သျှောင်ပေစူးကလေးများကိုတွေ့ရစဉ် (ဓာတ်ပုံ - မောင်တာ)
ရွာဦးကျောင်းဆရာတော်နောက်တွင် နီစွေးစွေးယွန်းဗျပ်ကြီးများကို ထမ်းပိုးသူကထမ်းပိုး၊ သပိတ်လွယ်သူကလွယ် ဆွမ်းချိုင့်သယ်သူကသယ်နှင့် ဘုန်းကြီးကျောင်းသားလေးများ ကပ်လျက်လိုက်ပါလာကြသည်။
ဝါကျင့်ကျင့်သင်္ကန်းကို ဝတ်ရုံထားသည့် ဘုန်းတော်ကြီး၏နောက်မှ လိုက်ပါလာသည့် ကျောင်းသားလေးများ၏ ပုံသဏ္ဌာန်က မြင်ရသူများကို အလွန်အံ့အားသင့်စေပြီး မြင်တွေ့ခွင့်ရခဲသည့် ကျေးလက်မြင်ကွင်းဖြစ်သည်။သျှောင်ပေစူး၊ ဆံရစ်ဝိုင်းလေးများဖြင့် ကလေးငယ်တစ်သိုက်က ယွန်းဗျပ်ကြီးများလွယ်ကာ ရွာထဲဆွမ်းခံထွက်လာသည့် မြင်ကွင်းမှာ ရှေးမြန်မာမင်းများလက်ထက် ရာဇဝင်ထဲပြန်ရောက်သွားသလား အောက်မေ့ရလောက်အောင် မြန်မာသရုပ်ကို ပီပြင်စွာဖော်ကျူးနေသည်။
ထိုမြင်ကွင်းကို ရှေးဟောင်းမြို့တော်ပုဂံနှင့် မိုင်နှစ်ဆယ်ကျော်ကွာဝေးသည့် စက်စက်ယိုဟု အမည်တွင်သောရွာတွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းက မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ အိမ်ခြေနှစ်ရာခန့်သာရှိသော ကျေးရွာငယ်လေးမှ ကလေးငယ်အချို့သည် မြန်မာ့ရိုးရာဓလေ့တစ်ခုကို ထိန်းသိမ်းထားကြသည်။ စက်စက်ယိုကျေးရွာတွင် ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများဖြင့် ကလေးငယ်ဆယ့်ငါးဦးခန့် ရှိနေသေးသည်။
ညောင်ဦးမြို့နယ်အတွင်း တည်ရှိသော စက်စက်ယိုကျေးရွာသည် ညောင်ဦးမြို့နှင့် ပုပ္ပားတောင်ကြားတွင် တည်ရှိသည်။ စက်စက်ယိုကျေးရွာသို့ ညောင်ဦးမြို့မှ ပုပ္ပားတောင်သို့သွားသည့် ဗျတ္တပန်းဆက်လမ်းအတိုင်း သွားနိုင်သည်။ ဗျတ္တပန်းဆက်လမ်းပေါ်ရှိ ဂျမ်းလှီးရွာသို့ရောက်လျှင် မြေသားလမ်းခွဲလေးအတိုင်း အတွင်းဘက်သို့ ချိုးဝင်ရမည်ဖြစ်ပြီး သုံးမိုင်ခန့်ဝင်ပြီးမှ စက်စက်ယိုကျေးရွာသို့ ရောက်နိုင်သည်။
မိရိုးဖလာတောင်သူလုပ်ငန်းနှင့် ထန်းတက်လုပ်ငန်းများ လုပ်ကိုင်ကြသော စက်စက်ယိုရွာသည် လမ်းပန်းဆက်သွယ်ရေးအရ ချောင်ကျသည်။ ရွာတွင် မူလတန်းကျောင်းသာရှိပြီး အလယ်တန်းနှင့် အထက်တန်းပညာများ ဆက်လက်သင်ယူနိုင်ရန်အတွက် ရွာမှ ကျောင်းသား၊ ကျောင်းသူလေးများသည် အနီးနားရှိ အခြားရွာစာသင်ကျောင်းများသို့ နေ့စဉ်ခြေလျင်သွားရောက် ကျောင်းတက်နေရသည်။
