Tuesday, September 23, 2014

အီးယူသံအမတ်နှင့်အင်တာဗျူး

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပိုက်ဆံဘယ်လောက်ပဲသုံးသုံး ပြဿနာမရှိပါဘူး။ ရလာမယ့်ရလဒ်က ကုန်သွားတဲ့ ပိုက်ဆံတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်’’

အီးယူသံအမတ် မစ္စတာရိုလန်ကိုဘီးယား (ဓာတ်ပုံ − ကျော်ဇင်သန်း)

မေး- မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စကတည်းက အီးယူက ကူညီမှုတွေပေးခဲ့တယ်။ အဲဒါဟာ နိုင်ငံရေးအပြောင်းအလဲအပေါ် အမှန်တကယ်ယုံကြည်လို့လား။ ဒါမှမဟုတ်၊ ပြောင်းလဲမှုလမ်းကြောင်း အရှိန်အဟုန်ပိုမြင့်စေချင်လို့ ပေးခဲ့တာလား။

ဖြေ- အီးယူအနေနဲ့ မြန်မာနိုင်ငံကို အကူအညီတွေ စပေးခဲ့တာ မှန်ပါတယ်။ ဒါကလည်း အီးယူအနေနဲ့ ပြုပြင်ပြောင်းလဲရေးကို အစစ်အမှန်ဆိုတာ ယုံကြည်ခဲ့လို့ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးက အတွင်းကလာတာ။ ဒီအာဏာပိုင်တွေကိုယ်တိုင်က ပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီပြုပြင်ပြောင်းလဲရေးက တကယ်ကို ပြုပြင်ပြောင်းလဲချင်လို့ ဖြစ်ပေါ်လာတယ်လို့ ယူဆရတယ်။ အခုအချိန်မှာဆိုရင် မြန်မာနိုင်ငံမှာ တကယ့်ကို ခိုင်ခိုင်မာမာ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာခဲ့တယ် ။၂၀၁၂ က စပြီးတော့ပေါ့။ အဲဒါကြောင့်လည်း ဥရောပသမဂ္ဂအနေနဲ့ ဒီအပေါ်မှာ ယုံကြည်မှုလည်းရှိတယ်။ ၂၀၁၀ မတိုင်ခင်က အခြေအနေမျိုးနဲ့ အခုအခြေအနေက အများကြီးကွာခြားနေတာကို တွေ့ရမယ်။ အီးယူအနေနဲ့ မြန်မာကို ကူညီပံ့ပိုးတာက တကယ်တော့ မြန်မာနိုင်ငံက လုပ်ခဲ့ပြီးတာတွေလည်း အများကြီးရှိတယ်။ လုပ်စရာတွေလည်း အများကြီးရှိသေးတယ်။ တကယ်ကို ရင့်ကျက်ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုတာ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ဥရောပသမဂ္ဂအနေနဲ့ ဒီလိုကိစ္စမျိုးတွေမှာ လမ်းမှန်ပေါ်ကို ရောက်သွားအောင်လို့ လျှောက်လှမ်းနေတဲ့နေရာမှာ ပိုမိုချောမွေ့အဆင်ပြေအောင်လို့ အခုလို အကူအညီတွေပေးနေတာဖြစ်ပါတယ်။မေး- မြန်မာ့အပြောင်းအလဲက အတွင်းကလာတဲ့ အပြောင်းအလဲလို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။ မြန်မာ့အပြောင်းအလဲမစခင်မှာဘဲ ကမ္ဘာပေါ်မှာရှိနေတဲ့ အာဏာရှင်တွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားတာကို တွေ့ရတယ်ဆိုတော့ အဲဒါတွေကိုကြောက်လို့ အတွင်းထဲက စပြောင်းလဲလာတယ်လို့ ပြောနိုင်မလား။

