Monday, September 29, 2014

ငြိမ်းချမ်းပါစေ မြ၀တီမြေ


လက်ရှိအချိန်တွင် ကျွန်မတို့ မြ၀တီမြို့သည် စစ်၏အငွေ့အသက်များနှင့် ရင်မောစရာကောင်းလှပေသည်။ ယခင်က အေးမြသာယာလှသည့် ကျွန်မတို့၏ မြ၀တီနယ်စပ်မြို့လေးသည် ယနေ့မှာတော့ကိုယ်ကျိုးကို သာ ကြည့်သည့် ၀ိသမာလောဘသားများ၏ ရမ်းကားမှုကြောင့် မြို့၏အဆင့်အတန်း ညစ်နွမ်း ခဲ့ရပေ တော့သည်။ ကျွန်မတို့မြို့သူမြို့သားတွေရဲ့ဘ၀ဟာလဲကျီးလန့်စာစာဖြစ်ခဲ့ရပြီး စစ်ဘေးစစ်ဒဏ်၏အရိပ်အငွေ့များယှက်သန်း ခဲ့ရပါတော့တယ်။

ကျွန်မတို့မြ၀တီမြို့လေးသည် နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပြီး ကရင်လူမျိုး၊ မွန်လူမျိုး၊ ဗမာလူမျိုးများ စုပေါင်းကာ ယခင်ကတည်းက စည်းလုံးညီညွတ်စွာနေထိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်လည်း ကရင်လူမျိုး စစ်စစ် တစ်ယောက်ဖြစ်ပါတယ်။ ယခင်က တိုင်းရင်းသားများနှင့် အစိုးရတို့၏ ပဋိပက္ခများကြောင့် မငြိမ်းမချမ်းဖြစ်ခဲ့ ရသော်လည်း ယနေ့ခေတ်တွင်တော့ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတို့သည် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေး လမ်းပေါ်သို့တက်ရောက်လာခဲ့သည့်အတွက် များစွာဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ နယ်စပ်မြို့ တစ်မြို့ဖြစ်သည့် အလျောက် ကုန်စည်စီးဆင်းမှုကောင်းမွန်ကာ စီးပွားရေး ကောင်းမွန်သောမြို့တစ်မြို့လည်း ဖြစ်ပါသည်။

သို့သော် စက်တင်ဘာလအစပိုင်းမှစတင်၍ ကျွန်မတို့မြို့ကလေး မငြိမ်းချမ်းတော့ပါ။ DKBA တပ်များမှ အစပြု ခဲ့သည့် ပြသနာနောက်တွင် ယခုဆိုလျှင် မြို့ကလေးသည် အပျက်အပျက်နှင့် နှာခေါင်းသွေး ထွက်ခဲ့ရချေပြီ ဖြစ်သည်။ စက်တင်ဘာလ ၂၇ ရက်နေ့ကဆိုလျှင် ကျွန်မအတွက် ရင်ဘက်တစ်ခုလုံး ပူလောင်ခဲ့ရပေသည်။ မြို့ထိပ်တွင် DKBA တပ်မှ စစ်တပ်ယာဉ်များအား ချောင်းမြောင်း တိုက်ခိုက်လျက်ရှိ သည်ဟူသည့်သတင်း ကျွန်မကြားခဲ့ရသည်။ စစသိချင်းတွင် အနည်းငယ်ထိတ်လန့်ယုံသာဖြစ်ခဲ့သော်လည်း DKBA တပ်များအနေဖြင့် မြို့ထိပ်စာသင်ကျောင်းအတွင်းမှနေ၍ တိုက်ခိုက်နေသည်ဟူသည့် သတင်းသည် ကျွန်မခေါင်းသို့ မိုးကြိုးပေါင်း များစွာ ပစ်ချလိုက်သလိုဖြစ်ခဲ့ရပေသည်။ ကျွန်မသားလေး အဲဒီနေ့က ထိုကျောင်း ကလေးမှာစာသင်နေခဲ့တယ် လေ။ ကျွန်မအရူးတစ်ပိုင်းဖြင့် ကျောင်းသို့ပြေးခဲ့ရပါတယ်။ ကျောင်းနှင့် မနီးမဝေးရောက်တော့ လူတွေက ကျွန်မကိုဝိုင်းဆွဲကြတယ်။ ကျွန်မလိုမိဘတွေလဲ အဲဒီအနားမှာ များပြားစွာရှိနေခဲ့တယ်။ ဘုရားသခင်ကို အားကိုးရာမှတပါး ကျွန်မတို့ဘာမှ မတတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် စစ်တပ်က ကလေးတွေကိုထိမှာဆိုးလို့ ပြန်မပစ်ဘူးဟူသည့် သတင်းကြားတော့ ကျွန်မအရမ်းကျေးဇူးတင်ခဲ့ရပါတယ်။ ကျွန်မ တို့ပြည်သူ တွေအဖို့ စစ်ဆိုတာကိုလည်းနားမလည်ပါဘူး မည်သူမှားသည် မည်သူမှန်သည်ဖြစ်စေ စစ်ဆိုတာ မကောင်းဘူး ဟုသာ မြင်မိပါတယ်။ သို့သော် DKBA တပ်ဖွဲ့အနေဖြင့် အခုလိုလူမမယ်ကလေးငယ်တွေ စာသင်နေသော ကျောင်းကို အကာကွယ်ယူပြီး စစ်တိုက်တာကိုတော့ ကျွန်မလွန်စွာရွံ့မုန်းမိခဲ့ပါတယ်။ ကျွန်မတို့မိဘတွေရဲ့ နေရာကို ခဏလောက်ဝင်ပြီးခံစားကြည့်စေချင်ခဲ့ပါတယ်။