မြန်မာ့ရိုးရာ ဆင်ယင်ထုံးဖွဲ့မှုဓလေ့တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများကိုတော့ စက်စက်ယိုရွာဦးကျောင်းဆရာတော် ဦးနာရဒ၏ ထိန်းသိမ်းကြပ်မတ်မှုနှင့်အတူ ရွာမှကလေးငယ်အချို့ ယနေ့တိုင် အမြတ်တနိုးထုံးဖွဲ့နေကြဆဲဖြစ်သည်။
‘‘ရှေးကတည်းက ဘုန်းကြီးကျောင်းသားတွေ ဘယ်လိုနေလဲဆိုတာ သိချင်ရင် မြန်မာပီပီသသ ကလေးငယ်တွေကိုကြည့်ချင်ရင် ဒီလိုပဲကိုးဆိုတာကို သိကြရအောင်လို့။ ရှေးအစဉ်အလာကို ပပျောက်သွားမှာကြောက်လို့ ရွာက ကလေးတွေစည်းရုံးပြီး ဆံရစ်ဝိုင်းလေးတွေ၊ သျှောင်ပေစူးလေးတွေ ထားခိုင်းတာ။ ရှေးတုန်းက ဘုန်းကြီးကျောင်းသားလေးတွေ ဒီလိုပဲဆိုတာကို သိကြရအောင်လို့ နောင်လာနောက်သားတွေကိုပြချင်လို့ ကြိုးစားပြီးတော့ကို စည်းရုံးထားတာ’’ဟု စက်စက်ယိုရွာ ရွာဦးကျောင်းဆရာတော် ဦးနာရဒက ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများ ပပျောက်မသွားစေရန် ကလေးငယ်များနှင့် ကလေးမိဘများအား စည်းရုံးထိန်းသိမ်းထားသည့်အကြောင်းကို ပြောသည်။
‘‘ရှေးတုန်းကတော့ ဘုန်းကြီးကျောင်းသားတွေက ဒီပုံစံအတိုင်းပဲ။ ဆံရစ်ဝိုင်းလေးတွေ၊ သျှောင်ပေစူးလေးတွေနဲ့၊ သပိတ်နဲ့၊ ယွန်းဗျပ်တောင်းနဲ့ ရွာထဲဆွမ်းခံလိုက်ရတာ။ ဘုရားပွဲ၊ ကျောင်းပွဲလည်း အဲဒီယွန်းဗျပ်တောင်းတွေနဲ့ပဲ’’ဟု လိမ္မော်ရောင်ယွန်းရည်သုတ် နှီးတောင်းကြီးကိုညွှန်ပြရင်း ဆရာတော်က မိန့်ကြားသည်။
‘‘ဆံရစ်ဝိုင်းဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ရှေးက မြန်မာလုံမငယ်တို့ ဆင်ယင်ထုံးဖွဲ့လေ့ရှိခဲ့ကြသော ဆံပင်ပုံစံတစ်ခုကို ခေါ်ခြင်းဖြစ်သည်။ နဖူးဆံစမှ ဦးခေါင်းပတ်ပတ်လည် စက်ဝိုင်းသဏ္ဌာန်ရစ်ထားသော ဆံပင်များကို အောက်သို့အတန်းလိုက်ချတာကချ၊ အပေါ်သို့ စုထုံးဖို့ လှန်တင်တာကတင်ထားရသည်။ ကြားတွင် ဆံပင်ပန်းကုံးကြောင်းကလေး ပေါ်နေတတ်သည်။ ပန်းကုံးညီမှလှသည်။ ဆံရစ်ဝိုင်းပုံစံမှာ အရိုးရှင်းဆုံးနှင့် အကြော့ရှင်းဆုံးဖြစ်ပြီး ကလေးဆန်ခြင်းကို ပြသသည့် သဘောလည်းဖြစ်သည်။ အသက်လေးငါးနှစ်သမီးအရွယ် ဆံပင်စထားသည်ဆိုကတည်းက ဆံရစ်ဝိုင်းပုံကို ထားတတ်ကြသည်မှာ ရှေးမြန်မာတို့ဓလေ့ပဲဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ရောက်လျှင်တော့ ဆံပင်ကိုအုပ်လုံးသိမ်းပြီး ဆံထုံး၊ ဆံတောက် စသဖြင့် အလှအပအဆင်တန်ဆာတွေ စိတ်ကြိုက်ပြုပြင်ကြတော့သည်’’ဟု မြန်မာ့ကျေးလက်သရုပ်ဖော်ဝတ္ထုများ ရေးသားနေသည့် စာရေးဆရာမခင်ခင်ထူးက ၂၀၀၃ ခုနှစ်အတွင်းက ထုတ်ဝေသော ဆံရစ်ဝိုင်းအမည်ရှိ ဝတ္ထုတိုစာအုပ်တစ်အုပ်တွင် ရေးသားထားသည်။
