Tuesday, September 23, 2014

မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့လက်ရာတွေနဲ့ ဖက်ရှင်ပြပွဲ



(ဓာတ်ပုံများ - သော်ဟိန်းထက် / ဧရာဝတီ)


မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့ ဖက်ရှင်ပြပွဲကို
စက်တင်ဘာလ ၁၉ ရက်နေ့က ပွဲရဲ့ ပထမနေ့အဖြစ် ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park မှာ ပြုလုပ်ခဲ့ပါတယ်။

Myanmar Fashion Designer Group (MFDG) နဲ့ Forever Group တို့ ပူးပေါင်းကျင်းပတာပါ။ ပြပွဲလေ့လာဖို့ MEP အဆောက်အဦထဲသို့ ၀င်လိုက်ပြီဆိုရင် ပထမဆုံး မြင်တွေ့ခဲ့ရတာကတော့ ဒီဇိုင်နာ ပေါင်းစုံရဲ့ ဖက်ရှင်လက်ရာများပဲ ဖြစ်ပါတယ်။

အရောင်အသွေး ပေါင်းစုံနဲ့ ဖန်တီးထားတဲ့ ဆန်းသစ်ထူးခြား ဖက်ရှင်လက်ရာတွေဟာ ဂရုတစိုက်နဲ့ ကြည့်ရှုနေတာကိုမြင်တွေ့ခဲ့ရပါတယ်။


ပြပွဲလုပ်မယ့်နေရာကို ခန်းမ တခုလို ဖွဲ့စည်းကာရံထားပြီး အပြင်ဘက်မှာတော့ စပွန်ဆာ ကုမ္ပဏီများရဲ့ အရောင်းပြခန်းများ၊ ဒီဇိုင်နာ များရဲ့ ၀တ်စုံပြခန်းများ၊ ဓာတ်ပုံစတူဒီိယို ပြခန်းများ၊ အလှကုန်၊ ဖိနပ်၊ ဖန်စီ ပြခန်းစတဲ့ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကိုလည်း ဖွင့်လှစ်ရောင်းချပေးခဲ့ပါတယ်။
ဖက်ရှင်ပြပွဲကို ညနေ ၆ နာရီခွဲမှ စတင်ကာ အပိုင်းနှစ်ပိုင်းခွဲပြီး ပြသပေးခဲ့ပါတယ်။

ပထမပိုင်းအနေနဲ့ ဒီဇိုင်နာ မပုံ့၊ ယုံးယုံး၊ စုစုဝေ၊ သက်နှင်းအေး၊ ဒေါ်သီတာဝင်း၊ သွင်စုထွေး၊ ဆန်းဘောက်ရာတို့ရဲ့ လက်ရာများကို ပြသပေးခဲ့ပါတယ်။

ဒီဇိုင်နာတွေရဲ့ လက်ရာတွေက ထူးခြားသလို စပွန်ဆာပေးတဲ့ Lily ဖိနပ်ကုမ္ပဏီက မြင့်မားတဲ့ ဒေါက်ဖိနပ်တွေကလည်း ဆန်းသစ်တာမို့ ၀တ်ဆင်ပြသရတဲ့ တချို့မော်ဒယ်လ်လေးတွေတောင် ချော်လဲမလိုဖြစ်ပြီး ဟန်ချက်ပျက်ရုံသာမက မော်ဒယ်လ် အကယ်ဒမီ အစီအစဉ်ရဲ့ ဒိုင်လည်းဖြစ်၊ ဆရာမ အဖြစ်လည်း တာဝန်ယူထားတဲ့ မော်ဒယ်လ် သန္တာလှိုင်တောင် ခြေခေါက်လဲမလိုဖြစ်ခဲ့ရပါတယ်။
ပြပွဲ ပထမပိုင်း အပြီး ဒုတိယပိုင်း မစတင်မီမှာအနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖက်ရှင်အမြင်တွေကိုပြောပြခဲ့ပါတယ်။

“ဒီဖက်ရှင်ပြပွဲက အရမ်းလှပတဲ့ ပွဲတခုပါ။ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ ခိုင်သင်းကြည်က ပြောခဲ့ပါတယ်။


“ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
အချိန်ကြာကြာ ထိုင်ကြည့်ရလို့ ဗိုက်ခေါက်ပြီး နာတောင် နာတယ်၊ ဒုတိယပိုင်းကိုလည်း ဆက်ကြည့်ဦးမှာပါ” လို့ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ ရတနာခင်ကလည်း ပြောခဲ့ပါတယ်။

