Wednesday, September 17, 2014

ကားဒရိုင်ဘာလေးမောင်တိုက်ဂါးက ဗိုလ်မှူးကြီးတဲ့လား


တစ်လောက ထိုင်းနိုင်ငံနယ်စပ်တွင် ကုန်တင်ကား အစီး( ၃၀ ) အားပိတ်ဆို့ဖမ်းဆီး လိုက်ခြင်းဖြင့် သတင်းစာမျက်နှာ များတွင် လူသိများကျော်ကြားခဲ့သူကတော့ KNU/KNLA –PC တပ်ဖွဲ့မှ ဗိုလ်မှူးကြီး တိုက်ဂါး ဆိုသူပဲဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်ရှိမြန်မာလူမျိုးများအပေါ်တွင် ညှင်းပန်းနှိပ်စက်မှုကြောင့် သူ့အနေဖြင့် မြန်မာပြည်သူ များဘက်မှ မခံမရပ်နိုင်ဖြစ်ကာ ယခုလို ပြန်လည်ကလဲ့စားချေခြင်းဖြစ်ကြောင်း တိုက်ဂါးက ဖြေရှင်းခဲ့ပေသည်။ ထို့ကြောင့် မသိနားမလည်သော မြန်မာပြည်သူအချို့မှာ တိုက်ဂါးကို မျိုးချစ်ပုဂ္ဂိုလ်၊ ပြည်သူ့ဘက်မှ ရပ်တည်သူကြီးဟု ထင်မြင်ခဲ့ ကြခြင်း အပေါ်တွင် တိုက်ဂါးအကြောင်းကောင်း ကောင်းသိသူကျွန်ပ် အနေဖြင့်ကတော့ ဟားတိုက်သာ ရယ်မောမိ ပေတော့သည်။အချို့ကတော့ တိုက်ဂါးသည်အစိုးရအား နှစ်ရှည်လများတော်လှန်တိုက်ပွဲဝင်ခဲ့ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်သို့ တက်ရောက် လာသည့် အလင်းဝင်သောင်းကျန်းသူခေါင်းဆောင်တစ်ယောက်ဟု ထင်ကောင်းထင်နေကြပေလိမ့်မည်။ အမှန်မှာ တိုက်ဂါးသည် ဘာကောင်မှမဟုတ်၊ ကားဒရိုင်ဘာ တစ်ဦးသာ ဖြစ်ပေသည်။ တိတိကျကျ ဆိုရလျှင်မဲဆောက်မြို့နယ်တွင် ဖွင့်လှစ်ထားသော ဒေါက်တာစင်သီယာမောင်ဆေးခန်းမှ ကားဒရိုင်ဘာမောင် တိုက်ဂါးသာဖြစ်ပေသည်။ ထိုအချိန်တုန်းက KNU တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စောတန်င်နင်ဆင် ဆိုသူသည် အလင်းဝင်ရန် လူလိုက်စုနေချိန်ဖြစ်သည်။ ထိုဗိုလ်မှူးကြီး ဆိုသူမှာလည်း တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ဖြစ်ပွားသော တိုက်ပွဲတစ်ပွဲတွင် တစ်ယောက်တည်း အသက်ရှင် ကျန်ရစ်သူဖြစ်ပြီး ဖနောင့်တင်ပါးတစ်သားတည်းကျအောင်ပြေးခဲ့ရသူတစ်ဦးလည်း ဖြစ်ပေသည်။ ငြိမ်းချမ်းရေးယူလိုက် ပါမစ်ရလိုက် တောပြန်ခိုလိုက်ဖြင့် သာယာနေသူလည်းဖြစ်ပေသည်။ ထိုဗိုလ်မှူးကြီးစောတန်င်ဆင်သည် အလင်းဝင် ရောက်ရန်လူလိုက်စုနေချိန် တွင်သူသွားလိုရာသို့ လိုက်လံပို့ဆောင်ပေးရသူကတော့ ကားဒရိုင်ဘာလေး မောင်တိုက်ဂါး သာ ဖြစ်ခဲ့ပေတော့သည်။ ထိုဗိုလ်မှူးကြီးမှာလည်း အလင်းဝင်ဖို့အင်အားနည်းနေသဖြင့် မရှိရှိသည့်လူများ လိုက်လံ စည်းရုံးရာတွင် နောက်ဆုံး မောင်တိုက်ဂါးပါ ပါဝင်ခဲ့ရပေသည်။ ကားဒရိုင်ဘာ မောင်တိုက်ဂါးကို ထိုင်းနိုင်ငံနယ်စပ်မှ လက်နက် နှင့်ယူနီဖောင်းများ ၀ယ်ယူဝတ်ဆင်စေခဲ့ပြီး သူနှင့်အတူလိုက်ရန်စည်းရုံးခဲ့ပေသည်။

