Wednesday, September 24, 2014

ဦးရွှေမန်းကို သမ္မတအဖြစ် ဒီချုပ် ထောက်ခံမည်ဟု နိုင်ငံခြားသတင်းဌာန ရေးသားချက်ကို ငြင်းဆို

ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက သမ္မတအဖြစ် ထောက်ခံ မည်ဆိုသည့် ရိုက်တာသတင်း ဌာန၏ သတင်းမှာ မဟုတ်မှန် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ငြင်းဆိုလိုက် သည်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ရှေ့နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ သမ္မတရာထူးနေရာ ပါဝင်ယှဉ် ပြိုင်မည် မဟုတ်ဘဲစစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို ထောက်ခံနိုင်ဖွယ်ရှိသည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ‘‘သမ္မတလောင်းသည် NLD ပါတီဝင်ဖြစ်ရန်မလိုဘဲ ကျွန်တော်တို့နှင့် အမြင်ချင်းတူညီရန်သာလိုသည်ဟု ပြောကြားထားပြီး အရေးကြီးသည့်အချက်မှာ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူဖြစ်ရန်နှင့် ကျွန်တော်တို့အတွက် ဒီအချက်သည် လုံလောက်ပါသည်’’ဟု ဖော်ပြထားသည်။

ထို့ပြင် ဦးရွှေမန်းသည် NLD ပါတီ၏ ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်သည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ်

ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရိုက်တာသတင်းဌာနသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းမဟုတ်ဘဲ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ) ကို မပြင်နိုင်ပါက သမ္မတလောင်းသည် လွှတ်တော်တွင်းမှမဟုတ်သူကိုလည်း ထောက်ခံနိုင်ပြီးအမြင်ချင်း၊အတွေးအခေါ်ချင်းတူရန်သာလိုကြောင်း ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဟံသာမြင့်က စက်တင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ရိုက်တာသတင်းဌာနသို့ ကန့်ကွက်ထားသည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုသို့ဖော်ပြထားခြင်းသည် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ‘‘ဒါဟာ CEC ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေးရပ်နားချိန်တွင် ပြောကြားခဲ့သည်။

ရိုက်တာသတင်းဌာနနှင့် ဦးဟံသာမြင့်တို့ အင်တာဗျူးသည် သြဂုတ် ၂၆ ရက်ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပါတီပြန်ကြားရေးဌာနမှ ဒု-ဌာနမှူးဦးကြည်တိုးက ဖြေကြားသည်။

အထက်ပါကိစ္စသည် ပြည်သူများနှင့် နားလည်မှုလွဲနိုင်သော ကြောင့် ဖြေရှင်းခြင်းသာဖြစ်ပြီး နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မီဒီယာကို တရားစွဲဆိုရန်အကြောင်းမရှိပါဟုလည်း ဦးကြည်တိုးက ဆက်လက်ပြောကြားသည်။ ရိုက်တာ သတင်းဌာန၏ မြန်မာနိုင်ငံ သတင်းထောက်တစ်ဦးဖြစ်သည့် ဦးအောင်လှထွန်းကလည်း အဆိုပါအကြောင်းအရာများကို ၎င်းအနေဖြင့် ပြောခွင့်မရှိကြောင်းသာ 7Day Daily ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။


7Day Daily

0 comments:

Post a Comment