Monday, September 29, 2014

NCCT ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးကို ကိုယ်စားမပြုပါ


NCCT ဆိုတာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့လို့ နာမည်ပေးထားပေမယ့် တကယ်ရော လက်နက်ကိုင်တွေ အားလုံးကို ကိုယ်စားပြုရဲ့လား မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အဲဒီ NCCT အဖွဲ့မှာ ဦးစီး ဦးဆောင်လုပ်နေတဲ့ နိုင်ဟံသာ၊ ဆလိုင်းလျှံမှုန်း ဆာခေါင်နဲ့ ခွန်ဥက္ကာတို့ကိုရော ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တင်မြှောက်လိုက်လို့ ခေါင်းဆောင်နေရာယူထားရတာလဲဆိုတာ ပိုပြီး အံ့အားသင့်စရာ ဖြစ်နေပါတယ်။ NCCT ရဲ့ ဥက္ကဋ္ဌ ရာထူးယူထားတဲ့ နိုင်ငံသာကိုပဲကြည့်။ မွန်ပြည်သစ်ပါတီကနေ လူသိမခံဝံ့တဲ့ အာဏာ အလွှဲသုံးစားလုပ်မှု၊ ပါတီအပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အထုတ်ခံလိုက်ရတယ်လို့ သတင်းထွက်ပေါ်နေပြီး အခု မွန်ပြည်သစ်ပါတီရဲ့ ဥက္ကဋ္ဌ ဟာ နိုင်ထောမွန် ပါ။ သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး ပြည်ဝင်ခွင့်ပေးခဲ့လို့ မြန်မာပြည်ကို ပြန်ရောက် လာတာ ၂ ရက် တစ်ပိုင်းပဲ ရှိပါသေးတဲ့ ဆလိုင်းလျှံမှုန်းဆာခေါင်က NCCT မှာ သူ့ကိုယ်သူ CNA (ချင်းအမျိုးသားတပ်မတော်) က အဓိပတိဂုရုလို့ ပြောနေပေမယ့် အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ခေါင်းဆောင်က စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဆော်လမွန်ဖြစ်ပါတယ်။ နိုင်ဟံသာနဲ့ ဆလိုင်းလျှံမှုန်းဆာခေါင်တို့လိုပဲ ဘယ်သူက ရာထူးပေးလိုက်လို့ ဖြစ်လာမှန်းမသိတဲ့ ခွန်ဥက္ကာ ကိုလည်း မေးစရာရှိပါတယ်။ သူက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ PNLO အဖွဲ့က ပြောခွင့်ရ ပုဂ္ဂိုလ်ပုံစံမျိုးနဲ့ အင်တာဗျူးတွေ ဖြေနေတာ တွေ့ရတယ်။ ခွန်ဥက္ကာဟာ ၁၉၉၁ ခုနှစ်ကတည်းက ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNO)က အစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားတာကို မကျေနပ်တဲ့အတွက် အင်အား(၂၀) လောက်နဲ့ ခွဲထွက်သွားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် အခုလက်ရှိ ခွန်ဥက္ကာ ခေါင်းဆောင် နေတဲ့ လက်နက်ကိုင်တပ် မြေပြင်မှာ လုံးဝမရှိဘူးဆိုတာပါပဲ။

ဒီတော့ သူတို့တွေကို ဘယ်သူက နေရာပေးလိုက်လို့ NCCT မှာ လူတွင်ကျယ် လုပ်နေတာလဲဆိုတာ အဖြစ်မှန်သိလိုက်ရချိန်မှာ အတော်လေးအံ့အားသင့်ရပါတယ်။ KIA က လိုင်ဇာမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ပထမ ပတ်ထဲမှာ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ဖို့ ဖိတ်ခေါ်တယ်။ အဲဒီ လိုင်ဇာဆွေးနွေးပွဲမှာ သူတို့ကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင် စတဲ့ ရာထူးတွေ ပေးပြီး ခန့်လိုက်တယ် ဆိုတာပါပဲ။ ဒါဆိုရင် NCCT ဆိုတာ လိုင်ဇာညီလာခံမှာ ပေါ်လာတာဖြစ်ပြီး သူတို့ကိုပေးတဲ့ ရာထူးတွေဟာလည်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအားလုံးရဲ့ ထောက်ခံချက် မရဘဲနဲ့ ပေးခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လိုင်ဇာဆွေးနွေးပွဲကို UWSA`၀´နဲ့ မိုင်းလားအဖွဲ့တို့ မတက်ရောက်ခဲ့သလို SSA(ရွက်ဆစ်)အဖွဲ့ကလည်း လက်မှတ်မထိုးခဲ့သလို အဲဒီ NCCT အဖွဲ့ကိုလည်း လက်ခံပါတယ်လို့ မပြောခဲ့ပါဘူး။