သို့သော်တိုက်ဂါးက လည်လည်ဝယ်ဝယ်ရှိသည်။ သူနှင့်လိုက်လျှင် သူ့အုပ်ချုပ်မှုအောက်တွင် တစ်သက်လုံး နေရမည်ကို တိုက်ဂါးသဘောပေါက်ချေသည်။ ဒရိုင်ဘာအလုပ်ဖြင့် တစ်သက်လုံးလဲ မလုပ်ကိုင်လိုပေ။ ထို့ကြောင့် တိုက်ဂါးသည် ဗိုလ်မှူးကြီးစောတန်င်နင်ဆင်နှင့်မလိုက်ပဲ KNLA အဖွဲ့ထဲသို့ဝင်ရောက်ခဲ့ ပေတော့သည်။ တစ်ဖွဲ့လုံးပေါင်း၍ နှစ်ဆယ် မပြည့်သော အဖွဲ့တွင် လူလည်တိုက်ဂါးနေရာရခဲ့လေသည်။ ဘယ်သူမှ မပေးလဲ သူ့ကိုယ်သူ ဗိုလ်မှူးကြီးရာထူးပေး လိုက်ပေသည်။ ၀တ်သည့် ယူနီဖောင်းမှာလည်း ထိုင်းဘုရင့်သားတော် ၀တ်သည့် စစ်ယူနီဖောင်းနှင့်တောင် ဆင်တူနေ သေးသည်။ KNLA ဆိုသည့်အဖွဲ့ကို KNU အဖွဲ့ကလည်း သိပ်ကြည်လှသည်တော့မဟုတ်ချေ။ ကရင်အဖွဲ့စည်း ဆိုသော်ငြား လည်း မောင်ခိုလုပ်စား ဗမာများနှင့်ကုလားများသာ အများစုပါဝင်နေခြင်းကြောင့်သာဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြော ရလျှင် ဓါးပြသာသာအဖွဲ့သာဖြစ်ပေသည်။ ထိုအချိန်မှစပြီး ကားဒရိုင်ဘာတိုက်ဂါးသည် ဗိုလ်မှူးကြီး တိုက်ဂါးဖြစ်လာပေ တော့သည်။

ယခုဖြစ်ပွားသောပြသနာမှာလည်း ရေးကြီးခွင်ကျယ်မဟုတ်ချေ။ တိုက်ဂါးမွှေးသောမီးသာဖြစ်ပေသည်။ တိုက်ဂါး ယောက်ခမကြီး နေမကောင်းသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဒေါက်တာစင်သီယာမောင်ဆေးခန်းသို့ သွားပြခဲ့သော မောင်တိုက်ဂါးသည် ယာဉ်စည်းကမ်းချိုးဖောက်ခဲ့မှုကြောင့် မီးပွိုင့်တွင်ယိုဒယားရဲများ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။ သို့သော် တိုက်ဂါးက ကြေလည်အောင်မဖြေရှင်းချေ။ ငါဗိုလ်မှူးကြီးကွဘာညာပြောပြီး ယိုးဒယားရဲ နှင့်ပြဿနာတက်ခဲ့ရာမှ တိုက်ဂါးက ဒီပြဿနာကို အကြွေးမှတ်ထားခဲ့လေသည်။ မြန်မာပြည်ဘက်ပြန်ရောက် ခဲ့ရာတွင် တိုက်ဂါးပြဿနာစရှာခဲ့ လေသည်။ ယိုးဒယားဘက်မှ ကုန်စည်များတင်ဆောင်လာသော ကုန်တင်ကားအစီး(၃၀)အား တိုက်ဂါးက ခပ်တည်တည် နှင့် ဖမ်းဆီးလိုက်လေတော့သည်။ ထိုအခါ ယိုးဒယားအာဏာပိုင် အဖွဲ့စည်းများက ပြဿနာရှာလေရာ တိုက်ဂါး ဘာလုပ်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ချေတော့သည်။ နောက်ဆုံးတွင် ကြံရာမရသည့်အဆုံး ထိုင်းအစိုးရက မြန်မာနိုင်ငံသားတွေကို အနိုင်ကျင့်သည့် အတွက်ကလဲ့စား ပြန်ချေသည်ဟု ပြောဆိုလိုက်လေတော့သည်။ ထို့ကြောင့် တိုက်ဂါးသည် အပြစ်တင်မခံရသည့်အပြင် ပြည်သူလူထု၏ ပါးစပ်ဖျားတွင် ရေပန်းစားသော သူရဲကောင်းတစ်ဦးပါ ဖြစ်လာလေတော့သည်။ အရင်ကတည်းက တိုက်ဂါးဘာကောင်လဲ ထိုင်းအစိုးရတွေနဲ့ ပေါင်းပြီးနယ်စပ်မှာ ဘယ်လို မှောင်ခိုတွေ လုပ်နေသလဲ ဆိုတာကို နယ်စပ်တစ်လျှောက်လုံးသိကြပေသည်။ ယခုမှအစိုးရက ဘာမှမလုပ်ပေးနိုင်လို့ ကျတော်က၀င် လုပ်ပေးတာပါဟု ပြောဆိုကာ နိုင်ငံရေးအမှတ်ယူလိုက်သည့် တိုက်ဂါးကိုတော့နယ်စပ်မှ အကြောင်းသိသူ အားလုံးက ဟားတိုက်နေပေလိမ့်မည်သာဖြစ်သည်။

ယနေ့ခေတ်ကာလသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အပေါ်တွင် မည်သည့်အကျိုးမျှမှ ဆောင်ရွက်စရာမလို အစိုးရနှင့် အာဏာပိုင် အဖွဲ့စည်းများကိုသာ မကောင်းမြင်တတ်လျှင် သူရဲကောင်းဖြစ်နိုင်သည့် ခေတ်ကာလ ဖြစ်ပေသည်။ ထိုအရာကို ကောင်းကောင်းနားလည်သော ခေတ်နှောင်းကားဒရိုင်ဘာမောင်တိုက်ဂါးအနေဖြင့် မြ၀တီ မဲဆောက်နယ်စပ်ကြီးတစ်ခုကို သူပဲကယ်တင်ခဲ့သယောင်ယောင် ဟိတ်ကြီးဟန်ကြီး လုပ်ကြံပြောဆိုနေသည်ကိုကြည့်ရှုပြီး ကျွန်ပ်တို့အနေဖြင့် လွန်စွာမှ ဟာသဖြစ်မိပါကြောင်း ဖော်ထုတ်ရေးသားလိုက်ရပါသည်။

စောမြင့်ထူး ( မြ၀တီ )
နေ့စဉ်သတင်း

0 comments:

Post a Comment