“အနုပညာရှင်တယောက်အတွက် ဖက်ရှင်ဆိုတာ အရေးလည်းကြီးတယ်။
လိုအပ်တဲ့ အခန်းကဏ္ဍတခု အနေနဲ့ ပါဝင်တယ်။
မမို့က ဖက်ရှင်ကို စိတ်ဝင်စားတယ်။ဒီလို ပွဲမျိုးမှာ လက်ရာပေါင်းစုံရဲ့ လက်ရာမျိုးစုံကို မြင်ခွင့်ရလို့ ပျော်ရွှင်ကြည်နူးမိပါတယ်”လို့ မို့မို့မြင့်အောင်ကလည်းပြောခဲ့ပါတယ်။

အဲဒီပြပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည် တွေအပြင် အနုပညာလောကမှလည်း သက်မွန်မြင့်၊ မယ်လိုဒီ၊ ရေဗက္ကာဝင်း၊ ခိုင်သင်းကြည်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ ခိုင်နှင်းဝေ၊
ချစ်သုဝေ၊ ရတနာခင် စတဲ့သူတွေကလည်း စိတ်ဝင်တစား ကြည့်ရှုအားပေးခဲ့ပါတယ်။



ပြပွဲရဲ့ ဒုတိယပိုင်းကိုတော့ ဒီဇိုင်နာ မေမြတ်ဝါဆို၊ Iris, ဇော်စိုင်း၊ လတ်လတ်၊ မိုးကုတ်ပေါက်ပေါက်၊ မမဉ္ဇူ၊ မေသက်လွင်တို့ရဲ့ လက်ရာများကို ပြသခဲ့ပါတယ်။

ဒါ့အပြင် စပွန်ဆာပေးထားတဲ့ အပါချီ ဘိလပ်မြေအိတ်ခွံတွေ ကို မိုးကုတ်ပေါက်ပေါက်က ဒီဇိုင်းထွင် ချုပ်လုပ်ကာပြသပေးခဲ့ပါတယ်။

“ဒီပွဲနဲ့ ပတ်သက်ပြီး ကူညီခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။
သူများ တိုင်းပြည်တွေမှာ ပြသတဲ့ ဖက်ရှင်ရှိုးတွေက ရက်သတ္တပတ်ကြာ အောင် ပြသလေ့ရှိတယ်။
ဒီမှာကတော့ နှစ်ရက်လောက်နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပြီးကျင်းပခဲ့ပါတယ်။ နောက်အခွင့်အရေးရခဲ့ရင်လည်း fashion Week လိုပွဲမျိုးတွေ ကျင်းပနိုင်အောင် ကြိုးစားသွားမှာပါ”လို့ MFDG ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒီဇိုင်နာ မမဉ္ဇူက ပြောခဲ့ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကျန်ရှိနေတဲ့ ဒီဇိုင်နာများရဲ့ လက်ရာများကို ပြသခဲ့ပါတယ်။

အဲဒီပြပွဲမှာ ဖက်ရှင်ဒီဇိုင်နာ ၂၈ ဦး ပါဝင်ပြသခဲ့ပြီး မိတ်ကပ်နဲ့ ဆံပင်ဖန်တီးမှု အပိုင်းကို လင်းလင်း (Make Up-Arist) နဲ့ မေးဦးတို့က လိမ်းခြယ်ပေးခဲ့ပါတယ်။
ဖက်ရှင်ဒီဇိုင်းများကို ၀တ်ဆင်ပြသပေးခဲ့တဲ့ မော်ဒယ်လ်များကတော့ မြန်မာနိုင်ငံ မော်ဒယ်လ်အေဂျင်စီ တော်တော်များများကဖြစ်ပြီး Channel-7 က လွှင့်တဲ့ မော်ဒယ်လ်အကယ်ဒမီမှ ပြိုင်ပွဲဝင်မော်ဒယ်လ်များလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ထူးခြားသစ်

စက်တင်ဘာ ၂၂ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်ရဲ့
မြန်မာဒီဇိုင်နာ ၂၈ ဦးရဲ့ ဖက်ရှင်ပြပွဲ Foerver Group နဲ့ ပူးပေါင်းပြီး Myanmar Event Park မှာ ပြသ ဆိုတဲ့ သတင်းကို ကူးယူ ဖော်ပြပါတယ်။



















ဧရာဝတီ

0 comments:

Post a Comment