှိ ဘာရှား အယ်လ်-အာဆတ် အစိုးရ အဖွဲ့ တိုက်ခိုက်ခံရခြင်း တို့ကြောင့် IS အဖွဲ့ အင်အားကြီးမားလာခဲ့ ရခြင်း ဖြစ်သည်။ ထို့ပြင် IS သည် ဘာရိန်းမှ လက်ဘနွန် အထိ ကြီးစိုးနေသည့် ဆွန်္နီနှင့် ရှီယိုက် မုန်းတီးမှုများ ၏ ရလဒ်တစ်ခုလည်း ဖြစ်သည်။

အုပ်ချုပ်ပုံ မှားယွင်းခြင်းနှင့် အဆိုးမြင်မှုများက ၎င်းအဖွဲ့ အင်အားကြီး လာအောင် အားပေးအားမြှောက်ပြု ခဲ့သည်။ အာဆတ် သာ ဗုံးကြဲ တိုက်ခိုက်ခဲ့ ပါက IS အဖွဲ့သည် ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ရက်ကာမြို့ကို သိမ်းပိုက်နိုင်ခဲ့မည် မဟုတ်ပေ။ အီရတ်ရှိ ရှီယိုက်များ ကြီးစိုးသော အစိုးရ အဖွဲ့သည် ဆွန်္နီများအား ဖယ်ထုတ်ခြင်း မပြုခဲ့ပါက IS အဖွဲ့သည် အီရတ်ရှိ ဒုတိယ အကြီးဆုံးမြို့ မိုဆူလ် အပါအ၀င် နေရာ အတော်များများကို သိမ်းပိုက်ခွင့်ရရှိ မည်မဟုတ်ချေ။

IS အဖွဲ့သည် အခြား အကြမ်းဖက် အဖွဲ့များထက် အင်အားကြီးသည်။ လက်နက် အင်အား ပိုကောင်းသည်။ ငွေကြေးအင်အားပို တောင့်တင်းသည်။ ၎င်းအဖွဲ့သည် ရေနံ ရောင်းချရငွေ နှင့် ပြန်ပေးငွေ တစ်ရက်လျင် ဒေါ်လာ (၁) သန်းခန့်ရရှိ နေကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ IS အဖွဲ့တွင် တပ်သား (၃၀၀၀၀) မှ (၄၅၀၀၀) အထိရှိ နေကြောင်း အနောက်နိုင်ငံ ထောက်လှမ်းရေးများက ခန့်မှန်းထားသည်။ ၎င်းတို့ထဲမှ သုံးပုံ တစ်ပုံမှာ စွမ်းရည် ရှိသော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ တူရကီမှ တစ်ဆင့် ဆီးရီးယားနိုင်ငံတွင်းသို့ လွယ်လင့်တကူ ၀င်ရောက်ခွင့်ရရှိနေ သောကြောင့် ၎င်းအဖွဲ့သည် အခြား အကြမ်းဖက် အဖွဲ့များထက် နိုင်ငံခြားသား တပ်ဖွဲ့ဝင် အင်အားကို ပိုမို စုဆောင်းနိုင် ခဲ့သည်။ ဆီးရီးယားတွင် နိုင်ငံခြား ပတ်စပို့စ် ကိုင်ဆောင် ထားသော IS အဖွဲ့ဝင် (၁၂၀၀၀) ခန့်ရှိ နေကြောင်း ခန့်မှန်းမှုများရှိ နေသည်။ အများစုမှာ ဂုဏ်ရှိခြင်း နှင့် ငွေကြေး မြောက်မြောက် များများ ရရှိခြင်း တို့ကြောင့် ဂျီဟတ် အဖွဲ့နှင့် ပူးပေါင်းလာခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် အဘူဘေကာ အယ်လ်-ဘာဂါဒါဒီ ၏ စွမ်းဆောင်ရည် ပြည့်ဝခြင်းကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဆက်ဒမ်၏ စစ်တပ်မှ အဆင့်မြင့် အရာရှိများ ပါဝင်လာခြင်းကြောင့်လည်း အဖွဲ့၏ စစ်ရေး မဟာဗျူဟာ အဆင့်မြင့်ခဲ့ခြင်း ဖြစ်သည်။ အယူအဆရေးရာ အရ အစွန်းရောက်ခြင်း၊ ဖွဲ့စည်းပုံစနစ် ကျခြင်း၊ အနောက်နိုင်ငံ ပတ်စ်ပို့ ကိုင်ဆောင်ထား သူများ ရှိနေခြင်း၊ အမေရိကန်ကို မုန်းတီးခြင်းနှင့် ကမ္ဘာလုံး ဆိုင်ရာ ဂျီဟတ် စစ်ပွဲ၏ ခေါင်းဆောင် ဖြစ်လာရန် ဆန္ဒပြင်းပြခြင်း တို့ကြောင့် IS သည် အနှေးနှင့် အမြန်ဆို သလိုပင် အဝေးက ရန်သူကို ပစ်မှတ်ထား တိုက်ခိုက်လာ နိုင်ပါသည်။ IS သည် ဥရောပ တစ်ဝန်းရှိ မွတ်ဆလင် လူငယ်များစွာကို စည်းရုံး နိုင်စွမ်းရှိနေ သောကြောင့် ၎င်းအဖွဲ့ရှိ တိုက်ခိုက်ရေး သမားများ ပြည်တော် ပြန်လာပါက မိခင်နိုင်ငံ များတွင် အကြမ်းဖက်မှုများ လုပ်ဆောင် နိုင်ကြောင်း စိုးရိမ်မှုများလည်း ရှိနေပြီဖြစ်သည်။