ကလေးငယ်များ အသက်ငါးနှစ်အရွယ် ဘုန်းကြီးကျောင်း (သို့မဟုတ်) စာသင်ကျောင်းသို့ စထားသည့်အချိန်မှစတင်ကာ ဆံရစ်ဝိုင်းချန်လေ့ရှိသည်။ ယောက်ျားလေးများတွင် သျှောင်ပေစူးဟုခေါ်ပြီး မိန်းကလေးငယ်များတွင် ဆံရစ်ဝိုင်းဟုခေါ်ကြောင်း ဆရာတော်ဦးနာရဒက မိန့်ကြားသည်။
‘‘ဆံရစ်ဝိုင်းက ကိုရင်ဝတ်ပြီးရင်ပြီးသွားရော။ ငါးနှစ်လောက်ကတည်းက ကျောင်းအပ်ပြီး ဆံရစ်ဝိုင်းစချန်ရတယ်။ မိဘရော၊ သားသမီးရောက ချန်ချင်၊ ထားချင်မှရတာ။ ယောက်ျားလေးကျတော့ ရှင်ပြု၊ ကိုရင်ဝတ်ရင် ဆံပင်က ဖြတ်ရတယ်။ မိန်းကလေးကတော့ ဆယ့်လေးငါးနှစ်အထိ ဆံရစ်ဝိုင်းထားကြတယ်။ နောက်ပိုင်းတော့ ဆံပင်ရှည်ထားချင်ထား၊ ဖြတ်ချင်ဖြတ်ပေါ့။ အခုဒီမှာတော့ ဆယ့်လေးငါးနှစ်အထိ ဆံရစ်ဝိုင်းထားသူမရှိတော့ဘူး’’
ယနေ့ခေတ်တွင်တော့ ဆံရစ်ဝိုင်းထားသူ သျှောင်ပေစူးထားသူ ကလေးငယ်အရေအတွက်မှာ လက်ချိုးရေလို့ရအောင်ပင် တွေ့ ရ၊ မြင်ရခဲနေလေပြီ။ မြန်မာ့ရိုးရာဆင်ယင်ထုံးဖွဲ့မှုတစ်ခုကို ဆက်လက်ထိန်းသိမ်းထားသည့် စက်စက်ယိုကျေးရွာနှင့်အတူ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းမှ ဆံရစ်ဝိုင်းဟူသော ကျေးရွာတွင်သာ ဆံရစ်ဝိုင်းထုံးဖွဲ့သည့် ဓလေ့ကျန်ရှိတော့ကြောင်း စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်း ဆံရစ်ဝိုင်းထားသည့် ကလေးငယ်မှာ အရေအတွက်အားဖြင့် အယောက်တစ်ရာပင် မပြည့်ချင်တော့။
ဆံရစ်ဝိုင်း၊ သျှောင်ပေစူးထားသည့် ဓလေ့သည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ရှိခဲ့သော ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများမှတစ်ဆင့် အသက်အရွယ်လိုက် ဆံထုံး၊ သျှောင်ထုံးများ ဖြစ်လာကြသည်။ ‘‘ယောက်ျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံး’’ဟူသော ဆိုရိုးစကားနှင့်အညီ ရှေးမြန်မာတို့သည် ဆံပင်ကို အမြတ်တနိုးတန်ဖိုးထားထုံးဖွဲ့ကြသည်။ မြန်မာ့ရိုးရာဆင်ယင်ထုံးဖွဲ့မှုဆိုင်ရာ ရေးသားထားသည့် စာအုပ်စာတမ်းများအရ အသက်အရွယ်အလိုက် ဆံပင်ထုံးဖွဲ့မှုများ ကွဲပြားသည်။ မြန်မာ့ရိုးရာဓလေ့အရ ကလေးမွေးဖွားပြီး ခုနစ်ရက်အရွယ်မှစတင်ကာ ခေါင်းဆေးမင်္ဂလာပြုလုပ်ပြီး ခေါင်းတုံးတုံးကာ ဆံပင်ထုံးဖွဲ့မှုနှင့် သက်ဆိုင်ခြင်းများကို စတင်မိတ်ဆက်ထုံးဖွဲ့ကြတော့သည်။
