Wednesday, September 24, 2014

NLD က သူရဦးရွှေမန်းကို သမ္မတ အမည်စာရင်း တင်သွင်းမည် ဟူသော သတင်းနှင့် ပတ်သက်၍ NLD နှင့် ရိုက်တာ သတင်းဌာနအကြား အငြင်းပွား

NLD ပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲကို သမ္မတလောင်း မရှိဘဲ ယှဉ်ပြိုင် သွားမည် ဖြစ်ပြီး လက်ရှိ အာဏာရ ပါတီမှ ဗိုလ်ချုပ်ဟောင်း တစ်ဦးကို သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်ခြေ ရှိကြောင်း NLD မှ တာဝန်ရှိသူများက ပြောကြား သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ သော သတင်းနှင့် ပတ်သက်၍ NLD ပါတီနှင့် ရိုက်တာ သတင်းဌာန အကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ အဆိုပါ သတင်းတွင် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဟံသာမြင့်နှင့် ဦးဉာဏ်ဝင်း တို့ကို သတင်းရင်းမြစ်အဖြစ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။အဆိုပါ သတင်းတွင် ဦးဉာဏ်ဝင်းက တကယ်လို့ ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့ ရွေးချယ် လိုက်ရင် ပါတီထဲမှာ ပြဿနာတွေ အများကြီး ပေါ်ပေါက်နိုင်တယ်။ ကျွန်တော်တို့ ပါတီဝင် အများစုနဲ့ နိုင်ငံသား အများစုက စစ်တပ်က လူတွေက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အခြေအနေကို မကြိုက် ကြဘူး ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် NLD အတွက် ဦးရွှေမန်း သာလျှင် ထောက်ခံပေးရန် အသင့်လျော်ဆုံး သမ္မတလောင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်ဟု ဖော်ပြထားသည်။ အဲဒီ လူက NLD ပါတီဝင် ဖြစ်စရာ မလိုဘူး။ ဒါပေမဲ့ ကျွန်တော် တို့လို တွေးရမယ်။ အရေးကြီးတဲ့ အရာကတော့ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်တဲ့ လူရှိတယ် ဆိုတာပဲ။ ကျွန်တော်တို့ အတွက် အဲဒါဆို လုံလောက်ပါပြီ ဟု ဦးဟံသာမြင့်က ပြောကြား ကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သတင်းတွင် ဖော်ပြထားချက်များမှာ မှားယွင်းကြောင်း သတင်းရေးသားသူ Mr.Paul Mooney ထံသို့ ဦးဟံသာမြင့် မှ ယမန်နေ့က စာတစ်စောင် ပေးပို့ခဲ့သည်။

အဆိုပါစာတွင် ၎င်းအနေဖြင့် သတင်းရေးသားသူနှင့် တွေ့ဆုံသည့် သြဂုတ်လ (၂၆) ရက်နေ့၊ နေ့လယ်စာ စားပွဲတွင် NLD ပါတီတွင် ဒုတိယ ခေါင်းဆောင် အဖြစ် တရားဝင် ခန့်အပ် ထားသော အမျိုးသား၊ အမျိုးသမီး မရှိကြောင်း၊ အကယ်၍ ပုဒ်မ (၅၉) (စ)ကို ၂၀၁၅ မတိုင်မီ မပြင်ဆင်နိုင်ဘဲ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က အများစု အနိုင်ရရှိခဲ့ပါက NLD အနေဖြင့် ရွေးချယ်စရာ များစွာ ရှိကြောင်း၊ အဆိုပါ ရွေးချယ်စရာ များတွင် လွှတ်တော် အမတ် မဟုတ်သည့် NLD ပါတီဝင် တစ်ဦးဦးကို သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခြင်း၊ ၎င်းတို့နှင့် အတွေးအမြင်၊ ရည်ရွယ်ချက် ချင်းတူသည့် အခြားပါတီမှ တစ်ဦးဦးကို အမည်စာရင်း တင်သွင်းခြင်းတို့ ဖြစ်ကြောင်း ဦးဟံသာမြင့်က ရေးသားထားသည်။

ထို့အပြင် ၎င်းအနေဖြင့် NLD က သူရ ဦးရွှေမန်းကို ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ခြေ ရှိသည် ဟုလည်း မပြောဆို ခဲ့ကြောင်း၊ ထို့အပြင် ဦးအောင်လှထွန်းက ဖုန်းဆက်ကာ အတည် ပြုသည့် အချိန်တွင်လည်း အထက်ပါ အတိုင်း ပြောဆိုခဲ့ကြောင်း ဦးဟံသာမြင့်က ဆက်လက်ရေးသား ထားသည်။

ထိုကဲ့သို့ အငြင်းပွားနေ မှုများနှင့် ပတ်သက်၍ ရိုက်တာ သတင်းဌာန၏ အာရှ ဌာနသို့ The Messenger Media က အီးမေးဖြင့် ဆက်သွယ် မေးမြန်းခဲ့ ရာတွင် ကျွန်ုပ်တို့ အနေနဲ့ ပြောစကား အဖြစ် သုံးထားတဲ့ ဦးဟံသာမြင့်ရဲ့ စကားတွေ မှန်ကန်ပါတယ်။ NLD အနေနဲ့ ဦးရွှေမန်းကို ထောက်ခံ နိုင်ခြေရှိတယ် ဆိုတာကို ဘယ်သူ ပြောသလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းသွားအောင် သတင်းအသစ် ထပ်တင်ထား ပါတယ် ဟု ရိုက်တာ သတင်း ဌာန၏ ပြောရေး ဆိုခွင့်ရှိသူက ပြန်လည် ဖြေကြားခဲ့သည်။

အသစ်တင် ထားသော သတင်းတွင် အချက်အလက် အချို့ကို ရှေ့နောက် ပြောင်းလဲထားပြီး ဦးဟံသာမြင့် အနေဖြင့် NLD က ထောက်ခံမည့် သမ္မတလောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ဟု ပြောကြားခြင်း မရှိခဲ့ကြောင်းသာ ထည့်သွင်းဖော်ပြ ထားသည်။ သတင်း နှစ်ပုဒ်လုံးတွင်မူ NLD ပါတီ အနေ ဖြင့် အာဏာရ ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းကို ထောက်ခံ သွားမည် ဖြစ်ကြောင်း NLD ပါတီမှ အဆင့်မြင့် တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်ဟု ဖော်ပြထားသည်။

အဆိုပါ သတင်းကို ရေးသားသူသည် ဦးဉာဏ်ဝင်းနှင့် ဦးဟံသာမြင့် တို့ကို အင်တာဗျူးရန် အတွက် သီးခြားစီ နေ့လယ်စာ ဖိတ်ကျွေးကာ မေးမြန်းခဲ့ခြင်း ဖြစ်ပြီး ဦးဟံသာမြင့်ကို မေးမြန်းရာတွင် အင်္ဂလိပ်လို ပြောဆိုခြင်း ဖြစ်ကာ ဦးဉာဏ်ဝင်းကို မေးမြန်းရာတွင် အချို့ အပိုင်းများကို ဘာသာပြန် များက ဘာသာပြန် ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ထိုကဲ့သို့ မေးမြန်းရာတွင် မှတ်စုရေးခြင်း၊ အသံဖမ်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင် သတင်းထောက်များက မေးမြန်းခဲ့ရာတွင် ကာယကံရှင်များ ကိုသာ မေးမြန်း ကြရန် ဖြေကြားခဲ့ကြောင်း သိရသည်။


Messenger News Journal

0 comments:

Post a Comment