NCCT ရဲ့ ထုတ်ပြန်ပြောဆိုမှုတွေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၆)ဖွဲ့ရှိပြီး အစိုးရနဲ့ လက်မှတ် မထိုးနိုင်တာ ၂ ဖွဲ့ပဲရှိတယ်လို့ ပြောတယ်။ အဲဒီ ၂ ဖွဲ့ကတော့ KIA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ပဲ ဖြစ်ပါတယ်။ PSLF/TNLA ဆိုတာ ယခင်အစိုးရလက်ထက်တုန်းက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိပြီးသား အဖွဲ့ဖြစ်ပါတယ်။ အဲဒီ ၂ ဖွဲ့ပဲ လက်မှတ်ထိုးဖို့ ကျန်တယ်ဆိုရင် (၁၄)ဖွဲ့က လက်မှတ်ထိုးပြီးပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီနေရာမှာ မေးစရာ ဖြစ်လာတာက NCCT မှာ လက်မှတ် ထိုးထားတဲ့ အဖွဲ့(၁၄)ဖွဲ့ အားလုံးပါဝင်ရဲ့လားဆိုတာပါပဲ။

ဘာကြောင့် မပါတာလဲ စဉ်းစားစရာပါ။
ရိုးရိုးလေးတွေးယင်ယုံကြည်မှုမရှိလို့ပေါ့၊ အဲဒီလိုအချင်းချင်း အသိအမှတ်ပြုမှုတောင်မခံရတဲ့၊ ငြိမ်းချမ်းရေးအတွက် လက်မှတ်မထိုးချင်လို့ မထိုးတဲ့အဖွဲ့ထဲက KIA က ခေါင်းဆောင်ပြီး ဖွဲ့စည်းပေးခဲ့တဲ့ NCCT သာ ဆက်လုပ်နေမယ်ဆိုရင် ခေါင်းဆောင်ပြီး ဆွေးနွေးမယ်ဆိုရင် လက်မှတ်ထိုးဖို့နဲ့ မထိုးဖို့ ဘယ်ဘက် ကိုဦးတည်မလဲဆိုတာ အဖြေက ရှင်းပါတယ်။ အစိုးရဘက်က ဖိတ်ခေါ်လို့၊ အစိုးရက ရင့်သီးလို့၊ အစိုးရက အပေါ် စီးက ဆက်ဆံလို့ အပစ်အခတ်ရပ်စဲရေးဟာ အဆင်မပြေမှုတွေရှိနေတယ် ဆိုတဲ့ နိုင်ဟံသာပြောနေတဲ့ လက်သုံး စကားတွေဟာ အပြုသဘော မဆောင်တာကြောင့် NCCT မှာ လက်မှတ် မထိုးထားသေးတဲ့ UWSA `၀´၊ မိုင်းလား အဖွဲ့၊ SSA(ရွက်ဆစ်)အဖွဲ့၊ SSA (၀မ်ဟိုင်း)အဖွဲ့တွေဟာ လုံးဝမပါ ၀င်ဘူးဆိုတာ လက်နက်ကိုင်အဖွဲ့တွေအားလုံး သိပြီးသား ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ဆိုတာ ကလည်း မသေချာပါဘူး။ ဒီတော့ အဖြေထွက်လာတာက NCCT ဟာ လက်နက်ကိုင်အားလုံးကို ကိုယ်စား မပြုဘူးဆိုတဲ့ အဖြေပဲ ဖြစ်ပါတယ်။

တကယ်ကမ်းဖြစ်သင့်တာက လက်ရှိ NCCT ခေါင်းဆောင်တွေကို ဖြုတ်၊ လက်နက်ကိုင်အားလုံးကို တကယ်ကိုယ်စားပြုတဲ့၊ အစိုးရနဲ့ အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်ချင်တဲ့ လူတွေကို ခေါင်းဆောင် တင်ရင် အားလုံးမျှော်လင့်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိဖို့ သေချာသလောက် ရှိပါတယ်။` တကယ်ရိုးသားတဲ့သူ၊ အပြုသဘောဆောင်စွာ ငြိမ်းချမ်းရေးကို လိုလားသူ၊ လက်နက်ကိုင် အားလုံးကိုယ်စား ဆောင်ရွက်ဖို့ ဆန္ဒရှိတဲ့သူတွေကိုသာ NCCT မှာ ခေါင်းဆောင်တင်လိုက်ရင် တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ငြိမ်းချမ်းရေးဆိုတာ အမှန်တကယ် ရရှိလာမယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုလုပ်မယ့် လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေရှိရင်လည်း ငြိမ်းချမ်းရေးလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တိုင်းက NCCT ကို အားပေး ထောက်ခံပြီး ပူးပေါင်းပါဝင်လာကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အောင်မြင်ရန်မှာလည်း အပေါင်းလက္ခဏာ ဘက်သို့ ဦးတည်သွားမည်ဖြစ်ပါတယ်။ ။

နေ၀န်းသစ်
နေ့စဉ်သတင်း

0 comments:

Post a Comment