အသက်လေးနှစ်ခန့်အရွယ်မှစတင်ကာ ယောက်ျားလေးများနှင့် မိန်းကလေးများတွင် ကြက်တောင်စည်း၊ ဆံရစ်ဝိုင်းကလေးများ ထားကြသည်။ ထို့နောက် အသက် (၁၅၊ ၁၆)နှစ်အရွယ်တွင် မိန်းကလေးများက ဆံရစ်ဝိုင်းမှ ဆံတောက်အဖြစ်ထားကြပြီး ယောက်ျားလေးများက သျှောင်ထုံးများဖြစ်လာကြသည်။ မိန်းကလေးများ အသက်(၁၈)နှစ်အရွယ်ခန့်တွင် ဆံတောက်မှ ဆံပင်ကို ဆက်လက်အရှည်ခံကာ အုပ်လုံးသွင်းပြီး ဆံရစ်ဝိုင်း၊ ဆံတောက်၊ အုပ်လုံးသိမ်း၊ တစ်ပတ်လျှိုဆံထုံး၊ နှစ်ပတ်လျှိုဆံထုံး စသဖြင့် မြန်မာမျိုးသမီးများက ဆံပင်ကို အဆင့်ဆင့်ထုံးဖွဲ့ကြသည်ဟု ဆိုသည်။
‘‘အစောတို့လေ၊ ရတနာတွေ၊ ရွှေမိုးဃ်းစွေ၍ သပြေမည်ခံ ပြည်ပုဂံဝယ်၊ နိုင်ငံကျယ်ပြော၊ ရှေးမင်းစောတို့၊ မုနောဇမ္ဗူ၊ ခံတော်မူက (၁)မြိတ်ဖြူ၊ (၂)မြိတ်စို့၊ (၃)သွယ်ညို့မြိတ်လွတ်၊ (၄)ရစ်ပတ်စုလည်း၊ (၅)ရော့ရည်းဖွဲ့၊ (၆)တုမဲ့ရွှေရောင်တိမ်တောင်တက်သတ်’’အစရှိသဖြင့် ဖွဲ့ဆိုခဲ့သည့် အမျိုးသမီးစာဆိုရဝေရှင်ထွေး၏ အန်ချင်းအရ ပုဂံခေတ်တွင် ဆံထုံးထုံးနည်း ၅၅ မျိုးရှိသည်ဟု ဆိုသည်။ သို့သော် ကုန်းဘောင်ခေတ်သို့ရောက်သောအခါတွင်မူ ဆံထုံးထုံးနည်းမှာ ခုနစ်မျိုးသာ ကျန်တော့သည်ဟု ဆိုပါသည်။
ယနေ့အချိန်တွင်မူ ဆံထုံးထုံးသည့်ဓလေ့သည် အလှူပွဲ၊ မင်္ဂလာပွဲများတို့တွင်သာ တွေ့ရပြီး မြန်မာ့ရိုးရာဆင်ယင်ထုံးဖွဲ့သည့် အလေ့အထများ တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။ မြန်မာနိုင်ငံအား အင်္ဂလိပ်တို့သိမ်းပိုက်ပြီးချိန်မှစ၍ ဆံထုံးထုံးသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်လာသည်ဟု ဆိုပါသည်။ ဆံရစ်ဝိုင်း၊ သျှောင်ပေစူးထားသည့်ဓလေ့သည် ထိုအချိန်မှစတင်ကာ မှေးမှိန်ပျောက်ကွယ်လာပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်တွင် ကလေးငယ်အများစုက ဆံရစ်ဝိုင်းအစား ဂျပန်ဆံတောက်များဖြင့် ဖြစ်လာကြသည်ဟု ဆိုသည်။
မြို့ပေါ်တွင်နေထိုင်သည့် ကလေးငယ်များကြားတွင် ဆံရစ်ဝိုင်းထားသည့်ဓလေ့မှာ လွန်ခဲ့သည့်နှစ်များစွာကတည်းက ပျောက်ကွယ်ခဲ့ပြီဖြစ်သော်လည်း ကျေးရွာဒေသများတွင်မူ လွန်ခဲ့သည့် ဆယ်စုနှစ်များအထိ ဆံရစ်ဝိုင်းထားသည့်ဓလေ့ ရှင်သန်တည်ရှိနေဆဲဖြစ်ပါသည်။ ပုဂံဒေသရှိ မင်းနန်သူ၊ ဖွားစော စသည့်ကျေးရွာများတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်အချိန်ကအထိ ဆံရစ်ဝိုင်းထားသည့် ဓလေ့ထွန်းကားခဲ့သေးသည်ဟု ပုဂံဒေသခံများကပြောသည်။