ဖြေ- နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူနိုင်ဘူး။ ဒီဟာတွေကိုကြည့်ရင် ကွဲပြားမှုတွေရှိတယ်။ လစ်ဗျားတို့၊ အီရတ်တို့မှာဆိုရင်တော့ အပြောင်းအလဲတွေ ဖြစ်သွားတယ်။ မြန်မာမှာလည်း အပြောင်းအလဲတွေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ပြောင်းလဲပုံပြောင်းလဲမှုခြင်းက မတူဘူး။ မြန်မာမှာ အပြောင်းအလဲမဖြစ်ခင် တခြားနိုင်ငံတွေ ပြောင်းလဲခဲ့တယ်ဆိုပေမယ့် ဆူဆူညံညံတွေဖြစ်ပြီးမှ ပြောင်းလဲသွားကြတာ။ သွေးထွက်သံယိုဖြစ်ပြီးမှ ပြောင်းလဲသွားတာ။ မြန်မာ့အပြောင်းအလဲက ညင်သာချောမွေ့တယ်။ ဒီခြားနားမှုကို တွေ့ရတယ်။ မြန်မာ့အပြောင်းအလဲတွေက ဘယ်လိုပဲဖြစ်လာခဲ့၊ ဖြစ်လာခဲ့ ပြည်သူလူထုရဲ့ အားထုတ်ကြိုးပမ်းမှုတွေရဲ့ သက်ရောက်မှုတွေဆိုတာလည်း ရှိတာပေါ့။ ဒီအပြောင်းအလဲကိုလည်း ပြည်သူလူထုက လိုက်ပါပြီးတော့ အေးအေးချမ်းချမ်းဖြစ်သွားတာကိုက ဘယ်လိုပဲပြောပြော ဒါကိုအသိအမှတ်ပြုရမယ်။

မေး- လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့အပြောင်းအလဲက နည်းနည်းယိမ်းယိုင်လာတယ်လို့ ဝေဖန်မှုတွေလည်း ရှိလာပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာတုန်းကတောင် သူ့နိုင်ငံရဲ့ အထက်လွှတ်တော်အမတ်တွေက မြန်မာကိုဖိအားပေးဖို့အချက်တွေကို စာနဲ့ပေးလိုက်တာတွေ ရှိပါတယ်။ အီးယူအနေနဲ့ကော မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု လက်ရှိအခြေအနေကို ဘယ်လိုမြင်ပါလဲ။

ဖြေ- အီးယူသံအမတ်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် လုပ်တာတော့လုပ်နေတယ်။ ဖြစ်နေတာတွေလည်း ဖြစ်နေတယ်။ ဒါပေမဲ့ လုပ်စရာတွေ၊ ဖြစ်စရာတွေ အများကြီးရှိသေးတယ်။ ခင်ဗျားပြောသလို ပြဿနာလေးတွေရှိနေတယ်။ နောက်ပြန်လှည့်ချင်သလို ဖြစ်နေတယ်ဆိုတာ ဟုတ်တယ်။ ကျွန်တော်လက်ခံတယ်။ ပြဿနာတချို့ဖြစ်နေတယ်။ လူတချို့ထောင်ထဲအပို့ခံရတယ်။ မီဒီယာတွေနဲ့ ပြဿနာတက်နေတယ်။ ဒါတွေက ကျွန်တော်တို့မမြင်ချင်တဲ့အရာတွေပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ အမြဲတမ်းခလုတ်တံသင်းလေးတွေ ရှိနေတတ်ပါတယ်။ အမြဲတမ်းချောမွေ့နေတယ်တော့ မရှိဘူး။ အဲဒါကြောင့် ဒီအပေါ်မှာ နားလည်လို့တော့ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေက ဘယ်တော့မှ တစ်ဖြောင့်တည်းမသွားပါဘူး။ အမြဲတမ်းပဲ ကွေ့ကောက်ပြီး သွားနေတာပါ။ အပြောင်းအလဲတစ်ခုဖြစ်လာပြီဆိုရင် ပြောင်းချင်တဲ့သူလည်းရှိသလို မပြောင်းချင်တဲ့သူတွေလည်း ရှိနိုင်တယ်။ သူတို့ကြားထဲမှာ ပဋိပက္ခလေးတွေ ရှိနိုင်ပါတယ်။ လူအများပြောနေတဲ့ နောက်ပြန်လှည့်တာ ဘာညာဆိုတာထက် ကျွန်တော့်အနေနဲ့ အားလုံးသွားနေတဲ့ လမ်းကြောင်းပေါ်မှာပဲ ကြည့်ပါတယ်။ ပြဿနာလေးတွေ နောက်ပြန်လှည့်သလို ဖြစ်နေတာလေး ရှိချင်ရှိမယ်။ ဒါပေမဲ့ တကယ်ကို နောက်တည့်တည့်ကြီး ပြန်လှည့်သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုလို သွားနေသရွေ့တော့ ကျွန်တော့်အနေနဲ့ ယုံကြည်မှုရှိပါတယ်။