လူမှု မီဒီယာ အသုံးပြုသော IS အဖွဲ့ဝင် တချို့ တွင် အမေရိကန် ဦးဆောင်သော စစ်ဆင်ရေး ပြုလုပ်မည့် ကိစ္စကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို နေသူများရှိ နေသလို စိုးရိမ်နေ သူများလည်းရှိနေ ပါသည်။ အောင်မြင်မှု များကို ခဏ ဖယ်ထားလျင် IS အဖွဲ့တွင် အားနည်းချက်ကြီးရှိ နေပါသည်။ ယင်း မှာ အယူအစွဲ ပြင်းထန်သော ဂျီဟတ်ဝါဒီ များနှင့် ဆက်ဒမ်၏ ဘာ့သ် ပါတီဝင်ဟောင်းများ ဖြင့် ဖွဲ့စည်းထားသော အဖွဲ့မှာ ဖိအားနှင့် ရင်ဆိုင်ရပါက ပြိုကွဲ သွားနိုင်ခြင်း ဖြစ်သည်။ ထို့ပြင် IS အဖွဲ့သည် ၎င်းတို့ကို မလိုလားသော ဒေသခံများနှင့်ပတ်သက်၍လည်း အစိုးရိမ်ကြီး နေခဲ့သည်။ ယင်းကြောင့်သာ ၎င်းတို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ လူနည်းစုဝင်များနှင့် အယူအစွဲ သင့်တင့်မျှတသော ဆွန်္နီများကို နှင်ထုတ်နေခြင်း ဖြစ်သည်။ နိုင်ငံတစ်ခု တည်ထောင်လိုက်ပြီ ဖြစ်သောကြောင့် IS အဖွဲ့သည် ဘဂ္ဂဒတ်မှ အလက်ပို အထိ မိုင် (၄၆၀) အရှည်ရှိသော နယ်မြေတစ်ခုကို ကာကွယ်နိုင်ရေး ကြိုးပမ်း ရတော့မည် ဖြစ်သည်။ ထိုးစစ်ဆင်မှု ပြုလုပ်လာသည်နှင့် အမျှ လမ်းမကြီး ထက်တွင် ကားများနှင့် မောင်းနှင် သွားရောက်ရမည်ဖြစ် သောကြောင့် လေကြောင်းမှ တိုက်စစ်ကို ရှောင်ရှားရန် ခက်ခဲလာပြီ ဖြစ်သည်။

အာရပ်နိုင်ငံများနှင့် ဆွန်္နီများ၏ အားပေးမှုကို ရရှိခဲ့ပါက အမေရိကန်က IS အဖွဲ့အား ဆင်နွှဲသည့် စစ်ပွဲကို တရားသော စစ်ပွဲ အဖြစ် ထင်မြင် လာကြမည် ဖြစ်သည်။ စစ်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ အရှုပ်အထွေးများရှိနေ သောကြောင့် အိုဘားမားသည် ယခု စစ်ဆင်ရေးနှင့်ပတ်သက်ပြီး အချိန် ကာလ မသတ်မှတ်ထားခြင်း ဖြစ်သည်။ အီရတ်တွင် IS အဖွဲ့၏ စွမ်းရည်နှင့် အင်အား ကျဆင်းနေပြီ ဖြစ်သည်။နောက်ထပ် ထိုးစစ်များကိုသာ အမေရိကန် နှင့် မဟာမိတ်များက အရှိန်အဟုန်မြှင့် ပြုလုပ်နိုင်ခဲ့ပါက IS သည် ခပ်မြန်မြန်အင်အား ကြီးမားခဲ့ သလို ခပ်မြန်မြန် အင်အားကျဆင်း သွားမည် ဖြစ်သည်။

သို့သော် ဂျီဟတ်ဝါဒီများမှာ အိုဘားမား ဖြေရှင်းပေးရန် လက်တွန့်နေခဲ့သည့် ပြဿနာကြီး တစ်ခု၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။ ယင်း မှာ ဆီးရီးယားနှင့် အီရတ်ရှိ ဆွန်္နီ၊ ရှီယိုက်၊ ကာ့ဒ်နှင့် လူတိုင်း လက်ခံနိုင်သော အနာဂတ် တစ်ခုကို မည်ကဲ့သို့ ဖော်ဆောင်ပေးမည် ဆိုသည့် ပြဿနာသာ ဖြစ်သည်။

Ref: Confronting Islamic State:The Economist

ရဲလွင်အောင်
messengernewsjournal

0 comments:

Post a Comment