DKBA တပ်ဖွဲ့များဟာဆိုရင် အလင်းဝင်ရောက်လာချိန်ကတည်းက လုပ်ပိုင်ခွင့်များ ပါမစ်များရယူကာ နယ်စပ် တစ်လျှောက်ဘယ်ပုံဘယ်နည်းဖြင့် စီးပွားရေးလုပ်နေသည်ကို ကျွန်မတို့တစ်မြို့လုံးသိကြပါတယ်။ ဘယ်တုန်း ကမျှမြ၀တီမြို့အပေါ် ကျေးဇူးခံကျေးဇူးစားရှိခဲ့သည့်အဖွဲ့စည်းလည်းမဟုတ်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ သူတို့ တပ်သားတစ်ဦး၏ ဥပဒေပြင်ပလုပ်ရပ်တစ်ခုမှအစပြုကာ ပြည်သူများအပေါ်ငဲ့ညှာခြင်းမရှိဘဲ တိုက်ပွဲများ ဆင်နွှဲနေခြင်းကလည်း ကျွန်မတို့လို မြို့ခံတွေအနေနဲ့ များစွာ စိတ်သောကရောက်ခဲ့ရပါတယ်။ ၄င်းတို့ရဲ့ အတ္တတွေ မာနတွေနှင့် ကိုယ်ကျိုးသာကြည့်ရှုမှုတွေကြောင့် ကျွန်မတို့လိုပြည်သူတွေ ကြားထဲက မြေစာပင်ဘ၀ ဖြစ်ခဲ့ရပါတယ်။

ဒါ့ကြောင့် DKBA စခဲ့တဲ့ စစ်ကို DKBA ကပြန်ရုပ်သိမ်းပေးပါ၊ ကျွန်မတို့ပြည်သူတွေကိုငဲ့ညှာပါ၊ အတ္တမောဟများ ဖျောက်ဖျက်ပေးပါလို့ ကျွန်မအနေနဲ့တောင်းဆိုချင်ပါတယ်။ ကျွန်မတို့မြ၀တီမြို့ကလေးကို အရင်လို ငြိမ်းချမ်း သာယာသည့်မြို့ကလေးအဖြစ် သာကျွန်မတို့ပြည်သူတွေ ပြန်လည်တွေ့မြင်ချင်ကြသည်ဖြစ်ကြောင်း မျှော်လင့် မိပါတော့တယ်။

ပေါ်အဲဒ( မြ၀တီ)
နေစဉ်သတင်း

0 comments:

Post a Comment