မေး- မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အီးယူက အကူအညီတွေ အများကြီးပေးထားတယ်။ မြန်မာ့ငြိမ်းချမ်းရေးကကော အခုသုံးနှစ်ကျော်အချိန်အတွင်းမှာ ရောက်သင့်တဲ့အခြေအနေကို ရောက်ရဲ့လား။ လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သုံးသပ်ပေးပါဦး။

ဖြေ- နိုင်ငံရေးအပြောင်းအလဲကို ဖြေတုန်းကလိုပဲဖြေရမှာပဲ။ ကျွန်တော်တို့က နိုင်ငံရေးအပြောင်းအလဲတစ်ခုကို အနီးကပ်(အသေးစိတ်)ကြည့်ပြီး သုံးသပ်လို့မရဘူး။ ကျွန်တော်တို့က ခပ်လှမ်းလှမ်းကနေ အားလုံးကိုခြုံကြည့်ပြီး သုံးသပ်ရမှာပါ။ အနီးကပ်(အသေးစိတ်) ကြည့်နေရင် ပြဿနာတွေကတော့ရှိနေမှာပဲ။ ဒါပေမဲ့ တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးခရီးစဉ်က ကောင်းကောင်း အလုပ်ဖြစ်နေတယ်လို့ ယုံကြည်ပါတယ်။ ငြိမ်ျးမ်းရေးမရရင် တိုးတက်မှုမရှိနိုင်ဘူး။ ခင်ဗျားတို့တိုးတက်ချင်ရင် ငြိမ်းချမ်းရေးရအောင်လုပ်ရမယ်။ အဲဒါကြောင့် အီးယူက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထောက်ပံ့နေတာပါ။ ပဋိပက္ခတွေက ဆင်းရဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

မေး- ဥရောပနိုင်ငံက ပြည်သူတွေရဲ့ အခွန်နဲ့ မြန်မာ့ငြိမ်းချမ်းရေးကို ထောက်ပံ့နေတာပါ။ ဒါပေမဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးသုံးစွဲမှုတွေ၊ MPC ရဲ့ အသုံးစရိတ်တွေက ဝေဖန်စရာတွေဖြစ်လာတယ်။ နောက်ဆုံး သူတို့ရဲ့လစာခံစားခွင့်တွေက အစပေါ့။ တကယ်လို့သာ ဥရောပပြည်သူတွေက ရလဒ်ကိုသုံးနေတဲ့ ငွေကြေးနဲ့ချိန်ကြည့်မယ်ဆိုရင် ကျေနပ်နိုင်မယ်လို့ထင်လား။