‘‘အခုပုဂံမှာလည်း ဆံရစ်ဝိုင်းလေးတွေ မရှိတော့ဘူး။ ပျောက်ကွယ်သွားပြီ။ ဖွားစောဘက်မှာ ဆံရစ်ဝိုင်းထားတဲ့ ကလေးတစ်ယောက်နှစ်ယောက်လောက် ရှိတယ်ကြားတယ်။ မြန်မာ့ရိုးရာဓလေ့ လာလေ့လာတဲ့ နိုင်ငံခြားသားတွေကတော့ အဲဒီကလေးလေးတွေကို မုန့်ဖိုးပေးပြီး ဓာတ်ပုံရိုက်ကြတယ်တဲ့’’ဟု ပုဂံဒေသတွင် ဆံရစ်ဝိုင်းထားသည့်ဓလေ့ ပျောက်ကွယ်သွားသည့်အကြောင်း ပုဂံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
ယခင်က ရွာလုံးကျွတ် ဆံရစ်ဝိုင်းထားခဲ့သော စက်စက်ယိုကျေးရွာတွင်လည်း ယခုအခါတွင် ဆံရစ်ဝိုင်းထားသည့်ကလေးငယ် အနည်းငယ်သာကျန်ရှိတော့ပြီး အများစုမှာ ဆံပင်တိုများဖြင့် ဖြစ်နေပြီဖြစ်သည်။ ‘‘လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကဆိုရင် တစ်ယောက်မှ ဆံတိုမရှိဘူး။ အားလုံးက သျှောင်ပေစူးတွေ၊ ဆံရစ်ဝိုင်းတွေနဲ့’’ဟု ဆရာတော်ဦးနာရဒက ယခင်အခြေအနေကို တမ်းတမ်းတတ ပြန်ပြောပြသည်။
ခေတ်ကာလပြောင်းလဲလာသလို အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများ လွှမ်းမိုးလာခြင်းက ဆံရစ်ဝိုင်းထားသည့်ဓလေ့ကို ပျောက်ကွယ်သွားစေသည်ဟု ဆရာတော်ကဆိုသည်။ ထို့အပြင် ဆံရစ်ဝိုင်းထားရာတွင် ဆံပင်နှင့် ဦးခေါင်းကို အထူးအချိန်ပေးဂရုစိုက်ရခြင်း၊ ခေါင်းလျှော်၊ ခေါင်းဖြီးကဲ့သို့ ကရိကထများခြင်းတို့ကြောင့်လည်း ဆံရစ်ဝိုင်းထားလိုသူ မရှိသလောက်ဖြစ်စေသည်ဟု ဆိုသည်။
‘‘တီဗီတွေထဲက မပေါ့်တပေါ်တွေ၊ မလုံ့တလုံတွေ ဝတ်ကြစားကြတယ်။ သျှောင်ထုံးရယ်လို့၊ ဆံရစ်ဝိုင်းလို့မရှိတော့ ဒီက ကလေးတွေကလည်း လိုက်အတုယူချင်ကြတယ်။ ဟိုဇာတ်ကားကြည့်လိုက်၊ ဒီဇာတ်ကားကြည့်လိုက်နဲ့ ဆံရစ်ဝိုင်းရယ်၊ ယောင်ထုံးရယ်က မရှိတော့ ဒီက ကလေးတွေကိုလည်း ဆံရစ်ဝိုင်းထားဖို့ စည်းရုံးရခက်နေတယ်’’ဟု ဦးနာရဒက မိန့်ကြားသည်။
ဆရာတော်ဦးနာရဒက သူ၏ကျောင်းမှ ဆံရစ်ဝိုင်းထားသော ကျောင်းသား၊ ကျောင်းသူလေးများအတွက် ခေါင်းလျှော်ရည်၊ အုန်းဆီ၊ ခေါင်းဘီး၊ မှန် စသည်များကို လိုလေသေးမရှိ ဝယ်ပေးထားသည်ဟု ဆိုသည်။ သို့သော် ဆံရစ်ဝိုင်းမထားသည့် ကျောင်းသားအား ကျောင်းတွင် ခေါင်းဖြီးခွင့်ပင်မပြုဟု ဆရာတော်ကဆိုသည်။