ဖြေ- ဒီလိုအများကြီးသုံးစွဲနေတာတွေထက် ပြဿနာတွေလျော့ပါးသွားမယ်၊ စစ်ပွဲတွေရပ်တန့်သွားမယ်ဆိုရင် သုံးခဲ့တဲ့ငွေကြေးတွေထက် အဲဒါက ပိုပြီးတန်ဖိုးရှိပါတယ်။ ဝေဖန်မှုတွေကိုသိပါတယ်။ လူတွေရဲ့သဘောကလည်း ဝေဖန်ရတာကို သဘောကျကြတာကိုး။ MPC က ခက်ခဲတဲ့အလုပ်တွေ၊ ရှုပ်ထွေးတဲ့အလုပ်တွေကို ကောင်းမွန်စွာလုပ်နေနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့လစာတွေ၊ ခံစားခွင့်တွေ များကောင်းများနေနိုင်ပါတယ်။ သူတို့ အလုပ်တွေအများကြီးလုပ်နေရတာကိုး။ အီးယူအနေနဲ့ ပေးလိုက်တဲ့ငွေကို ဘယ်လိုတွေသုံးစွဲတယ်၊ ဘယ်လိုနေရာတွေမှာ သုံးစွဲတယ်ဆိုတာကို သေသေချာချာ စိစစ်ပါတယ်။ ဘက်စုံ၊ ထောင့်စုံကနေ စိစစ်တဲ့စနစ်ရှိတယ်ဆိုတာကိုတော့ အသိပေးလိုပါတယ်။ တချို့အဖွဲ့အစည်းတွေဆို အီးယူက ပိုက်ဆံပေးလိုတာတောင်မှ အီးယူရဲ့ပိုက်ဆံကို လက်မခံလိုကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အီးယူရဲ့ပိုက်ဆံကို ယူလိုက်ပြီးရင် ပြန်ရှင်းရတဲ့ကိစ္စတွေက ရှုပ်ထွေးတယ်။ ထိန်းချုပ်မှုတွေများတယ်။ ဒါကြောင့် အီးယူရဲ့ပိုက်ဆံ မလိုချင်ဘူးဆိုပြီး ပြောကြတာတောင်ရှိပါတယ်။ MPC ကို ပေးထားတဲ့ပိုက်ဆံတွေကို အီးယူအနေနဲ့ စိစစ်မှုတွေလုပ်နေသလို အီးယူကတာဝန်ပေးထားတဲ့ IMG ဆိုတဲ့အဖွဲ့ကလည်း စိစစ်မှုတွေလုပ်ပါတယ်။ ဒါကြောင့် MPC က နှစ်ထပ်စိစစ်ခံရပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပိုက်ဆံဘယ်လောက်ပဲသုံးသုံး ပြဿနာမရှိပါဘူး။ ရလာမယ့်ရလဒ်က ကုန်သွားတဲ့ပိုက်ဆံတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုက်ဆံတွေ ဒီထက်ပိုပေးရဦးမှာပါ။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးမရှိရင် ဘာမှမဖြစ်လာနိုင်လို့ပါပဲ။ နောက်ဆုံးအနေနဲ့ အီးယူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ တာဝန်ပိုရှိလာရတဲ့အကြောင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၂ က အီးယူက နိုဗယ်ငြိမ်းချမ်းရေးဆုကို ရခဲ့လို့ပါပဲ။ ကမ္ဘာကြီးငြိမ်းချမ်းဖို့ အီးယူမှာ တာဝန်ပိုရှိလာပါတယ်။ ဒါကြောင့်လည်း မြန်မာကို အီးယူက ကူညီနေတာပါ။

မေး- မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အသုံးစရိတ်တွေကို အထပ်ထပ်စိစစ်တယ်ဆိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ လစဉ်အသုံးစရိတ်က ဘယ်လောက်များများရှိနေပါလဲ။

ဖြေ- အီးယူက မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် အဓိကငွေကြေးထောက်ပံ့နေတဲ့အဖွဲ့တစ်ခု ဖြစ်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် အီးယူက ယူရိုဆယ်သန်းကူညီဖို့ ကတိပြုထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ International Management Group (IMG)က ယူရို ၆ ဒသမ ၆ သန်းကို စီမံခန့်ခွဲပါတယ်။ အီးယူက ထောက်ပံ့တဲ့ပိုက်ဆံတွေကိုလည်း အရစ်ကျစနစ်နဲ့ ပေးနေတာပါ။ ပေးတဲ့အရစ်တိုင်းမှာလည်း IMG နဲ့ ပြင်ပစာရင်းစစ်တွေက အထပ်ထပ်စိစစ်ပြီးမှပေးတာ ဖြစ်ပါတယ်။ အခု မကြာခင်မှာပဲ နောက်အသုတ်ပိုက်ဆံကို ပေးတော့မှာဖြစ်ပါတယ်။

၂၀၁၂ ကစပြီး MPC က အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံကြားမှာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပြီး နောက်ထပ်ပေါ်ပေါက်လာတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီစင်တာက အရေးကြီးတဲ့ ခက်ခဲတဲ့အလုပ်တွေကို လုပ်နေတာလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကူညီထောက်ပံ့မှုတွေကို ထပ်ပေးသွားမှာဖြစ်ပါတယ်။ အီးယူဟာ သူပေးလိုက်တဲ့ပိုက်ဆံကို သေသေချာချာစိစစ်ပြီးမှပေးတဲ့အဖွဲ့တစ်ခုဆိုတာတော့ ကျွန်တော် အာမခံနိုင်ပါတယ်။ တချို့သော မိတ်ဖက်အဖွဲ့အစည်းတွေဆိုရင် ကျွန်တော်တို့အဖွဲ့ကို အရမ်းတိကျပြီး တောင်းဆိုမှုတွေအရမ်းများတဲ့အဖွဲ့လို့ ထင်ကြတာပါ။ ကျွန်တော်တို့ပေးလိုက်တဲ့ အကူအညီတွေအတွက် ကျွန်တော်တို့ ကိုယ်တိုင်ထိန်းချုပ်တဲ့အပြင် ဒုတိယအဆင့်အနေနဲ့လည်း ကျွန်တော်တို့ရဲ့မိတ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်စိစစ်ပေးပါသေးတယ်။

မေး- မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပေးနေတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ နောက်တစ်ခုမေးချင်တာကတော့ သင်တန်းအမျိုးအစား ဘယ်နှမျိုးလောက် ပေးနေပါသလဲ။

ဖြေ- အီးယူက မြန်မာရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲကူညီဖို့ ဆုံးဖြတ်လိုက်ရတာက သမ္မတဦးသိန်းစိန်ကရော ဒေါ်အောင်ဆန်းစုကြည်ကရော ကျွန်တော်တို့ကို တောင်းဆိုပါတယ်။ အစိုးရကရော အတိုက်အခံကရော တောင်းဆိုတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရာမှာ ကူညီဖို့ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်မှာ ကူညီနေတာကို အသိအမှတ်ပြုကြောင်း ပြောပါတယ်။ ထပ်ပြီးတော့ အကူအညီပေးစေချင်ကြောင်း ပြောပါတယ်။ ပထမဆုံးအနေနဲ့ ရပ်ရွာနဲ့ပတ်သက်တဲ့ ရဲလုပ်ငန်းတွေပေါ့။ အောက်ခြေအဆင့်မှာ တကယ့် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့ ရဲတပ်ဖွဲ့ရဲ့အရည်အသွေးကိုမြှင့်တင်ဖို့ ကူညီပါတယ်။ ဒုတိယကတော့ လူစုလူဝေးထိန်းသိမ်းနည်းပါ။ ရဲတပ်ဖွဲ့အနေနဲ့ လူစုလူဝေးနဲ့ ဆက်ဆံရတဲ့အခါမှာ ဘယ်လိုသင့်တော်အောင် ထိန်းသိမ်းမလဲဆိုတာပေါ့။ ဘယ်လိုအကောင်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတာပေါ့။ အဲဒါကိုကူညီပေးပါတယ်။ တတိယအနေနဲ့ကတော့ ရဲတပ်ဖွဲ့အနေနဲ့ ယုံကြည်စိတ်ချရတဲ့ ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုရင် လွှတ်တော်မှာလည်း တာဝန်ရှိတယ်လေ။ လွှတ်တော်အပိုင်းကလည်း ရဲတပ်ဖွဲ့ရဲ့ဥပဒေတွေ ပြုစုတဲ့အခါ၊ ပြဋ္ဌာန်းတဲ့အခါ ကူညီပေးပါတယ်။ ဒါမှ ရဲတပ်ဖွဲ့နဲ့ လွှတ်တော်ကြားမှာလည်း အချင်းချင်းနားလည်မှုရှိလာမှာပါ။ စတုတ္ထမြောက်အနေနဲ့ ရဲတပ်ဖွဲ့အနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ ချောမွေ့အောင် အကူအညီတွေပေးပါတယ်။ ဒီအကူအညီလေးခုစလုံးရဲ့ ဘုံတူညီတဲ့အချက်ကတော့ ရဲတပ်ဖွဲ့ကို စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဖြစ်စေချင်တာပါပဲ။ ရဲတပ်ဖွဲ့ကို အရင်တုန်းကလို ပြည်သူနဲ့ကင်းကွာတဲ့အဖွဲ့ မဖြစ်စေချင်ပါဘူး။ ပြည်သူတွေကို ကူညီတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်စေချင်ပါတယ်။ လူထုကို ကာကွယ်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရဲတပ်ဖွဲ့ဝင်တွေ အများကြီးရှိပါတယ်။ အားလုံးကိုမလုပ်ပေးနိုင်တောင်မှ လုပ်နိုင်တဲ့ပမာဏကို လုပ်ပေးနေပါတယ်။ အားလုံးမပြောင်းလဲတောင်မှ ဒီကနေတစ်ဆင့် ဆင့်ပွားပြောင်းလဲသွားအောင် လုပ်ပေးနေပါတယ်။ လူထုကို ရဲတပ်ဖွဲ့က လေးစားအောင်၊ လူထုကလည်း ရဲတပ်ဖွဲ့ကို ယုံကြည်အောင်၊ စိတ်ပိုင်းဆိုင်ရာတွေကို တဖြည်းဖြည်းပြောင်းလဲသွားမှာပါ။