‘‘ဆံရစ်ဝိုင်းချန်ဖို့ကို ကျောင်းသားတွေတင်မကဘူး မိဘကိုလည်း နားလည်သဘောပေါက်အောင်၊ စိတ်ပါဝင်စားလာအောင် ပြောရတယ်။ အုန်းဆီပုလင်းတွေ၊ ဘီးတွေ၊ မှန်တွေ ဝယ်ထားရတယ်။ ဘလိတ်ဓား၊ အုန်းဆီ၊ ခေါင်းလျှော်ရည်ဝယ်ပေးရတယ်။ အရင်ကတော့ သင်တုန်းဓားပေါ့။ သင်တုန်းဓားကတော့ ပျောက်ကွယ်သွားပြီ။ အခု ဘလိတ်ဓားဝယ်ထားရတယ်။ ကိုယ်မွေးထားတဲ့ သားသမီးမဟုတ်ပေမယ့် ဒီသျှောင်ထုံးလေးတွေ ကွယ်သွားမှာစိုးလို့ ဂရုစိုက်ထားရတယ်’’ဟု ဆရာတော်ကမိန့်ကြားသည်။
ယခင်က ဆံရစ်ဝိုင်းဖြင့် လိုက်ဖက်သော ကလေးငယ်တို့၏အလှသည် စာဆိုပညာရှင်တို့အတွက် တခမ်းတနား ဖွဲ့နွဲ့စရာဖြစ်ခဲ့သည်။ ဆရာမခင်ခင်ထူးက မအိမ်ကံဝတ္ထုတွင် ဆံရစ်ဝိုင်းလေးဖြင့် လှပနေသော အသက်(၁၃)နှစ်အရွယ် မအိမ်ကံ၏ အလှအပကို တခမ်းတနားဖွဲ့ဆိုထားသည်။ ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများဖြင့် ကလေးငယ်ဘဝကို ပြန်လည်တမ်းတသည့် စာပေအဖွဲ့အနွဲ့များ၊ သီချင်းများလည်း မြန်မာ့လူ့အဖွဲ့အစည်းတွင် အများအပြားပေါ်ထွက်ခဲ့သည်။
‘‘တို့ငယ်ငယ်တုန်းအရွယ် သျှောင်ပေစူးကလေးတွေနဲ့ကွယ် ပုဆိုးကိုစလွယ်သိုင်း ရွာဝိုင်းပတ်လည်။ ပြေးလွှားပျော်ပါးတယ် သူငယ်ချင်းအပေါင်းအဖော်များနဲ့ ကောက်ရိုးပုံတွေကြား တူပုန်းကစားကြတယ်’’ ကွယ်လွန်ခဲ့ပြီဖြစ်သည့် တေးသံရှင် အကော်ဒီယံအုန်းကျော်၏ သျှောင်ပေစူးသီချင်းမှာလည်း သူတို့ငယ်စဉ်ဘဝ ဆံရစ်ဝိုင်း၊ သျှောင်ပေစူးလေးများဖြင့် ဆော့ကစားခဲ့သည့်အကြောင်းကို ပြန်လည်တမ်းတသီဆိုထားခြင်းဖြစ်ပြီး ယနေ့တိုင် လူကြိုက်များနေဆဲသီချင်းတစ်ပုဒ်အဖြစ် ရှိနေသည်။
သို့သော် မကြာမီနှစ်အနည်းငယ်အတွင်း မြန်မာ့ရိုးရာဓလေ့တစ်ခုသည် ကွယ်ပျောက်သွားတော့မည်ဖြစ်သည်။
ဆံရစ်ဝိုင်း၊ သျှောင်ထုံးအပါအဝင် မိန်းကလေးများပန်းပန်သည့်ဓလေ့မှစ၍ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုဓလေ့များ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေခြင်းသည် တိုင်းပြည်၏နိမ့်ကျသည့် အခြေအနေများနှင့် များစွာသက်ဆိုင်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်မတ်လအတွင်းက ပြင်ဦးလွင်မြို့တွင်းနှင့် အထက်မြန်မာပြည်မှ စာရေးဆရာများ တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များ၊ ဆင်ယင်ထုံးဖွဲ့မှုဓလေ့များ ကွယ်ပျောက်လာနေသည့်အကြောင်း မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသွားခြင်းဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး မြန်မာနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူရသည့်အခြေအနေရောက်မှ နိုင်ငံ၏ယဉ်ကျေးမှုကို ပိုမိုခိုင်မာအောင် ထိန်းသိမ်းနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နှင့် ကိုရီးယားနိုင်ငံများကို ဥပမာပေးကာ ပြောကြားသည်။