မေး- မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ခေတ်အဆက်ဆက်မှာ သမိုင်းကြောင်းအရ လူထုအမြင်မကြည်လင်ခဲ့ဘူး။ အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တယ်။ နာမည်ကောင်းမရခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့တယ်။ အတွေးအခေါ်တွေကလည်း ခေါက်ရိုးကျိုးနေတဲ့ အခြေအနေမှာရှိနေတယ်။ ဒီလိုအခြေအနေမှာ အီးယူရဲ့အကူအညီတွေကြောင့် ဘယ်လောက်ကြာကြာမှာ ပြောင်းလဲသွားမယ်လို့ မျှော်လင့်လဲ။

ဖြေ- အရင်တုန်းက လူတွေက ရဲတပ်ဖွဲ့အပေါ် အကောင်းမမြင်ခဲ့တာတွေရှိခဲ့လို့ အီးယူက အကောင်းမြင်အောင် လုပ်ဆောင်နေတာပါ။ အကူအညီပေးနေတာပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်။ အခုအင်အားခုနစ်သောင်းကျော်ရှိတယ်လို့ပြောတယ်။ နောက်ပိုင်းလည်း တစ်သိန်းကျော်အောင်ချဲ့မယ်လို့ ကြားပါတယ်။ အခုအီးယူအနေနဲ့ ကူညီပေးနိုင်တာ ငါးထောင်လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် အချိန်တော့ယူရမှာပေါ့။ နှစ်ချီကြာနိုင်ပါတယ်။

မေး- ရဲတပ်ဖွဲ့နဲ့ အလုပ်တွေတွဲလုပ်နေတဲ့အခြေအနေမှာ ရဲတပ်ဖွဲ့ရဲ့စွမ်းရည်ကို သိသင့်သလောက်တော့ သိထားပြီးဖြစ်မှာပါ။ အခုအကြမ်းဖက်အဖွဲ့တွေကလည်း မြန်မာနိုင်ငံကိုခြိမ်းခြောက်ထားတော့ ရဲတပ်ဖွဲ့က အဲဒါတွေကို ကာကွယ်နိုင်မယ်လို့ထင်လား။

ဖြေ- အကြမ်းဖက်ဝါဒကို ကာကွယ်ဖို့ဆိုတာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းကို ကျော်လွန်နေပါတယ်။ ဒါက လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့က ရဲတပ်ဖွဲ့ကို ပြည်သူနဲ့ပိုပြီးနီးစပ်အောင်၊ ပြည်သူကို အကာအကွယ်ပေးတဲ့အဖွဲ့ဖြစ်အောင်၊ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလောက်အောင် ကူညီပေးနေတာပါ။ ကျွန်တော်တို့ရဲ့အကူအညီတွေက အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ဖို့အတွက် အဓိကထားပေးနေတာ မဟုတ်ပေမယ့် ရဲတပ်ဖွဲ့ရဲ့ စွမ်းရည်တွေမြင့်တက်လာအောင်နဲ့ စွမ်းရည်ပြည့်ဝပြီး ငြိမ်းချမ်းတဲ့အသိုင်းအဝိုင်းကို ဖန်တီးနိုင်အောင်ဖြစ်ပါတယ်။

မေး- မြန်မာ့အပြောင်းအလဲ စလိုက်တဲ့အချိန်ကစပြီး အီးယူက စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ဖွင့်လိုက်တယ်။ ဒါပေမဲ့ လက်နက်ရောင်းဝယ်မှုကိုတော့ ပိတ်ထားဆဲဖြစ်နေပါတယ်။ ဘယ်အချိန်လောက် လက်နက်ရောင်းဝယ်မှုကို ဖွင့်ပေးဖို့ဖြစ်နိုင်ပါသလဲ။