‘‘ကျွန်မပြောချင်တာက ဒီလိုပါ။ တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုကို သူတို့နိုင်ငံကိုသာမကဘူး ပြင်ပနိုင်ငံတွေကိုပါ နည်းနည်းလွှမ်းမိုးလာတဲ့သဘောရှိတယ်။ ဘာဖြစ်လို့လဲ။ ဒီနိုင်ငံက တိုးတက်တဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာတယ်။ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ဂုဏ်ယူဝံ့ကြွားလာနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ အဲဒီတော့ ကျွန်မတို့ရဲ့လူငယ်တွေ ကျွန်မတို့ယဉ်ကျေးမှုကို ထိန်းသိမ်းစေချင်ရင် ကျွန်မတို့နိုင်ငံကို တိုးတက်အောင် လုပ်ရမယ်။ ကျွန်မတို့နိုင်ငံဟာ လူငယ်များ ဂုဏ်ယူနိုင်လောက်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ကျွန်မတို့အားလုံး ဝိုင်းကြိုးစားရမယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
သူငယ်တန်းမှစတင်ကာ ဆံရစ်ဝိုင်းထားခဲ့သည့် စက်စက်ယိုကျေးရွာမှ ငါးတန်းကျောင်းသား မောင်ဇော်မျိုးအောင်က သူ၏သျှောင်ပေစူးအတွက် တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ရသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် အခြားကျောင်းသားများနည်းတူ ဆံပင်တိုထားလိုပြီး ဘုန်းကြီးမှထားခိုင်းသည့်အတွက်သာ သျှောင်ပေစူးထားရခြင်းဖြစ်သည်ဟု ပြောသည်။
ဆရာတော်ဦးနာရဒကတော့ မည်သို့စည်းရုံးသိမ်းသွင်းရသည်ဖြစ်စေ သူ့ကျောင်းတွင် ဆံရစ်ဝိုင်းများကို ယနေ့အထိတိုင် ထိန်းသိမ်းထားနိုင်သည်ကို ဂုဏ်ယူမဆုံးဖြစ်နေသည်။ ပြီးခဲ့သည့် ဆီးဂိမ်းမတိုင်မီကလည်း မြန်မာ့ရိုးရာဓလေ့ ကလေးစရိုက်အတွက် သူ၏ကျောင်းမှ သျှောင်ပေစူးနှင့် ကျောင်းသားလေးများကိုပင် လာရောက်ရုပ်ရှင်ရိုက်ကူးသွားသည်ဟု ဆရာတော်ကမိန့်သည်။
‘‘အခုတော့ ဆံရစ်ဝိုင်းထားတဲ့သူလေးတွေကို ပြောရတယ်။ ဒါက မြန်မာ့ဓလေ့ ဒါကိုဂုဏ်ယူကြဖို့ စည်းရုံးရ၊ ပြောထားရတယ်။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်မယ်မသိဘူး။ ငါ့လက်ထက်တော့ ဒါလေးတွေ မပျောက်ပျက်ရဘူးဆိုတဲ့သဘောနဲ့ ထိန်းသိမ်းနေမှာပဲ’’

7Day Daily
0 comments:
Post a Comment