ဖြေ- စီးပွားရေးပိတ်ဆို့မှုကို ၂၀၁၃ မှာ လုံးဝရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမဲ့ စစ်ဖြစ်နေဆဲ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်နေဆဲ တိုင်းပြည်ကိုတော့ အီးယူအနေနဲ့ လက်နက်ရောင်းဖို့မဖြစ်နိုင်ပါဘူး။ နှစ်စဉ်နှစ်တိုင်း အီးယူက မြန်မာနိုင်ငံအပေါ်မှာ လက်နက်ပိတ်ဆို့ထားမှုနဲ့ပတ်သက်ပြီး သုံးသပ်ပါတယ်။ ဒီလို ပဋိပက္ခတွေရှိနေသရွေ့ လက်နက်ပိတ်ဆို့မှုကတော့ ဆက်ရှိနေနိုင်ပါသေးတယ်။ လက်နက်ပိတ်ဆို့မှုကလွဲလို့ တခြားကုန်သွယ်မှုတွေတော့ မြန်မာက ဥရောပနဲ့ လွတ်လပ်စွာ ကုန်သွယ်နိုင်ပါတယ်။ အီးယူက မြန်မာကို အကောင်းဆုံးလုပ်ပေးထားပါတယ်။

မေး- မြန်မာနဲ့ပတ်သက်ပြီး အီးယူရဲ့ အစိုးရိမ်ရဆုံးကိစ္စ ဒါမှမဟုတ် ပြဿနာရှိပါသလား။

ဖြေ- ပြောရမယ်ဆိုရင် အချင်းချင်းကြားထဲမှာ ပဋိပက္ခဖြစ်နေတာကတော့ မကောင်းဘူးလို့ ထင်ပါတယ်။ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပူပန်မှုရှိပါတယ်။ အဲဒါတော့ စိုးရိမ်ပါတယ်။ ပဋိပက္ခတွေက ဘယ်လောက်ရှုပ်ထွေးနက်ရှိုင်းတယ်ဆိုတာ နားလည်ပါတယ်။ ပဋိပက္ခတွေကို အပြန်အလှန်စကားပြောပြီး နားလည်မှုရှိရှိနဲ့သာ ဖြေရှင်းမှရမှာပါ။ မဟုတ်ရင်တော့ အပြင်က အစွန်းရောက်ဝါဒတွေ ဝင်လာနိုင်ပါတယ်။

မေး- မြန်မာနိုင်ငံမှာ အီးယူရုံးစဖွင့်တဲ့အချိန်ကစပြီး မြန်မာနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အရာတွေထဲမှာ အောင်မြင်မှုအရှိဆုံးကိစ္စကိုမေးရင် ဘာလို့ပြောချင်ပါသလဲ။

ဖြေ- ပထမဆုံးအောင်မြင်မှုက မြန်မာနိုင်ငံမှာ ၂၀၁၃ မှာ အီးယူသံရုံးအနေနဲ့ အပြည့်အဝလာဖွင့်နိုင်တာပါ။ ဒီလိုလာဖွင့်နိုင်တယ်ဆိုတဲ့သဘောက ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို တကယ့်လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ယောက်အနေနဲ့ ဆက်ဆံသွားမယ်ဆိုတဲ့ နိုင်ငံရေးအချက်ပြမှုပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံရေးအရ စကားပြောတာကို အစိုးရရော၊ အတိုက်အခံရော၊ လက်နက်ကိုင်တွေရောကို ဘက်ပေါင်းစုံက မျှမျှတတပြောနိုင်တာကိုလည်း အီးယူအနေနဲ့ ဂုဏ်ယူပါတယ်။ အီးယူက ပထမဆုံး ဖွံ့ဖြိုးမှုအကူအညီတွေပေးနိုင်တာကိုလည်း ဂုဏ်ယူပါတယ်။ အီးယူက မြန်မာကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အကူအညီပေးဖို့ ရှိပါတယ်။ အဲဒီငွေတွေက အစိုးရကိုပဲ မဟုတ်ပါဘူး။ ဖွံ့ဖြိုးရေးလုပ်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်း ပေးနေပါတယ်။

မေး- မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။

ဖြေ- ဥရောပသမဂ္ဂအနေနဲ့ အောင်မြင်ဖို့အတွက် လာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အီးယူအနေနဲ့ ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ။

ကျေးဇူးတင်ပါတယ်။


7Day Daily

0 comments:

Post a Comment